>
ဆန်ဖရန်တက္ကသိုလ်က မှုန်းကျောင်းသားတို့ရဲ့ ရိုးရာပြပွဲမြင်ကွင်း
ကောလိပ်ဂျင် သာဂိ
ဧပြီ ၁၀၊ ၂၀၁၀
မနက်က မိုးမခမှာ မြင်းရည်တက်ဦးသာက မျိုးဖြုတ်ခံထားရတဲ့ လူမျိုးနွယ်စုတခု၊ အာရှက မှုန်းလူမျိုးတွေ အကြောင်းရေးထားတယ်။ သမိုင်းနဲ့ နိုင်ငံရေးရှုထောင့်က တင်ဆက်ထားတာမို့ အလွန်စိတ်ဝင်စားဖွယ်ရာ ကောင်းပါတယ်။ အင်ပါယာတွေ၊ ကိုလိုနီတွေ၊ နိုင်ငံနယ်နမိတ်တွေ၊ စစ်ပွဲကြီးတွေကြားမှာ မြေစာပင်ဖြစ်ရတဲ့ အာရှလူမျိုးနွယ်စုတခုအကြောင်းဟာ ရင်နင့်ဖွယ်ရာ။ နေ့ခင်းမှာ တိုက်ဆိုင်ကံကောင်းစွာနဲ့ တက္ကသိုလ်ဝင်းထဲက ကျောင်းသားသမဂ္ဂ အဆောက်အဦအတွင်းမှာ ကျောင်းသားအစုအဖွဲ့တခုရဲ့ ရိုးရာ အနုပညာပြပွဲတခုနဲ့ တည့်တည့် ၀င်တိုးတယ်။ အမေရိကန်ပြည်ကို ပြောင်းရွှေ့ထွက်ပြေး ခိုလှုံလာကြသူ မှုန်းလူမျိုးစုတွေရဲ့ ဒုတိယမျိုးဆက် ကျောင်းသားလူငယ်တွေရဲ့ သူတို့မျိုးနွယ်စုတွေရဲ့ ခြေရာကောက်တဲ့ ပြခန်းလေးထဲကို ရောက်သွားပါတယ်။
ဆန်ဖရန်ရဲ့ ပြည်နယ်တက္ကသိုလ် – SFSU မှာ လူမျိုးနွယ်စုံ၊ မျိုးဆက်ပေါင်းစုံက ကျောင်းသားတွေ အလွှာစုံ၊ နေရာစုံက လာတက်ကြတဲ့နေရာမယ် သူတို့ကျောင်းသားသမဂ္ဂက ဆီဇာရှေးဗတ်စ် ကျောင်းသားသမဂ္ဂအဆောက်အအုံတဲ့။ ဆီဇာရှေးဗတ်စ် ဆိုတာက အမေရိကန်တိုက်ရဲ့ သခင်ဘိုးလှကြီး ဒါမှမဟုတ်ရင် ဆရာစံပဲ။ တောင်သူလယ်သမား အလုပ်သမားတွေရဲ့ တော်လှန်ရေးခေါင်းဆောင်။ ပြီးတော့ သူတို့ခန်းမအမည်က ရိုဇာပတ်ခ် ခန်းမတဲ့လေ။ ပထမဦးဆုံး လူမည်း အမျိုးသမီး လူ့အခွင့်အရေးတိုက်ပွဲဝင်သူရဲ့ အမည်နာမ။ တက္ကသိုလ်ဆိုတာ သူပုန်အထိမ်းအမှတ်တွေချည်းပဲ။ အဆောက်အအုံအမည်၊ ကျောက်တိုင်အမည်၊ ရုပ်ထုအမည်တွေက အစ သူတို့သမိုင်းက အခြားသူတွေသမိုင်းက တော်လှန်သူတွေကို အထိမ်းအမှတ်တွေ ထားလေ့ရှိတယ်။ အစတုံးက ဒေါ်စုရုပ်ပုံကို နံရံဆေးရေးပန်းချီမှာတောင် ထည့်ထားဖူးသေးတယ်။ အခုတော့ ပြုပြင်တဲ့အထဲ ပါသွားတော့ မတွေ့ရတော့ဘူး။ နှမျောစရာ။ မြန်မာပြည်က ကျောင်းသားတွေ ပြန် တောင်းဆို ရင်တော့ ပြန်ရနိုင်ကောင်းပါရဲ့။ ဒါက စကားချပ်။
