>Burmese community in SF bay with Charity events to help Burma

>

ဆန်ဖရန်ဘေးဧရိယာ ဘာသာရေး၊ လူမှုရေး ကူညီမှု ရန်ပုံငွေပွဲများ စည်ကား
မိုးမခအထောက်တော် ၀၀၂
သြဂုတ် ၁၊ ၂၀၁၀
ယမန်နေ့ ဇူလိုင် ၃၁ ရက်က ဆန်ဖရန်ဘေးဧရိယာ၊ ဒေလီစီးတီတွင် ကယားပြည်နယ်နှင့် ဧရာဝတီတိုင်း၊ ပန်ကူးကျေးရွာ မိဘမဲ့ကလေးများရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပခဲ့သည်ကို တွေ့ရသည်။ ထိုပွဲတော်ကို ခရစ်ယာန်ဘာသာဝင်များသာမက ဗုဒ္ဓဘာသာဝင်နှင့် တိုင်းရင်းသား ဘာသာပေါင်းစုံက မြန်မာမိသားစုများ ၀ိုင်းဝန်းအားပေးကြသည်။ ညနေပိုင်းတွင် တေးဂီတဖျော်ဖြေပွဲနှင့်လည်း ဧည့်ခံသည်ဟု ဆိုသည်။

ဆန်ဖရန်ဘေးဧရိယာရှိ ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများကလည်း အများစုပေါင်းအလှူအဖြစ် မုန့်စားလက်မှတ် ဒေါ်လာ ၁၀၀ ဖိုး ၀ိုင်းဝန်းထည့်ဝင်ကြသည်ကို တွေ့ရသည်။ ထိုနည်းတူ ဘေးဧရိယာအတွင်းရှိ ဘာသာရေးနှင့် လူမှုရေးပွဲတော်များတွင် အများကောင်းမှုဖြင့် အများအကျိုးဖြစ်စေရန် စေတနာဖြင့် စုပေါင်းအလှူထည့်ဝင်မှုများကို တဦးလျင် ဒေါ်လာ ၅ ကျပ်မှ ၁၀ မျှဖြင့် စုပြီး လိုက်လံကုသိုလ်ပြုလျက်ရှိကြောင်း၊ မြန်မာဗုဒ္ဓဘာသာ ၀ါဆိုကာလဖြစ်သည့် အားလျော်စွာ ဥက္ကလံမြို့ – ဓမ္မအေးရိပ်၊ ဖရီးမောင့်မြို့ – မေတ္တာနန္ဒနှင့် ဘူဒါခရိမြို့ – တောင်ပုလုကျောင်းတို့တွင် ၀ါဆိုအလှူ ထည့်ဝင်ခြင်းများကို တကျောင်းလျင် ဒေါ်လာ ၅၀ စီ အများကုသိုလ်လုပ်ဖြစ်ကြောင်း သိရှိရသည်။

လာမည့် သြဂုတ်လ ၇ ရက်၊ ဒေလီစီတီတွင် ပြုလုပ်မည့် ဖီးနစ်မြို့ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းကို ရည်စူးသည့် နိဗ္ဗာန်ဈေးရောင်းပွဲတွင်လည်း ကုသိုလ်ပါဝင်ဦးမည်ဟု ဆိုသည်။ လာမည့်နှစ် ၂၀၁၁ တွင် ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုချီးမြှင့်ခြင်း ဆောင်ရွက်နိုင်ရန် ရန်ပုံငွေ ရှာဖွေသည့်အနေဖြင့် အထိမ်းအမှတ် တီရှပ်များကိုလည်း စတင် ရောင်းချရန် စီစဉ်နေကြောင်း သိရှိရပါသည်။