>Water shortage in Pegu region, Burmese community volunteer helps played great role

>

ပဲခူး သောက်သုံးရေ ပြတ်၊ ကိုယ်ထူကိုယ်ရေအလှူရှင်တို့ အစွမ်းကုန် ဆောင်ရွက်နေကြ

သတင်းရင်းမြစ် – ဦးအေးမြင့်နှင့် လမ်းပြကြယ်
မိုးမခအထောက်တော် ၀၀၃
မေ ၉၊ ၂၀၁၀
ပဲခူး၊ သနပ်ပင်၊ ဝေါ၊ က၀ လေးမြို့နယ်တွင် ရာသီဥတုပူပြင်းမှု ပြင်းထန်သဖြင့် သောက်သုံးရေများ ပြတ်လတ်မှုများ ဖြစ်ပွားနေရာ မြို့နယ်တွင်းရှိ စေတနာ့ဝန်ထမ်း အစုအဖွဲ့များ၊ ဒေသခံလုပ်ငန်းရှင်များ ပူးပေါင်းပြီး ရေဒုက္ခသည် ရွာသူ ရွာသားများထံအရောက် ကားကြီး ကားငယ်များ သုံးစွဲပြီး ရေကုသိုလ်ပြုလုပ်နေကြသည်ဟု သိရှိရသည်။
လွန်ခဲ့သည့် ကြာသာပတေး၊ သောကြာနေ့များကတည်းက ရေကားအစီးပေါင်း ၃၀ မှ ၄၀ အထိ ဖြင့် ရေဂါလံ သိန်း ၁၀ ဂဏန်းကို ပေးပို့ ဖြန့်ဝေနေရသည်ဟု ဆိုသည်။
ဒေသခံများက ပြောကြားရာတွင် – အထက်အာဏာပိုင်များ၏ ၀ိုင်းဝန်း ဆောင်ရွက်မှုများကို မမြင်တွေ့ရကြောင်း၊ ရေပြတ်သူ ရွာသားများသာမက၊ သီးနှံများ၊ ကျွဲနွား တိရစ္ဆာန်များအထိ ကပ်ဘေးဆိုက်သလို ဖြစ်နေကြောင်း၊ ပရဟိတစိတ်အပြည့်ရှိသော မြန်မာဒေသခံ စေတနာရှင်များ၊ လုပ်ငန်းရှင်တို့က ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး ကူညီဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း ပြောကြားကြသည်။
ဦးအေးမြင့် (လမ်းပြကြယ်) က မိုးမခသို့ ပြောကြားရာတွင် – လမ်းပြကြယ် အစုအဖွဲ့များအနေဖြင့် မိမိတို့၏ လုပ်အားများ၊ အင်အားများနှင့် ရေအလှူလုပ်ငန်းများကို ၀ိုင်းဝန်းဆောင်ရွက်ပေးနေကြောင်း၊ ယနေ့ တနင်္ဂနွေနေ့တွင်လည်း ရေပြတ်လပ်နေသည့် ကျေးရွာများသို့ ကားအစီး ၄၀ ခန့်ဖြင့် သွားရောက်ကြမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် လူမှုဒုက္ခများနှင့် ရင်ဆိုင်နေရသူ မြန်မာပြည်သူလူထုကြီးနှင့်အတူ ရပ်တည်ကြရန်၊ ကူညီဆောင်ရွက်ကြရန် အထူးလိုအပ်နေသော အချိန်အဖြစ် မြင်ကြောင်း ထုတ်ဖော်ပြောပြသည်။
တိုက်ဆိုင်မှုတခုအနေဖြင့် မိုးမခက ဦးအေးမြင့် (လမ်းပြကြယ်) သို့ မေးမြန်းချက်တခုမှာ ယခုအချိန်တွင် အင်န်အယ်ဒီပါတီကို ၂၀၁၀ ရွေးကောက်ပွဲဥပဒေအရ တရားဝင်ပါတီမဟုတ်ဟု ဆိုထားချိန်၊ ပါတီကလည်း လူမှုရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်မည်ဟု ပြောထားသည့်အပေါ် သဘောထားကို မေးမြန်းခဲ့ရာ – အင်န်အယ်ဒီပါတီ၏ လူငယ်တွေအသီးသီးက မိမိတို့ အသိနှင့် လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်လာကြသည်နှင့် အင်န်အယ်ဒီက ပို၍လွတ်လပ်ပြီး လူထုကြားထဲ ပိုမို ရောက်ရှိလာမည် ဟု ထင်ကြောင်း၊ ပါတီက ပျောက်သွားမည် မဟုတ်ကြောင်း၊ မိမိတို့က ကြိုဆိုကြောင်း၊ အင်န်အယ်ဒီ ပိုမိုအောင်မြင်လာဖို့သာ ရှိသည်ဟု ထင်မြင်ကြောင်း ၎င်း၏ အမြင်ကို ထုတ်ဖော် ပြောကြားသွားသည်။