>
အောင်ဝေး
စက်တင်ဘာ ၅၊ ၂၀၁၀
ကျန်းခံ့သာလို့မာပါစ။ အရင်တစ်ပတ်က ပေါ်လစီအနုပညာ အကြောင်း ပြောလက်စနဲ့မို့ ဆက်ပြီး ပြောလိုက်ပရစေ။ ပေါ်လစီအနုပညာလို့ ပြောလိုက်ရင် တချို့ လူနည်းစုလောက်က မကောင်း ထင်တတ်ကြတယ်။ ပေါ်လစီအနုပညာ ဆိုတာကို တချို့ တလေက အကောင်းမမြင်တတ်ကြဘူး။ တချို့ ဆိုရင် ပေါ်လစီအနုပညာလို့ ပြောလိုက်တာနဲ့ အထင်သေးသွားကြတော့တာပါ။
ဒါဘာကြောင့်လဲ ဆိုတော့ ပေါ်လစီအနုပညာကို အလွဲသုံးစားလုပ်နေတဲ့ ပေါ်လစီ မသမာမှုတွေ၊ အနုပညာမသမာမှုတွေကြောင့်ပဲ ကိုဒေါင်း။ ထပ်ပြီး ပြောရရင် ပေါ်လစီခြစားမှု၊ အနုပညာ ခြစားမှုတွေ၊ ပေါ်လစီ ခြုံခိုတိုက်ခိုက်မှု၊ အနုပညာ ခြုံခိုတိုက်ခိုက်မှုတွေ၊ ပေါ်လစီ ရေစီးကမ်းပြိုဖြစ်မှု၊ အနုပညာ ရေစီးကမ်းပြိုဖြစ်မှုတွေ၊ အဲဒါတွေကြောင့်ပဲ ပေါ်လစီအနုပညာဟာ နာမည်ပျက်ရရှာတယ် ကိုဒေါင်း။
ကျနော် ကမ္ဘာကြီးနဲ့ ချီပြီး မပြောတော့ဘူး။ ကျနော်တို့တိုင်းပြည် အတိုင်းအတာနဲ့ပဲ ကျနော်တို့ဆီက အကြောင်း ပြောပါ့မယ်။ ကျနော်တို့ နိုင်ငံမှာကို ဂန္ထ၀င်မြောက်တဲ့၊ ရေရှည်တည်တံ့တဲ့၊ ပြည်သူလူထုရဲ့ နှလုံးအိမ်ထဲမှာ စွဲငြိနေတဲ့ ပေါ်လစီအနုပညာလို့ ဆိုရမယ့် အနုပညာလက်ရာတွေ အများကြီး ရှိပါတယ် ကိုဒေါင်း။
ဒီနေ့ ခေတ်လူငယ်တွေနဲ့ သိပ်မစိမ်းလှ၊ မဝေးလှတဲ့ ဥပမာနှစ်ခုပဲ ကျနော် ပြောပါ့မယ်။ တစ်ခုက သီချင်း၊ တစ်ခုက ရုပ်ရှင်ပါ။
နိုင်ငံရေး အစိုးရ လက်ထက်၊ ပြည်တော်သာခေတ်တုန်းက ပေါ်ခဲ့တဲ့ သီချင်း တစ်ပုဒ် ရှိပါတယ်။ ၀န်ကြီးချုပ်ဦးနုရဲ့ ပြည်တော်သာ စီမံကိန်းကို ဖွဲ့ဆိုခဲ့တဲ့ သီချင်းပါပဲ။ ရေးဖွဲ့ သီကုံးသူက ဆရာ မြို့ မငြိမ်းပါ။ သီချင်းနာမည်က-လူချွန်လူကောင်း။
အများသိတဲ့ အတိုင်း ဆရာငြိမ်းရဲ့ဒီ-လူချွန်လူကောင်း သီချင်းဟာ ဂန္ထ၀င်မြောက်ရုံ၊ အနုပညာ မြောက်ရုံတင် မကဘဲ၊ ဘယ်လောက်တောင် ခေတ်ရှေ့  ပြေးခဲ့သလဲ၊ ခေတ်မီနေသလဲ ဆိုတာ ဆရာ ဘိုကလေးတင့်အောင်တို့၊ ဆရာ ချစ်ဦးညိုတို့လို တကယ် တတ်ကျွမ်း နားလည်တဲ့ ပညာရှင်တွေက တမြတ်တနိုး ချီးကျူး ဂုဏ်ပြုနေတာကိုပဲ ကြည့်တော့ ကိုဒေါင်း။