ထားပါတော့။ သူတို့မှုန်းတွေရဲ့ အ၀တ်အစားတွေ၊ အသုံးအဆောင်တွေနဲ့ ရိုးရာပစ္စည်းတွေကို တင်ဆက်ပြသထားပါတယ်။ သူတို့တွေရဲ့ စီစဉ်သူ ကျောင်းသားလေးက အသက် ၂၀ ကျော်။ ဘီလီတဲ့။ နှစ်ပေါင်း ထောင်နဲ့ချီပြီး တရုတ်ပြည်က မောင်းထုတ်ခံရပြီးနောက် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့ကနေ မျိုးဖြုတ် သုတ်သင် ခံရလို့ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်း၊ ပြီးတော့ အနောက်နိုင်ငံတွေဆီမှာ ၁၉၇၀ နောက်ပိုင်းမှာ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခိုလှုံလာကြသူတွေရဲ့ လာခဲ့ရာ ဒေသတွေက အ၀တ်အစား၊ အသုံးအဆောင်တွေကို သူကိုယ်တိုင် ပြန်လည် သွားရောက် သယ်ဆောင်လာပြီး ကျောင်းတွေ တက္ကသိုလ်တွေမှာ ပြခန်းတွေ လုပ်ပြနေတာလို့ ဆိုပါတယ်။
မှုန်းကျောင်းသူ ကျောင်းသားတွေက (၃ ဦးကနေ ၅ ဦး) လောက်က တက်ကြွစွာနဲ့ ပြခန်းကို ပြင်ဆင်ပေးပါတယ်။ သူတို့ကိုယ်တိုင်လည်း မှုန်းရိုးရာဝတ်စုံတွေကို ၀တ်ဆင်ပြီး လက် ၂ ဖက်စာလောက် ရှိမယ့် ကျောင်းသား၊ ဆရာ၊ ၀န်ထမ်း ဧည့်သည်တွေကို တတ်အားသမျှ ရှင်းပြကြပါတယ် သူတို့တတွေရဲ့ ဆန်းပြားတဲ့ ရောင်စုံအဆင်တန်ဆာ၊ ဒီဇိုင်းတွေနဲ့ အ၀တ်အစားတွေဟာ သာဂိတို့ မြန်မာပြည်က တိုင်းရင်းသားဝတ်စုံတွေလို အဆင်တဆာ ရောင်စုံတွေနဲ့ပဲလို့ ဆိုမိတော့ သူတို့ကလည်း သာဂိတို့ မြန်မာပြည်က တိုင်းရင်းသားဝတ်စုံတွေ အကြောင်း သိချင်ကြပါတယ်တဲ့။
မှုန်းတွေက ကယ်လီဖိုးနီးယား ပြည်နယ် အလယ်ပိုင်း (Central Valley) မှာ တောင်သူလယ်သမားတွေအဖြစ် ပြောင်းရွှေ့နေထိုင်ကြတယ်။ သူတို့နှစ်သစ်ကူးပွဲတွေကို အောက်တိုဘာ၊ နိုဝင်ဘာမှာ ပြုလုပ်ကြတယ်။ မြို့နယ်အနှံ့က နေ့ရက်တွေ ခွဲပြီး ကျင်းပကြလို့ သူတို့တွေ နေရာစုံလှည့်ပြီး ဆုံကြတယ်တဲ့။ မျိုးနွယ်စုက ၁၂ မျိုး၊ မျိုးနွယ်စုအလိုက် ၀တ်စုံချင်းလည်း