>Burmese Regime playing price game on illegally imported cars

>

ကားဈေးများ ကြီးမြင့်အောင် ကစားနေတဲ့ စစ်အစိုးရခြေလှမ်းများ
မိုးမခ အထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၁၆၊ ၂၀၁၀
ဇူလိုင်လကုန်မှ စတင်ခဲ့တဲ့ ၀စ်သောက်ကား လိုင်စင်ထုတ်ပေးရာမှာ အရေအတွက်နည်းနည်းနဲ့ ငွေများများရဖို့ ကားဈေးတွေ ကြီးမြင့်နေစေဖို့ လုပ်ဆောင်နေတယ်လို့ ကားဝယ်ရောင်း လောကသားတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။
ဇူလိုင်လကုန် ၀စ်သောက်ကားတွေကို အခွန်စဆောင်ခွင့်ပြုစဉ်က ရာဖြတ်သတ်မှတ်တဲ့ ဈေးနှုန်းတွေထက်ကို ယခုရက်ပိုင်းအတွင်း ထပ်ပြီးမြှင့်တင်လိုက်ပြီး နှိုင်းယှဉ်ချက်အားဖြင့် ဈေးနိမ့်စွာ ရာဖြတ်တဲ့ နယ်မြို့ ၇ မြို့ကရာဖြတ်အဖွဲ့တွေကိုလည်း ပိတ်သိမ်းလိုက်ပါတယ်။ အဲဒါကြောင့် ကားလက်ဝယ်ရှိသူတွေ၊ ထိုင်းနယ်စပ်မှ ကားဝယ်လာတဲ့ ကားဝယ်ရောင်းတွေဟာ သထုံ၊ ပဲခူး၊ တောင်ငူတို့ကို အပြေးအလွှားသွားပြီး အခွန်ဆောင်ဖို့ ကြိုးစားနေကြရတယ်လို့ သိရပါတယ်။
အစောပိုင်း သီတင်းပတ်က ကျပ်သိန်း၄၅၀ လို့သတ်မှတ်ထားတဲ့ တိုယိုတာ မတ်တူး ဆလွန်းကားတစီး ဆောင်ရမယ့် အခွန်ငွေကို အခုရက်ပိုင်းမှာ ကျပ်သိန်း ၅၅၀၊ ၆၀၀ အထိမြင့်တက်ကုန်တာကြောင့် ရန်ကုန်ကား ဈေးကွက်မှာ ဈေးတွေပြန်မြင့်တက်လာပါတယ်။
ကားပိုင်ရှင်တွေနဲ့ ညှိပြီး ရာဖြတ်ရာမှာ တန်ဖိုးနိမ့်တယ်လို့ ယူဆတဲ့ မြို့ ၇မြို့က ရာဖြတ်အဖွဲ့တွေကို ရပ်ဆိုင်းလိုက်ပြီး တခြားမြို့တွေကိုလည်း ရာဖြတ်နှုန်းမြှင့်ဖို့ နေပြည်တော်က ညွှန်ကြားထားတယ်လို့ ကညန၊ အခွန်ဦးစီးနဲ့ နီးစပ်တဲ့ ကားပိုင်ရှင်တွေကပြောပါတယ်။
စစ်အစိုးရအနေနဲ့ ကားဈေးတွေ ကျဆင်းလာမှာကို မလိုလားသလို၊ စစ်အစိုးရ ခေါင်းဆောင်တွေရဲ့ သားသမီးတွေ၊ ဆွေမျိုးသားချင်းတွေ လက်ဝယ်ရှိတဲ့ ကားတွေဈေးကျဆင်းမှာကိုလည်း မနှစ်မြို့ဘူးလို့ ကားဝယ်ရောင်းအချို့က ဝေဘန်ကြပါတယ်။
“ကားဈေးကျပြီး တတ်နိုင်တဲ့သူတွေ စီးနိုင်တာကောင်းတဲ့ ကိစ္စလို့ ကျွန်တော်ထင်ပါတယ်။ အခု ၀စ်သောက်ကားတွေ လိုင်စင်ပေးတော့ ဈေးကွက်မှာ အပြိုင်ရှိလာရင် အရင်လို ဦးပိုင်က သွင်းတဲ့ကားကို သူတို့သတ်မှတ်တဲ့ဈေး ပေးဝယ်ရတဲ့ အခြေအနေမျိုး မဟုတ်တော့ဘူးလို့ ထင်ခဲ့တာ ၊ ဒါပေမယ့် အခုရာဖြတ်နှုန်းမြှင့်လိုက်တော့ နကိုအခြေအနေနဲ့ သိပ်မထူးတော့ဘူး။ သူတို့အကျိုးစီးပွားကိုကာကွယ်တာပဲ လို့ကျွန်တော်ထင်တယ်”
လို့ ရန်ကုန်က လုပ်သက်ရင့် ကားဝယ်ရောင်း တယောက်က ပြောပါတယ်။
ယခုလို အခြေအနေကြားထဲတွင် နယ်မြို့များမှာရှိတဲ့ ရာဖြတ်ရုံးဆီ လူကြီးသားသမီး နာမည်နဲ့ ရာဖြတ်ခံတဲ့ ကားတွေဆို ခေါက်ချိုးနီးပါးလျော့ပြီး ရာဖြတ်ပေးရတဲ့ အဖြစ်တွေလည်း မကြာခဏတွေ့ရတယ်လို့ ကားဝယ်ရောင်းတွေက ပြောပါတယ်။
