>
ဝစ္စကွန်စင်၊ ပညာရာမကျောင်းတိုက် ရွှေဝါရောင် ၃ နှစ်ပြည့် ကို သံဃာ့ကျေးဇူးတော်နေ့အဖြစ် သတ်မှတ် အခမ်းအနား ကျင်းပ
မိုးမခဓာတ်ပုံသတင်း
အောက်တိုဘာ ၂၊ ၂၀၁၀
လွန်ခဲ့သည်အပတ်၊ စက်တင်ဘာ ၂၅၊ စနေနေ့က အမေရိကန်ပြည်၊ ၀စ္စကွန်စင်ပြည်နယ်၊ မီဝါကီမြို့၊ ပညာရာမကျောင်းတိုက်မှာ မြန်မာပြည်၏ ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဆရာ၊ ဒကာများ စုဝေးပြီး ကျင်းပခဲ့ကြသည်။ ထို ၃ နှစ်ပြည့် ရွှေဝါရောင်နေ့ကို သံဃာ့ကျေးဇူးတော်နေ့အဖြစ် သတ်မှတ်ပြီး တိုင်းရင်းသား၊ လူမျိုးစုံတို့ဖြင့် စုဝေး ကျင်းပခဲ့ခြင်း ဖြစ်သည်။
မြန်မာပြည်၏ အမျိုးသားရေးလှုပ်ရှားမှုများတွင် ရဟန်းသံဃာတော်များ၏ ပါဝင်ဆောင်ရွက်ချက်များ၊ စွန့်လွှတ်အနစ်နာခံမှုများကို မြန်မာဘာသာ၊ ကရင်ဘာသာများဖြင့် ဟောပြောဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ ကျောင်းထိုင်ဆရာတော် ဦးဇာဂရက မေတ္တာပို့၊ အမျှအတမ်းဝေပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ၃ ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။
၂၀၀၇ စက်တင်ဘာ လတွင် ပြည်သူအများ အထွေထွေ အကြပ်အတည်းကြောင့် ဆင်းရဲဒုက္ခရောက်နေသည်ကို မကြည့်ရက်သော မြန်မာရဟန်းသံဃာတော်များက ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ စသည့် မြို့ကြီးများတွင် လမ်းပေါ်သို့ စီတန်ကြွချီပြီး မေတ္တာသုတ်ရွတ်ပြီး စစ်အစိုးရကို ငြိမ်းချမ်းစွာ အဖြေရှာရန် တောင်းပန်ခဲ့ကြသည်။ စစ်အစိုးရက စက်တင်ဘာ ၁၈ ရက်နောက်ပိုင်းမှ စတင်ပြီး လက်နက်ဖြင့် အကြမ်းဖက် ပြီး သံဃာတော်များကို ဖမ်းသီးသတ်ဖြတ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများကို သိမ်းပိုက် ဖျက်ဆီးခြင်း များ ကျုးလွန်ခဲ့ကြသည်။ လူနှင့် သံဃာပေါင်း ရာချီပြီး သေဆုံးကြောင်း၊အမြောက်အများ ဖမ်းဆီး ချုပ်နှောင် နှိပ်စက်ခံရကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက စွပ်စွဲ ရှုတ်ချခဲ့ကြသည်။ ယခု ၂၀၁၀ စက်တင်ဘာသည် သံဃာသပိတ်အရေးအခင်း ၃ နှစ်ပြည့် ဖြစ်သည်။ စစ်အစိုးရနှင့် အပေါင်းအပါများကို ပြည်တွင်းပြည်ပရှိ သံဃာတော်များက သပိတ်မှောက်ကံဆောင်ထားဆဲ ဖြစ်သည်။
လွန်ခဲ့သည် စက်တင်ဘာ ၂၉ သတင်းများအရ -ရခိုင်ပြည်နယ်ရှိ သာသနာပြု၊ လူမှုရေးစွမ်းဆောင်သူ ဆရာတော်တပါးဖြစ်သူ ဦးပညာစာရကို စစ်အာဏာပိုင်များက ဖမ်းဆီးပြီး ထောင်ဒဏ် ၈ နှစ် နှင့် ဒဏ်ငွေများ ချမှတ်ခဲ့သည်။ ဒေသခံများနှင့် ပြည်တွင်း ပြည်ပ သံဃာအများက ဆရာတော်အား စစ်အစိုးရက မတရား ဖမ်းဆီးသည်၊ တရားမျှတစွာ အမှုကို ကြားနာစစ်ဆေးခြင်း မရှိဟု သဘောထားကြောင်း သိရှိရသည်။