မတူကြပါဘူး။ သူတို့တွေမှာ နတ်ဆရာ (ပယောဂဆရာ)နဲ့ ၀ိဉာဉ်အယူအဆကို ယုံကြည်တယ်။ ဓာတ်ပုံတွေထဲမှာ ဘာသာရေးဆရာရဲ့ အသုံးအဆောင်တွေ၊ သေသွားတဲ့သူကို ဆင်ပေးရမယ့် အဆောင်တွေ၊ ငွေစက္ကူ (အတု)တွေကို၊ ဗေဒင်ဟောတဲ့ ကျွဲချိုတွေကို တွေ့ရမှာ ဖြစ်ပါတယ်။
အဲဒီမှာ အစအဆုံးလိုက်ရှင်းပြနေတဲ့ ဘီလီက သူတို့မှုန်းတွေရဲ့ ဘာသာရေးဆရာ၊ ပယောဂဆရာ တဲ့။ သူ့ကို အိပ်မက်ပေးလို့ သူလည်း ငယ်ငယ်ရွယ်ရွယ်မှာ ယုံယုံကြည်ကြည်နဲ့ ပယောဂဆရာတဦး အဖြစ် ဆောင်ရွက်နေရပုံရပါတယ်။ သူတို့တွေရဲ့ အ၀တ်အစားတွေကို လက်နဲ့ ချုပ်လုပ်၊ ယက်လုပ်၊ အလှဆင်ကြတာဖြစ်လို့ သူတို့ဝတ်စုံတွေက နှစ် ၇၀ လောက် သက်တမ်းရှိတဲ့ ၀တ်စုံတွေမှာတောင် အလှမပျက်သေးဘူး။ အရောင် မပျယ်သေးဘူး။
တရုတ်အင်ပါယာက မှုန်းတွေကို ချေမှုန်းတဲ့နေရာမှာ ဘာသာစကားထဲက အရေးအသားကို ရှင်းပစ်လိုက်နိုင်ပုံပဲ။ သူတို့မှာ စာ မရှိတော့ဘူး။ ဒါပေမယ့် စိတ်ဝင်စားစရာက သူတို့ရဲ့ ၀တ်စုံတွေ၊ အ၀တ်စပေါ်က အပ်ထိုးပန်းချီကားတွေပေါ်မှာ အရုပ်တွေနဲ့ သူတို့ ဇာတ်လမ်းတွေ၊ သမိုင်းတွေကို မှတ်တမ်းတင်ပစ်ခဲ့ကြတယ်တဲ့။ သူတို့ချိတ်ထားတဲ့ ကွင့်တ်ဆိုတဲ့ အ၀တ်စပ်ထည်မှာ လာအိုကနေ စစ်သားတွေ လိုက်သတ်လို့ မဲခေါင်မြစ်ကို ဖြတ်ပြီး ပြေးလို့ ထိုင်းထဲမှာ ၀င်ခိုလှုံရတဲ့ ပုံတွေပါတယ်။ သူတို့ တိရစ္ဆာန်တွေနဲ့ အသက်မွေးမြူခဲ့ပုံတွေ ပါတယ်။ သူတို့ ပန်းချီတွေ၊ ဒီဇိုင်းတွေဟာ ၀ှက်ထားတဲ့ အဓိပ္ပါယ်အပြည့်နဲ့ သူတို့ စာတွေပဲ။ သူတို့ ဘ၀တွေပဲ။
သူတို့တတွေက ကောင်းကင်နဲ့ (ကောင်းကင်ဘုံ) နီးနီးနေချင်လို့ တောင်တွေပေါ်မှာပဲ နေတယ်။ မလွဲသာလို့ မြေပြန့်မှာ ကျက်စားရတယ်။ ပင်လယ်ပြင်တို့ ရေပြင်တို့ကို သိပ်မကြိုက်ကြဘူးတဲ့။ သို့သော်လည်း သမိုင်းက ရက်စက်တဲ့အခါ သူတို့တတွေ ပင်လယ်ကြီး ၂စင်း ၃ စင်းကို ကျော်ဖြတ်ပြီး အနောက်ပြည်တွေမှာ အိမ်လုပ်နေကြရပြီ။ အဲသည်ရဲ့ ဒုတိယမျိုးဆက်တွေ၊ တတိယမျိုးဆက်တွေက အနောက်လေမှာ ပျော်ဝင်နေပြီ။ သို့သော်သူတို့ အခု ၂၀၁၀ မှာ နှစ် ၆၀၊ ၇၀ မှာ အခြားလူမျိုးနွယ်စုတွေကို မျိုးနွယ်စုအသစ်တွေကို သူတို့လာရာလမ်းကို ပြန်ရှင်းပြနေကြပြီ။ ပြုံးပြုံးရွှင်ရွှင်နဲ့။
