>4 persons die in Burma’s helicopter crash

>

မြန်မာပြည်တွင် ရဟတ်ယာဉ်ပျက်ကျ၊ ၄ ဦး သေဆုံး
မိုးမခအထောက်တော် အမှတ် ၀၀၃
ဇွန် ၁၇၊ ၂၀၁၀Mi-1 အမျိုးအစား ရဟတ်ယာဉ်

စစ်ရဟတ်ယာဉ်တစီး ပျက်ကျသဖြင့် ၄ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရသွားသည်ဟု အရာရှိများက ပြောကြားကြောင်း ရန်ကုန်မှ လာသည့် AFP သတင်းတပုဒ်တွင် ရေးထားသည်။

ထိုရဟတ်ယာဉ်သည် Mi-1 အမျိုးအစား ဖြစ်ပြီး ရှမ်းပြည်နယ် ပင်းတယမြို့ပြင်ရှိ တောအတွင်း ပျက်ကျသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ပျက်ကျရသည့် အကြောင်းရင်းမှာ ရာသီဥတု ဆိုးဝါးခြင်းကြောင့် ဖြစ်မည်ဟုသာ ခန့်မှန်းရပြီး သေဆုံးသွားသူတို့၏ အမည်၊ ရာထူးများ အပါအ၀င် ကျန် အသေးစိတ် သတင်းများကို မသိရသေးပေ။ အစိုးရကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

Mi-1 ရဟတ်ယာဉ်များကို ယခင် ဆိုဗီယက်ပြည်ထောင်စု (ယခု ရုရှား) တွင် ထုတ်လုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ရဟတ်ယာဉ်များကို စစ်ဘက်တွင်သာ အသုံးပြုကြသည်။

မြန်မာပြည်၏ အထင်ရှားဆုံးနှင့် အသေအပျောက် အများဆုံး ရဟတ်ယာဉ် ပျက်ကျမှုမှာ ၂၀၀၁ ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သည်။ ပျက်ကျမှုကြောင့် ထိုစဉ်က စစ်အစိုးရ၏ နံပတ် ၄ အဆင့် ရှိ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး တင်ဦး သေဆုံးခဲ့သည်။ သေဆုံးသူပေါင်း ၁၀ ဦးကျော် ရှိရာ ဗိုလ်ချုပ် သီဟသူရ သူရ စစ်မောင်လည်း ပါဝင်သည်။

ဇန်န၀ါရီလကလည်း မြန်မာ့တပ်မတော်လေမှ တိုက်လေယာဉ် တစီး ရန်ကုန်တွင် ဆင်းသက်စဉ် ပျက်ကျသွားပြီး လေယာဉ် မောင်းသူ သေဆုံးသွားခဲ့သည်။