>
ခေတ်စမ်းစာပေသမိုင်းမှာ ပထမဆုံး ခေတ်စမ်းကဗျာ ရေးသားသူကတော့ ဆရာဇော်ဂျီ ဖြစ်ပါတယ်။ ခေတ်စမ်းစာဆိုဖြစ်တဲ့ ဆရာဇော်ဂျီ ဟာ သူ့ကဗျာတွေ စာတွေကြောင့်ပဲ မျိုးချစ်စာဆို၊ ဇာတိမာန်စာဆိုအဖြစ် အများက သတ်မှတ်တာကို ခံရသူဖြစ်ပါတယ်။ ဆရာဇော်ဂျီကို ဆရာနတ်နွယ်က ‘တက္ကသိုလ် ပရဝုဏ်မှ စာပေပညာရှင်ကြီး’ လို့ ခေါ်ဝေါ်ခဲ့သလို ကဗျာဆရာ မောင်စွမ်းရည်ကလည်း ‘အမျိုးသားစာဆိုကြီးများအနက် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြီးရင် ဒုတိယ ဖော်ပြရမယ့် ကဗျာစာဆိုဟာ ဆရာဇော်ဂျီပဲ ဖြစ်ပါတယ်’ လို့ ရေးသားဖူးပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက လေးချိုးကြီးတွေနဲ့ မြန်မာ့ဇာတိမာန် ကဗျာတွေကို ဖွဲ့ဆိုခဲ့သလို ဆရာဇော်ဂျီက သံချိုကဗျာတွေနဲ့ မြန်မာ့ဇာတိမာန်ကဗျာတွေ ဖွဲ့ဆိုခဲ့တယ်လို့ ဆရာ မောင်စွမ်းရည်က သုံးသပ်ပါတယ်။
ရှေ့ပြေးကဗျာများ လို့ အမည်ပေးထားတဲ့ ဆရာဇော်ဂျီရဲ့ ကဗျာတွေဟာ ၁၉၂၄ ခုနှစ် အတွင်း သူရိယမဂ္ဂဇင်းနဲ့ ဝံသယုဝ မဂ္ဂဇင်းတွေမှာ ဖော်ပြခဲ့ပြီး တေးထပ်၊ လေးချိုး၊ ရတု၊ စည်တော်သံ စတဲ့ ရှေးခေတ်ကဗျာ ရေးဖွဲ့ပုံအတိုင်း စပ်ဆိုခဲ့တာဖြစ်ပါတယ်။
မြန်မာ့ ပထမဆုံး ခေတ်စမ်းကဗျာဖြစ်တဲ့ ဆရာဇော်ဂျီရဲ့ ‘ပိတောက်ပန်း’ ကဗျာကို ၁၉၂၈ ခုနှစ်မှာ ရေးဖွဲ့ခဲ့ပြီး ‘ဟံသာ့ကြေးမုံ’ စာစောင်မှာ ပထမ ဖော်ပြခဲ့ပြီး ၁၉၂၈ ခုနှစ် မတ်လထုတ် တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်းမှာ ထပ်မံဖော်ပြခဲ့ပါတယ်။ ဒီကဗျာမှာ လမ်းရိုးကနေ ခွဲထွက်သွားတဲ့ အတွေးသစ်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။
ပိတောက်ပန်း
မခူးချင်စမ်းပါနဲ့
နှစ်ဆန်း ခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်း နယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနဲ့
သူလည်းလေ လောကီသားလိုပါ့
ºကွားချင်လှ ပေလိမ့်မယ်။
တသိန်တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။
တဝါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့ သတိဆွယ်
ရည်ရွယ်တော့သလား။
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အဝါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာပါ့
အရေး အခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။ ။