လူချွန်လူကောင်း-ဟာ ပေါ်လစီသီချင်းပါပဲ။ ပြည်တော်သာ စီမံကိန်းဆိုတဲ့ နိုင်ငံရေး အစိုးရရဲ့ ပေါ်လစီကို ဖွဲ့သီထားတဲ့ သီချင်း။ ဒီလို ပေါ်လစီ အနုပညာမျိုးကို ဘယ်သူ ပစ်ပယ်ရဲ့သလဲ၊ ဘယ်သူ စော်ကားရဲ့သလဲ ကိုဒေါင်း။
နောက်တစ်ခု၊ အဲဒါကတော့ မဆလ ခေတ်က ပေါ်လစီ ရုပ်ရှင် ဇာတ်ကား တစ်ကားပါ။ ရိုက်ကူးသူက ဒါရိုက်တာ ဆရာဦးသုခပါ။ ဇာတ်ကားနာမည်က- ဘယ်သူပြိုင်လို့ လှပါတော့နိုင်။ ဘဘ ဦးသုခရဲ့သမိုင်းဝင် အနုပညာလက်ရာတစ်ခု ဆိုတာ လူတိုင်း အသိပါ။
အ သုံးလုံး လုပ်အားပေး လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေရဲ့ နွေရာသီ စာတတ်မြောက်ရေး လှုပ်ရှားမှုကို ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ အလွန်ကို လူကြိုက်များခဲ့တာပေါ့ ။ အခါအားလျော်စွာ နှစ်စဉ် စက်တင်ဘာလ (၈) ရက်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ရောက်တိုင်း ရောက်တိုင်း၊ ရုပ်မြင်သံကြားကနေ မကြာမကြာ ပြန်ပြန် လွှင့်ထုတ်ပြသတော့လည်း ကြည့်သူတွေက စွဲမက် နှစ်ခြိုက်နေကြတုန်းပါ။
ဘဘဦးသုခရဲ့စေတနာကပေါက်ရောက်အောင်မြင်ခဲ့တယ်လို့ပဲဆိုပါတော့။ စေတနာက နှိုးဆော်တဲ့ အနုပညာ ဖမ်းစားနိုင်မှု-ရသ အားကလည်း ကြီးခဲ့တာပါ။ ဦးအံ့ကျော်လို လူကြမ်းသရုပ်ဆောင် တစ်ယောက်ကိုတောင် အကယ်ဒမီ ရအောင် ဘဘဦးသုခကလည်း ရိုက်နိုင်ခဲ့ပေတာကိုး။ ဒါ မဆလခေတ်တုန်းက စာတတ်မြောက်ရေး လှုပ်ရှားမှု ပေါ်လစီ ရုပ်ရှင်ဇာတ်ကား။ ဒီဇာတ်ကားကို မကောင်းဘူးလို့ ဘယ်သူ ဝေဖန်ရဲသလဲ၊ ဘယ်သူ ရှုတ်ချရဲ့သလဲ။
ကိုဒေါင်းကြီး၊ ပြောချင်တာက ဘယ်ခေတ်မှာ ဖြစ်ဖြစ် ပေါ်လစီ အနုပညာဆိုတာ ရှိစမြဲ။ ခေတ်က တောင်းဆိုစမြဲ။ ဒါပေမဲ့ ပေါ်လစီအနုပညာ ဆိုတာ ပေါ်လစီကို အနုပညာမြောက် ဖော်ပြဖို့ပဲ။ အနုပညာ မမြောက်ရင်၊ အနုပညာဘောင် မ၀င်ရင် ပေါ်လစီအနုပညာလို့ မခေါ်နိုင်ဘူး။
