>Maung Lu Yay – Blessing in Burma 6

>

မင်္ဂလာနှင့် နိုင်ငံရေး – ၆
မောင်လူရေး
အောက်တိုဘာ ၁၊ ၂၀၁၀
သုဘာသိတဝါစာ = စကားကောင်း ပြောခြင်းမင်္ဂလာ ။
စကားကောင်းဟူသည် မှန်ကန်ခြင်းနှင့် တခြားသူတွေ၏ အကျိုးစီးပွားကိုဆောင်နိုင်ခြင်းကို ဆိုသည် ။
အထူးသဖြင့် ခေါင်းဆောင်သည် ဒီမင်္ဂလာရှိဖို့ အရေးကြီးသည် ။ ကျွန်ုပ်တို့၏ခေါင်းဆောင်မှာ “နိုင်ငံတော်” ဖြစ်ဘိတော့သည်လတည်း ။
What is နိုင်ငံတော်? နိုင်ငံတော်ဟူသည် အဘယ်နည်းဟူမူ ကျမ်းကြီး၏အခန်း(၁) ၄၇ ၌  “ဤအခန်းပါ အခြေ ခံမူများနှင့် အခန်း(၈)၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ အခန်းတွင်ပါရှိသော “နိုင်ငံတော်” ဆိုသည်မှာ ရှေ့နောက် စကားရပ်တို့၏ အဓိပ္ပါယ်ကိုထောက်၍ ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေ ပြုမှုအခွင့်အာဏာကိုသော်လည်းကောင်း၊ အုပ်ချုပ်မှု အခွင့်အာဏာကိုသော်လည်းကောင်း ကျင့်သုံးသော အဖွဲ့ အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကိုဆိုလိုသည်” ဟု ဆိုထားသည့်အတိုင်း ဖြစ်ပေချေသည် ။
ဤသို့လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုခွင့်၊ အုပ်ချုပ်ခွင့်ရှိသည့်အဖွဲ့နှင့် ပုဂ္ဂိုလ်ကို နိုင်ငံတော်ဟုဆို လေရာ ဤဖွဲ့စည်းပုံအခြေခံဥပဒေကြီးသည် နိုင်ငံတော်၏မွေးသဖခင်ဖြစ်ချေတော့၏ ။ ဤဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးရေးသားသူကား နိုင်ငံတော်၏ဘိုးအေတည်း ။ ဤဖွဲ့စည်းပုံအခြေခံဥပဒေကြီးရေးခိုင်းသူကတော့ နိုင်ငံတော်၏အဘေးပင်ဖြစ်ဘိသည် ။ ဤမျှဆိုလျှင် နိုင်ငံတော်၏မျိုးရိုးဇာတိကို ရိပ်မိလောက်ပေပြီ ။
အမိယုတ်တော့ နှုတ်ကြမ်း ၊ အဖယုတ်တော့ သော့သွမ်းဟူသော နီတိရှိချေရာ နိုင်ငံတော်သည် မိကောင်း ဖခင်သားသမီးဟုတ် မဟုတ်၊ တနည်း သုဘာသိတ ဖြစ် မဖြစ်စိစစ်ရာသည် ။ ယခုလောလောဆယ် နိုင်ငံတော် သည် သူ့နိုင်ငံသားများကို “ဖြစ်ရိုးဖြစ်စဉ်” ဟူသော စကားလုံးတစ်လုံးကို  စတင်မြွက်ကြားလိုက်လေပြီ ။