သူတို့တတွေ မိသားစုတွေရဲ့ သမိုင်းကို ထိန်းထားပုံက ချစ်ခင်စရာပါ။ မျက်ရည်တွေအကြောင်း သိပ်မပါပါ။ သို့သော် သူတို့ခါးဝတ်တန်ဆာနဲ့ ငွေအိတ်တွေမှာ ဆင်ထားတာက ပြင်သစ်ငွေဒင်္ဂါးပဲ သုံးတယ်။ ဒင်္ဂါးပေါ်က နှစ်က ၁၉၃၈ တဲ့။ ဒါက စာလုံးမဲ့ သမိုင်းမှတ်တမ်းပဲ။ သူတို့နဲ့ ရန်စခဲ့ရာ ပြင်သစ်ကိုလိုနီတွေရဲ့ အမှတ်အသားဖြစ်မယ် ထင်ပါရဲ့။
အမေရိကန်အစိုးရက ၁၉၇၀ နောက်ပိုင်း ဗီယက်နမ်က ဆုတ်ခွာခဲ့ပြီးနောက် မှုန်းအချို့ကို လာအိုမှာ ထိုင်းမှာ ပစ်ထားခဲ့တယ်။ အချို့ကိုတော့ အမေရိကန်ကို ခေါ်ဆောင်ခိုလှုံခွင့်ပေးတယ်။ အဲသည်ထဲက မှုန်းဗိုလ်ချုပ်ကြီးတဦ။က ခုချိန်အထိ လက်နက်ကိုင်တော်လှန်ဖို့ လက်နက်တွေ စုဆောင်းနေဆဲမို့ သမ္မတဘွတ်ခ်ျလက်ထက် ဗီယက်နမ်နဲ့ စီးပွားတွေ ပြန်ပေါင်းတော့ အဲသည် တော်လှန်ရေးအိပ်မက်မက်နေသူ အဘိုးအိုကြီးကို အမေရိကန်အစိုးရက ဖမ်းဆီးလိုက်ပါသေးရဲ့။ ဗီယက်နမ်က အခုထိ မှုန်းတွေကို ရန်သူလို သဘောထားတုန်း။ ပြည်ပကနေ သူတို့ကို စိန်ခေါ်သူတွေကို သည်းမခံတော့ အခြားအစိုးရတွေခင်ဗျာ စီးပွားမျက်နှာ မပျက်ချင်တော့ သမိုင်းအတိတ်ခေတ်က မှုန်းစစ်ဗိုလ်ချုပ်ကြီးကို ဖမ်းဆီးထိန်းသိမ်းရရှာတယ်။ သနားစရာ၊ ရယ်စရာ။ သနားစရာက မျက်နှာလုပ်ချင်သူ အမေရိကန်အစိုးရ။ ရယ်စရာက အတ္တမာန်စွယ် ထောင်တဲ့ စစ်နိုင်သူ ဗီယက်နမ်အစိုးရ။ လာအိုအစိုးရတွေကလည်း မှုန်းတွေကို မျက်မုန်းကျိုးနေတာပဲတဲ့။

အမေရိကန်ရောက် ဒုတိယမျိုးဆက် မှုန်းကျောင်းသူ ကျောင်းသားလေးတွေက ဒါတွေကို မသိဘူးလို့ မငြင်းပါ။ ဟုတ်တယ် တဲ့။ ဒါသူတို့ရဲ့ နေ့စဉ်ဘ၀နဲ့ သမိုင်းထဲကလာတဲ့ အဖြစ်တွေကို လက်သင့်ခံထားတဲ့ပုံ။ အတင်းငြင်းဆန် ရှုံချတာ၊ ဝေဖန်တာတွေ မလုပ်ပါ။ အဲဒါလည်း သူတို့ရဲ့ မွေးရာပါ သဘာဝ။