၁၉၂၄ ခုနှစ်လောက်က ရေးဖွဲ့ခဲ့တဲ့ ဆရာဇော်ဂျီရဲ့ ရှေ့ပြေးကဗျာများမှာ ‘နေရှင်ဒေးဘွဲ့ စည်တော်သံ’၊ ‘အမျိုးသားအောင်ပွဲနေ့ မင်္ဂလာ ပိုဒ်စုံရတု’တို့ ပါဝင်သလို ၁၉၃၅ ခုနှစ်လောက်က စပြီး ‘တို့တိုင်းပြည်’၊ ‘တက်လူတေးသံ’၊ ‘ယခုခါ’၊ ‘အို တက်လူတို့’၊ ‘သင်သေသွားသော်’ စတဲ့ မျိုးချစ်စိတ်ကို နိုးကြားစေတဲ့ ကဗျာများ ရေးဖွဲ့ခဲ့ပါတယ်။ ၁၉၃၅ ခုနှစ် ဒီဇင်ဘာလ အိုးဝေမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘ယခုခါ’ ကဗျာမှာ အတိတ်က ရွှေထီး ဆောင်းခဲ့တာတွေကို ကြွားဝါမနေဘဲ လုပ်စရာရှိတာ လုပ်မှ ဆန္ဒတွေပြည့်စုံမယ့်အကြောင်း အခုလို ရေးဖွဲ့ခဲ့ပါတယ်။
ယခုခါ
ယခုခါတွင်၊ လုပ်ငန်းထွင်မှ
လိုအင်ဆန္ဒ၊ ပြည့်စုံကြလိမ့်
ရှေးကမြန်မာ၊ ရာဇာတို့ဘုန်း
လက်ထက်တုန်းက၊ ကျုံးကား ဤသို့
မြို့ရိုးညို့နှင့်၊ မြို့ကားရွှန်းဝေ
တို့တတွေမှာ၊ ရေချမ်းအိုးကြီး
ရွှေထီးဝါဝါ၊ မှိုပေါက်လာဟု
ခုခါဖန်များ၊ နှုတ်စကားဖြင့်
ကြွားချည်းနေသော်
ကြွားမော်ရင်းသာ၊ ခါးဗလာနှင့်
စားစရာပင် မဲ့မည်တည်း။ ။
၁၉ဝ၇ ခုနှစ် ဧပြီလ ၁၂ ရက်နေ့က ဖျာပုံမြို့မှာ မွေးဖွားခဲ့တဲ့ ဆရာဇော်ဂျီဟာ ၁၉၉ဝ ပြည့်နှစ် စက်တင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ အခုချိန်ထိ ဆရာဇော်ဂျီ ရေးသားခဲ့တဲ့ စာတွေကို ပုံနှိပ်ထုတ်ဝေထားတဲ့ လုံးချင်းစာအုပ်ပေါင်း ၄ဝ ကျော်ရှိပြီး ဆရာ့တသက်တာမှာ ကဗျာပုဒ်ရေ ၂၃ဝ ခန့်၊ ဝတ္ထုတိုပေါင်း ၄၆ ပုဒ်၊ ပြဇာတ် ၈ ပုဒ်၊ စာတမ်း နဲ့ ဆောင်းပါး အပုဒ် ၃ဝဝ ခန့် ရေးဖွဲ့ခဲ့ပါတယ်။
‘အမျိုးသား စာဆို ဆရာဇော်ဂျီ၊ ၀ဏ္ဏကျော်ထင် သီရိပျံချီ ဦးသိန်းဟန်’ လို့ ကမ္ပည်းထိုးထားတဲ့ ဆရာ့ဂူဗိမာန်ကို ရန်ကုန် ကြံတောသုသာန်မှာ ထားရှိခဲ့ပါတယ်။ လေးဖက်လေးတန် ကျောက်ပြားအဖြူနဲ့ တည်ဆောက်ထားတဲ့ ဆရာ့ရဲ့ ဂူဗိမာန်မှာ ဒီကမ္ပည်းစာတန်းအပြင် ကနေတဲ့ ဇော်ဂျီရုပ် ၂ ရုပ်နဲ့ ဆရာ့ရဲ့ ‘သင်သေသွားသော်’ ကဗျာတို့ကို ထွင်းထုထားပါတယ်။ ဒါပေမယ့် စစ်အစိုးရက ကြံတောသုသာန်ကို ဖျက်ပစ်ခဲ့တဲ့အတွက် ဆရာ့ဂူဗိမာန်ကို ၁၉၉၆ ခုနှစ် ဇွန်လ ၂ဝ ရက်နေ့မှာ မြောက်ဥက္ကလာပ မှာရှိတဲ့ ရေဝေးသုသာန်ကို ပြောင်းရွှေ့ခဲ့ရပါတယ်။
သမိုင်းဆိုတာ ဖျောက်ဖျက်လို့ မရနိုင်သလို ဆရာဇော်ဂျီ ဆိုတာလည်း မြန်မာ့စာပေသမိုင်းမှာ ဆက်လက် တည်ရှိနေမှာ ဖြစ်ပါတယ်။ ။
ထိန်လင်း (၃၁၊ ၁၁၊ ၂ဝဝ၉)