“ဖြစ်ရိုးဖြစ်စဉ်” ဟူသောဝေါဟာရသည် “ဘာမှမဆန်း” ဟူသောအဓိပ္ပါယ်ဆောင်လေသည် ။
သုဘာသိတ လည်းမဟုတ်၊ ဒုဘာသိတလည်းမဖြစ်၊ ကြားနေ သာမန်စကားတစ်ရပ်သာတည်း ။ ယခုမူ နိုင်ငံတော်က ဝိသေသပြုသုံးနှုံးလိုက်သဖြင့် ထိုသို့မဟုတ်တော့ပါပြီ  ။ မြန်မာစာအဖွဲ့သည်ပင် အဘိဓာန်များကို အက်ဒီရှင် အသစ် ထုတ်ဝေရချေတော့မည် ။ အကြောင်းမှာ-
မြန်မာ့အလင်း စသော နိုင်ငံ့ဂုဏ်ဆောင်သတင်းဆာတို့နှင့် ပြည့်တန်ဆာဂျာနယ်ကြီးတို့တွင် အလွန်ရက်စက် ကြမ်းကြုပ်သော၊ အလွန်မှပင် စိတ်နှလုံး ညှိုးခြုံးစရာကောင်းလှသော၊ တိုင်းပြည်ရှေ့ရေး အလွန်ပင် ရင်လေးစရာကောင်းလှသော၊ တပ်မတော်အရာရှိတစ်ချို့ကျူးလွန်ခဲ့သည့် ပဲခူးမြို့လယ်ခေါင် လူသတ်မှုကြီးကို “ဖြစ်ရိုးဖြစ်စဉ်“ဟု ဝေါဟာရတံဆိပ် ခပ်နှိပ်လိုက်ကြလေပြီ ။
ထို့ကြောင့် “ဖြစ်ရိုးဖြစ်စဉ်” သည် ဖြစ်ရိုး ဖြစ်စဉ်မဟုတ်တော့ဘဲ သွေးချင်းချင်း ရဲသည့် “ခေတ်ဆိုး ခေတ်ကျဉ်” အဓိပ္ပါယ်ရောက်သွားတော့သည် ။
တကယ်တော့ ဝေါဟာရတစ်ရပ်သည် ချက်ချင်းလက်ငင်း အဓိပ္ပါယ်ပြောင်းသွားရိုး မရှိချေ ။ အချိန်ကာလနှင့် အကြောင်းတရားခိုင်ခိုင်မာမာရှိရလေသည် ။ ၁၉၆၂ခုနှစ်က ဗိုလ်နေဝင်း ဦးဆောင်သည့်တပ်မတော်က အာဏာ သိမ်းခဲ့သည် ။ ထိုစဉ်တုန်းက ဗိုလ်နေဝင်းသည် ကျောင်းသားများကို “ဓားဓားချင်း၊ ဒုတ်ဒုတ်ချင်း” ဟုပြောကာ သတ်ဖြတ်ခဲ့သည် ။ ဆင်မလိုက်သင်္ဘောကျင်းအရေးအခင်း၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်းအပါ အဝင် အရေးအခင်းကြီးငယ်မဟူ ကိုယ့်တိုင်းသားပြည်သူ၏ အသက်တွေကို လွယ်လင့်တကူ ချေမှုန်း သတ်ဖြတ် ခဲ့သည် ။
ထို့နောက် ၈၈ အရေးအခင်းကြီးဖြစ်လာပြန်သောအခါ “စစ်တပ်ဆိုတာ ပစ်ရင် မိုးပေါ်ထောင်မပစ်ဖူး၊ တဲ့တဲ့ဘဲ ပစ်တယ်” ဟုပြောကာ လူပေါင်းမြောက်များစွာကို မြို့လယ်လမ်းမကြီးတွေပေါ်မှာပင် လိုက်လံပစ်သတ် လေသည် ။
ထိုမှတဆင့် ပိုမို၍လက်ရဲဇက်ရဲဖြစ်လာပြီး ကြံ့ဖွတ်နှင့်တပ်တွဲစပ်၍ အရပ်သူအရပ်သားများပါ သတ်နည်းဖြတ် နည်းသင်တန်းပေးကာ ၂၀၀၃ခုနှစ်တွင် လမ်းလယ်ခေါင် မီးမောင်းထိုး၊ ညာသံပေး၍ ဒုတ်တွေနှင့် ရိုက်၊ ဝါးချွန်တွေနှင့်ဝိုင်းဝန်းထိုးသတ်သည့် တကယ့်လူသတ်ပွဲသဘင်တော်ကြီး ဒီပဲယင်းမြို့နယ်မှာ ဝှဲချီးကျင်းပခဲ့လေ တော့သည် ။
