>
နယူးဇီလန်မှ မြန်မာဆင်မလေး အထီးကျန်ဘ၀မှ လွတ်တော့မည်
မိုးမခထောက်တော် အမှတ် ၀၀၆
အောက်တိုဘာ ၈၊ ၂၀၁၀

မြန်မာဆင်မက ပန်းချီလည်း ဆွဲတတ်သည် (photos: Auckland Zoo)
အောက်တိုဘာ ၈၊ ၂၀၁၀


မြန်မာဆင်မက ပန်းချီလည်း ဆွဲတတ်သည် (photos: Auckland Zoo)
နယူးဇီလန် နိုင်ငံ Auckland မြို့ တိရိစ္ဆာန်ဥယျာဉ်တွင် အထီးကျန်နေသော မြန်မာပြည်ဖွား ဆင်မအတွက် သတင်းကောင်းများ ရှိနေသည်။
အာရှဆင် ၁၀ ကောင်ကို တိရိစ္ဆာန်ဥယျာဉ်သို့ ခေါ်ယူရန် မြို့တော်ကောင်စီက နယူးဇီလန် ဒေါ်လာ ၁၃ သန်း ထုတ်ပေးရန် ခွင့်ပြုလိုက်ပြီဟု Auckland မှ ယနေ့ ထွက်လာသော သတင်းများက ဆိုသည်။
Burma ဟု အမည်ရသော မြန်မာဆင်မလေးအတွက် မိတ်ဆွေများ ဖြစ်လာမည့် အာရှဆင်တို့ရရေးအတွက် တိရိစ္ဆာန်ဥယျာဉ် တာဝန်ရှိသူများက သီရိလင်္ကာရှိ မိဘမဲ့ ဆင်ဂေဟာတခုနှင့် ညှိနေသည်ဟု ဆိုသည်။
ထိုဆင်များအတွက် လေ့ကျင့်ရေး ဧရိယာ၊ ဆင်ထီး ဆင်မ သီးသန့် ဂေဟာများ၊ အများပြည်သူ ကြည့်ရှုရန် နေရာ၊ ဆင်တို့အတွက် သစ်တော စသည်တို့ကို တိရိစ္ဆာန်ဥယျာဉ်တွင် စီစဉ်နေသည်။
Auckland မြို့၏ အထင်ကရ ဖြစ်သည့် ထိုင်းဆင်မ Kashin သည် ယမန်နှစ်က အသက် ၄၁ နှစ် အရွယ်တွင် ရောဂါဖြင့် သေဆုံးသွားသည်။
ထိုင်းဆင်မ မရှိသည့်နောက် မြန်မာဆင်မ ဆင်အဖော် မဲ့သွားသည်။
မြန်မာဆင်မသည် အသက် ၈ နှစ်သမီး အရွယ် ၁၉၉၀ တွင် Auckland သို့ ရောက်ရှိခဲ့သည်။
ဆင်တို့၏ မျှမ်းမျှ သက်တမ်းမှာ တောထဲတွင် အနှစ် ၆၀ ရှိသည်။ တိရိစ္ဆာန်ဥယျာဉ်တွင်မူ အသက် ပိုရှည်ကြပြီး သက်တမ်း ၈၀ အထိ နေနိုင်သည်။
ဆင် ၁၀ ကောင် ထပ်ရောက်လာမည့် နယူးဇီလန်၏ အကြီးဆုံး မြို့ Auckland ရှိ တိရိစ္ဆာန်ဥယျာဉ် ၀င်ကြေးမှာ အသက် ၁၅ နှစ် နှင့် အထက် နယူးဇီလန်ဒေါ်လာ ၂၀ (US$ ၁၅ ၀န်းကျင်) ဖြစ်သည်။ ၁၅ နှစ်အောက် ဆိုပါက ၀င်ကြေး ထက်ဝက် သက်သာသည်။



ဆင်မ လက်စွမ်း (နှာမောင်းစွမ်း) ပြချက် ပန်းချီကားကို ဘောင်သွင်းပြီး ရောင်းချခြင်းဖြင့် ရန်ပုံငွေ ရှာသည်။
သူ့အိမ်က ရေချိုးခန်းမှာ ဇိမ်ယူနေတဲ့ မြန်မာဆင်မ၊ တခါတလေ တခြားကောင်တွေဆီ လည်လည်သွားတယ်
ဆင်ထိန်းနဲ့ ဟိုလည် ဒီလည်၊ ဆင်ထိန်းများနဲ့ Burma အမှတ်တရ ဓာတ်ပုံရိုက်ခံနေပုံ
ရွှံ့အိုင်က လူးလို့ ကောင်းတယ်၊ ပြီးမှ ရေကူးမယ်