သူတို့က နတ်ဆရာ (ပယောဂဆရာ) ဘီလီပြင်ဆင်ထားတဲ့ အသုဘအခမ်းအနားသုံး ပစ္စည်းတခုကို ပြတယ်။ ဖိနပ်တရံ။ သေပြီဆိုရင် ဟိုမှာဖက်ကမ်းမှာ ပြည့်စုံအောင် အ၀တ်အစား၊ ငွေကြေး၊ အသုံးအဆောင်တွေ အကုန် ထည့်ပေးကြတယ်။ ပြီးတော့ သေသူခြေထောက်မှာ ဖိနပ်တရံ ၀တ်ပေးလိုက်သေးတယ်။ သူတို့အယူအဆက သေရင် လာခဲ့ရာလမ်းကို ခြေရာကောက်ပြီးပြန်ကြရတယ် တဲ့။ လာအိုက လာခဲ့တဲ့ သူတို့ ဘိုးဘွားတွေခင်ဗျာ ကယ်လီဖိုးနီးယားကနေ ပင်လယ်ကြိးဖြတ်ပြီး ဘ၀နိဂုံးရဲ့ ဟိုမှာဘက်ကမ်းကို ပြန်ကြရမှာ ဆိုတော့ ဖိနပ်ကောင်းကောင်း တရံ လမ်းမှာ လိုတယ်တဲ့။ သူတို့ အယူအဆ ရိုးရာတွေဟာ သူတို့အမေရိကန်က လူနီရိုင်းတွေနဲ့ ဆင်သလိုလို၊ သာဂိတို့ တိုင်းရင်းသားတွေနဲ့ ဆင်သလိုလို။ ချစ်ခင်စရာပါ။
သူတို့ကို နှုတ်ဆက်ပြီး ဓာတ်ပုံတွေ ရိုက်ပြီး အလုပ်ထဲကို ပြန်ဝင်လာခဲ့ပါတယ်။ သူတို့တွေ မုန့်ဖိုးတွေစုပြီး တည်ခင်းတဲ့ ဧည့်ခံမုန့်တွေ၊ အသီးဖျော်ရည်တွေတော့ မသောက်ဖြစ်ခဲ့ဘူး။ သူတို့တတွေ ပြခန်းကို သိမ်းကြတဲ့အခါ သောက်စားကြဖို့။ ပြီင်္းတော့ သူတို့ဖွင့်ပေးနေတဲ့ ရိုးရာသီချင်းတွေဆိုတာ အက်ပဲကွန်ပျုတာကနေတဆင့်။ ကျောင်းဝိုင်ဖိုင်ကနေ တဆင့် … YouTube ကနေပြီး သီချင်းတွေစာရင်းလုပ် (playlist) ထားတာကနေ ဖွင့်လှစ် စီးဆင်းနေတာပါ။
အင်း … မြန်မာကျောင်းသားကလေးတွေလည်း သူတို့လို တနိုင်တပိုင် စီစဉ်နိုင်ကြတာပါပဲ။ နောင်များကြမှ ဆန်ဖရန်တက္ကသိုလ်က ကျောင်းသားတွေရဲ့ စာသင်ခန်းပြင်ပ လှုပ်ရှားမှုတွေ ရေးပါဦးမယ်။ စာရေးသူက ကျောင်းတက်၊ စာကျက်ပြီး အတန်းစာအောင်ခဲ့သူမဟုတ်တော့ စာသင်ခန်းထဲက ဘ၀တော့ ကိုယ်ချင်းမစာတတ်။ မှုန်းတွေကိုတော့ ကိုယ်ချင်းစာချင်မိပါတယ်။
(ဓာတ်ပုံ – မိုးမခ၊ ဆန်ဖရန်ဆစ္စကိုစတိတ်ယူနီဗာစတီ၊ ဆီဇာရှေးဗတ်စ် ကျောင်းသားသမဂ္ဂ၊ ရိုဇာပတ်ခ် ခန်းမ၊ မှုန်းလူမျိုးစု အနုပညာ ကျောင်းသားလှုပ်ရှားမှု၊ ဧပြီ ၉၊ ၂၀၁၀)