၂၀၀၇ ခုနှစ်ရောက်သောအခါ ကြံဖွတ်သည် မိကျောင်းဘဝသို့ပြောင်းသွားပြီး ရဟန်းသံဃာတော်များကိုပါ သွေးချောင်း စီးစေတော့သည် ။ မိမိတို့ကိုးကွယ်ရာ ကျောင်းကန်စေတီများအတွင်း ညာသံပေးဝင်ရောက်စီးနင်း ကာ ဆရာတော်သံဃာတော်များကို ရိုက်နှက် ပစ်ခတ် သတ်ဖြတ်ကြသည် ။ ဤသတင်းဆိုး၊ သတင်းအို များကြောင့် တတိုင်းပြည်လုံး နှလုံးကြေကွဲ ဝမ်းနည်းကြရသည် ။
၂၀၀၈ မှာ နာဂစ်မုန်တိုင်းကြီးဝင်၍ လူပေါင်းတစ်သိန်းကျော် သေဆုံးသွားတော့ ထို မဟာ့မဟာလူတွေသေကြေ သည့်ကိစ္စကြီးသည် သာမန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်သွားချေတော့သည် ။ ကူညီကယ်ဆယ်ရေးတောင် အခွန်တောင်း၊ လမ်းကြေးကောက်၊ ဖမ်းဆီး၊ ထောင်ချ လုပ်ကြတော့သည် ။
ခရစ္စတီးကျွန်းပေါ် ကလေးလေးများ၊ မိန်းမသား များအပါအဝင် လူ ၈၀ ကျော် သတ်ဖြတ်သည့်ကိစ္စဆိုလျှင်လည်း နေ့တဓူဝ ဖြစ်နေကျသာ ။ တိုင်းရင်းသား များကြားခံစားနေရသော မီးရှို့၊ သတ်ဖြတ်၊ မုဒိန်းကျင့်၊ ပေါ်တာဆွဲစသည့်လူသားတွေအပေါ် ကျူးလွန်နေသည့် ပြစ်မှုကြီးများသည်လည်း ဖြစ်ရိုးဖြစ်စဉ်ပင် ။ ဘာမှမဆန်းတော့ ။
ဗုဒ္ဓဘာသာထွန်းကားရာ၊ ငြိမ်းချမ်းရေးတရားတော်များဝေစည်ရာ၊ စေတီပုထိုးများပေါများရာ၊ မေတ္တာ ကရုဏာတို့ဖြင့်သာ လိမ်းကျံထားသည့် သိမ်မွေ့သည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းတို့ပွင့်လန်းရာ ဤရွှေဝါပြည်၌ အုပ်ချုပ်သူလူတန်းစားက၊ သို့မဟုတ် အုပ်ချုပ်သူလူတန်းစားနှင့်ပတ်သက်သူများက အစုလိုက်အပြုံလိုက် ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ သတ်ဖြတ်ခဲ့သည်ဆိုလျှင် ထိုလူသတ်မှု၊ လူသေမှုကြီးဟူသမျှသည် “ဖြစ်ရိုးဖြစ်စဉ်” သာတည်း ။ “ဖြစ်ရိုးဖြစ်စဉ်” ဟုခေါ်ပေသည် ။ “ဖြစ်ရိုးဖြစ်စဉ်” ဟုမှတ်ကြပါ ။
“ဘာဆို ဘာမှမဆန်း”
“ဘာမှမဟုတ်”
“သာမန်”
“ဖြစ်ရိုးဖြစ်စဉ် …”