>Burmese FEC exchange dropping – no one buying

>

မြန်မာကျပ်ငွေနှင့် ဒေါ်လာလဲနှုန်း ဈေးထိုးကျ၊ FEC ၀ယ်သူမရှိလောက်အောင်ဖြစ်နေ
မိုးမခ အထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၇၊ ၂၀၁၀
လွန်ခဲ့သည့် ၅ရက် အတွင်း FEC ဈေးနှုန်း ၁၀ ရာခိုင်နှုန်းကျော် ထိုးကျခဲ့ပြီး မြန်မာကျပ်ငွေနှင့် လဲလှယ်သည့် အမေရိကန် ဒေါ်လာနှုန်းထားမှာလည်း ၂ ရက်အတွင်း  ၃၀ကျပ်ကျဆင်းပြီးနောက် ယနေ့ တစ်ဒေါ်လာ ၉၃၀ ကျပ်ဖြင့်ဈေးပိတ်သွားခဲ့သည်။
လွန်ခဲ့သည့် ၄ ရက်ဝန်းကျင်က FEC တစ်ယူနစ်ကို ၈၆၅ အ၀ယ်ရှိခဲ့ရာမှ ယနေ့ ၇၅၀ ၊ ၇၆၀ ကျပ်သာရှိသည်အထိ ထိုးကျခဲ့သည်ဟု ကျောက်တံတားမြို့နယ်မှ FEC ရောင်းဝယ်သူတဦးက ပြောသည်။ ထို့ပြင် နေ့စဉ်ရက်ဆက် ကျဆင်းနေသည့် ဒေါ်လာနှင့် FEC ဈေးကြောင့် ရောင်းဈေးနှင့် ၀ယ်ဈေးအကြား ကွာဟမှုမှာ ယခင် ၁၀ကျပ်မှ ယခုအခါ ၂၀မှ ၃၀ ကျပ်ကျော်ထိ ခွါထားကြသည်ဟုလည်း သိရသည်။
နိုင်ငံတကာ အန်ဂျီအိုတစ်ခုမှ ၀န်ထမ်းတဦးက `ဒီနေ့ FEC တစ်ယူနစ် ၇၆၀ ပေါက်တယ်ဆိုပေမယ့် ကောက်မယ့်သူက တော်တော်ရှားနေတယ်။ ဈေးတော်တော်နိမ့်တယ် ထင်ပြီးကောက်ရင်း နေ့တိုင်းရှုံးနေလို့ FEC မကောက်ထားရဲတော့ပဲ သုံးစရာရှိမှသာဝယ်ကြတော့တဲ့ အဖြစ်ပဲ´ ဟုပြောသည်။
နိုင်ငံတကာ အန်ဂျီအိုနှင့် FEC ဖြင့် လစာပေးသည့် ပြည်တွင်းကုမ္ပဏီကြီး အချို့မှာ ပြင်ပတွင် မည်သည့်ဈေးရှိသည်ဖြစ်စေ လစာပေးသည့် FEC ပမာဏ ကို တစ်ယူနစ် ကျပ် ၁ ထောင်ဖြင့် အရှုံးခံပြန်ဝယ်ယူပေးပြီး ၀န်ထမ်းများ ခုခံသာအောင် ဆောင်ရွက်ပေးလျက်ရှိသည်ဟုလည်း သိရသည်။
FEC နှင့်ဒေါ်လာ ဈေးထိုးကျရသည့် အကြောင်းရင်းကို တိတိကျကျ မည်သူမျှ မသိရှိကြသော်လည်း အချို့သော ကုန်သည်နှင့် ငွေလဲသူများ၏ ယူဆချက်မှာ သွင်းကုန်အားနည်းနေခြင်း၊ စီးပွားရေး နယ်ပယ်တွင် လုပ်ငန်းသစ်ရင်းနှီးမြှုပ်နှံမှုများ မလုပ်သေးပဲ ရွေးကောက်ပွဲ ပြီးသည်အထိစောင့်ကြည့် လျက်ရှိခြင်း၊ ထိုင်းမြန်မာနယ်စပ်၏ အဓိက ကုန်သွယ်ပေါက်ဖြစ်သည့် မြ၀တီ-မဲဆောက် ဂိတ်ကို ဇူလိုင်လလယ်မှ စတင်ပြီး ယခုအချိန်ထိ မြန်မာစစ်အစိုးရက ပိတ်ထားခြင်းတို့ကြောင့် ဖြစ်သည်ဟု ကောက်ချက်ချ သုံးသပ်ကြသည်။
ဝန်ထမ်းများအား FEC ဖြင့်လစာပေးသည့် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့အစည်းများအနေဖြင့် ယခုကဲ့သို့ FEC လဲနှုန်းဆက်တိုက် ထိုးကျနေခြင်းကြောင့် FEC အစားအခြားသောနည်းများဖြင့် လစာပေးရန် စဉ်းစားဆွေးနွေးမှုများ ရှိနေသည်ဟုလည်း နိုင်ငံတကာ အန်ဂျီအို ၀န်ထမ်းတဦးကပြောသည်။
FEC ကိုမြန်မာစစ်အစိုးရက နိုင်ငံခြားငွေ ဖြစ်သည့် အမေရိကန် ၁ ဒေါ်လာနှင့် ညီမျှသည်ဟု အသိအမှတ်ပြုပြီး ဆယ်စုနှစ် တစ်စုကျော်မှစတင် ထုတ်ဝေသုံးစွဲနေခဲ့သော်လည်း ယခုနှစ်ပိုင်းတွင် FEC သုံးရမည့် နေရာ ကိစ္စနည်းပါးလာခြင်း၊ အစိုးရတွင်လည်း FEC အားဒေါ်လာဖြင့် တန်းတူတန်ဖိုးထား ပြန်လည်လဲလှယ်နိုင်ခြင်းမရှိ သဖြင့် လဲလှယ်နှုန်းဆက်တိုက်ကျဆင်းလာသည်ကို ကြားသိနေရသည်။
ယခင်က စက်သုံးဆီဝယ်ယူခြင်း၊ ပြည်ပနှင့် ဆက်သွယ်လုပ်ကိုင်သည့် ကုမ္ပဏီများ အနေဖြင့် အခွန်ပေးဆောင်ရာတွင် FEC ဖြင့်ပေးဆောင်ရန် သတ်မှတ်ထားခြင်း၊ အထူးလျှပ်စစ်မီးလိုင်း သွယ်ယူထားလျင် လျှပ်စစ်မီတာခအား FEC ဖြင့်ပေးဆောင်စေခြင်း၊ အစရှိသည့် ကိစ္စရပ်များတွင် သတ်မှတ်ခဲ့သော်လည်း ယခုနောက်ပိုင်း FEC မပါရှိပဲလည်း ရောင်းချပေးခြင်းမျိုး ရှိလာသည့်အတွက် FEC ၏ အခန်းကဏ္ဍမှာ မှေးမှိန်လာခဲ့သည်။