“တလောက ဖားအံရာဖြတ်ရုံးမှာလူကြီးသမီးနာမည်နဲ့ လာတဲ့ ထိုင်းကထုတ်တဲ့ တိုယိုတာ ဖိုးဝှီး  ဒက်ဗယ်ကက်ကို သိန်း ၂၅၀ ပဲဖြတ်တယ်၊ ကျွန်တော့်ကားက သူ့လိုတောင် ဒက်ဗယ်ကက်မဟုတ်ပဲ အိတ်စထရာကက် ဆိုတော့ အဲဒီလောက်ဖြတ်မယ်ထင်တာ ၊ တကယ်တန်း ကျတော့ ၄၅၀ ဖြတ်လိုက်တယ်။”
လို့ကားဝယ်ရောင်းတဦးက ပြောပါတယ်။
ဒါ့အပြင် မကြာခင်ပဲ လိုင်စင်ထုတ်ပေးတာကို ရပ်ဆိုင်း တော့မလိုသတင်းတွေပါ ထွက်ပေါ်နေတာကြောင့် လိုင်စင်မဲ့ကား ၀ယ်ထားပြီးသားသူတွေ အနေနဲ့ အလုအယက် ရာဖြတ်ခံဖို့ လုပ်ဆောင်နေကြတာကိုလည်း တွေ့ရပါတယ်။ ယခုရက်ပိုင်းအတွင်း သထုံမြို့ ၀စ်သောက်ကား ရာဖြတ်အဖွဲ့မှာ တန်းစီထားတဲ့ ကားရာဂဏန်းနဲ့ ရှိနေပြီး ကိုယ့်အလှည့်မရောက်သေးပဲ ကျော်ပြီး အစစ်ခံချင်ရင် ပွဲစားက တဆင့် ကျပ်၁၀ သိန်းပေးပြီးလုပ်ဆောင်ရတယ်လို့ ကားဝယ်ရောင်းတွေက ပြောပါတယ်။
အခုလို ၀စ်သောက်ကားတွေ သွင်းလာတဲ့ လမ်းတလျှောက်လုံးမှာ  စစ်တပ်၊ ရဲ၊ ယာဉ်ထိန်းရဲ၊ စရဖနဲ့ လုံခြုံရေး အဖွဲ့ဝင်အသီးသီးကို လာဘ်ငွေပေးပြီး ယူဆောင်လာရတာပါ။ မဲဆောက် မြ၀တီနယ်စပ်ကို ယခုအချိန်ထိ တရားဝင်ပိတ်ထားပေမယ့်လည်း နယ်စပ်မှာ စောင့်နေတဲ့ စစ်တပ်၊ ဒီကေဘီအေ၊ ကားလမ်းတလျှောက်က လုံခြုံရေးအဖွဲ့မျိုးစုံကို ပေးရကမ်းရတာကြောင့် ကားတစီး ဖားအံရောက်ဖို့ ကျပ် ၁၅သိန်းမှ ၂၀သိန်းအထိ ကုန်ကျတယ်လို့ ဆိုပါတယ်။ အခုလို ကားအစီးရေ ထောင်နဲ့ချီသွင်းလာတယ်ဆိုရင် သိန်းထောင်ဂဏန်းနဲ့ ရှိတဲ့ငွေတွေကို အဆိုပါ အာဏာပိုင်အဖွဲ့အစည်းတွေ လုံခြုံရေး အဖွဲ့အစည်းတွေက အကျိုးအမြတ်ရရှိနေတယ် လို့ ကားပိုင်ရှင်တွေက ပြောပါတယ်။
အရင်က လိုင်စင်မဲ့ကား (၀စ်သောက်ကား) လို့ခေါ်ခဲ့တဲ့ ဂျပန်နဲ့ ထိုင်းနိုင်ငံထုတ် တပတ်ရစ်ကားတွေကို စစ်အစိုးရက မကြာခင် လပိုင်းမှာ “တရားမ၀င် တင်သွင်းထားသော ယာဉ်” လို့ ရည်ညွှန်းပြီး အခွန်ကောက်ကာ လိုင်စင်ထုတ်ပေးခဲ့ပါတယ်။ အရင်က ၀စ်သောက်ကား လက်ဝယ်ရှိရင် ကားကို သိမ်းဆည်းပြီး အဲဒီသူကို ဖမ်းဆီးအရေးယူနိုင်တယ်လို့ ဥပဒေရှိခဲ့ရာမှ အခုလို လိုင်စင်ထုတ်ပေးဖို့ စစ်အစိုးရက ဆုံးဖြတ်ခဲ့တာဟာ လူထုဆီမှငွေတွေကို လိုချင်လို့ဖြစ်တယ်လို့ စီးပွားရေး အကဲခတ်သူတွေက ထောက်ပြပါတယ်။
နိုင်ငံဘဏ္ဍာငွေ လိုအပ်လို့ လုပ်ဆောင်တာပဲ ထားဦး လူအများ ကားကို ဈေးသက်သာစွာ ၀ယ်စီးနိုင်ဖို့ဆိုတဲ့ ဆန္ဒစစ်အစိုးရမှာ မရှိပဲ ၊ အရေအတွက်နည်းနည်းနဲ့ ငွေများများ ရအောင် လုပ်ဆောင်နေတာလို့လည်း စီးပွားရေး အကဲခတ်သူတွေက သုံးသပ်ပြောဆိုပါတယ်။