အာဏာရ အုပ်စိုးသူ ဘက်မှာ ပေါ်လစီအနုပညာ ရှိသလို၊ အဖိနှိပ်ခံ အတိုက်အခံဘက်မှာလည်း ပေါ်လစီအနုပညာဆိုတာ ကျိန်းသေ ရှိတာပေါ့ ။ ဆိုပါတော့၊ နအဖ လက်ပါးစေ မီဒီယာတွေက နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေကို ချီးကျူးဂုဏ်ပြု ရေးသားနေကြတာ ဒါ သူတို့ ပေါ်လစီကို သူတို့ ရေးနေကြတာပဲ။ သူတို့ဟာတွေ အနုပညာဘောင် ၀င် မ၀င်ကတော့ ပြည်သူတွေက သဘောပေါက်ပြီးသား။
ဒီလိုပဲ၊ ကျနော်တို့ အခုရေးနေတဲ့ စာတွေဟာလည်း အတိုက်အခံ ပေါ်လစီ အနုပညာတွေ ပဲ။ နအဖရဲ့၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျနော်တို့ လက်မခံကြောင်း ရေးတယ်။ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ ဆန့် ကျင်ကြောင်း ရေးတယ်။ ဒါ ကျနော်တို့ အတိုက်အခံ ပေါ်လစီကို ကျနော်တို့ ရေးနေကြတာပဲ။
အတိုက်အခံဘက်က ရေးနေတဲ့စာတွေလည်း အနုပညာဘောင် ၀င်ဖို့တော့ အထူး လိုအပ်တယ်။ အနုပညာဘောင် မ၀င်ရင်၊ အနုပညာ မမြောက်ရင် ကျနော်တို့ ရေးတဲ့ စာတွေကိုလည်း ပေါ်လစီအနုပညာလို့ မခေါ်နိုင်ဘူး။
နအဖကို ဆဲနေရုံနဲ့ မရဘူး။ နအဖရဲ့ လုပ်ရပ် မှန်သမျှ မကောင်းဘူးလို့ မျက်စိစုံမှိတ် အော်နေလို့ မရဘူး။ ကျနော်တို့မျက်စိကို ဖွင့် နားကို စွင့်ပြီး နအဖကို ခြေခြေမြစ်မြစ် ဝေဖန်နိုင်ဖို့လိုတယ်။ ကျနော်တို့ကိုယ် ကျနော်တို့လည်း ဝေဖန်ဖို့ လိုတယ်။ ဒါမှ ကျနော်တို့ အဖိနှပ်ခံ အတိုက်အခံ အင်အားစုရဲ့ ပေါ်လစီရေးရာ ခိုင်မာမှု ရှိလာမယ်။ အတိုက်အခံ ပေါ်လစီကို ဖော်ကျူးရေးသားကြတဲ့ အတိုက်အခံစာပေတွေ အနုပညာဘောင် ၀င်မယ်။
သမိုင်းဆရာက မလုပ်နိုင်တဲ့အ လုပ်ကို အနုပညာရှင်က လုပ်နိုင်တယ် ဆိုတဲ့ စကားရှိတယ် ကိုဒေါင်း။ ကျနော်တို့ အနုပညာရှင်တွေ ကိုယ့်ပေါ်လစီနဲ့ကိုယ် ဒီနေ့ ဒီမိုကရေစီခေတ်ပြောင်း တော်လှန်ရေးမှာ ခိုင်ခိုင်မြဲမြဲ ရပ်တည်ကြဖို့ အချိန်တန်ပြီ ကိုဒေါင်းရေ။
အားလုံးကိုသတိရလျက်-
အောင်ဝေး
ဇွန် ၄ – ၂၀၁၀။
