>Myin Yi Tet U Thar – To live in harmony and peace

>

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့
မြင်းရည်တက်ဦးသာ
ဧပြီ ၄၊ ၂၀၁၀
၂၀၀၇ ခုနှစ် ရဟန်းသံဃာတော်များ ဦးဆောင်တဲ့လူနေအုံကြွမှုကြီးအပြီးမှာ အယ်ဂျာဇီးယား ရုပ်သံလွှင့်ကို သတိထားပြီး စာင့်ကြည့်လာမိတယ်။ BBC တို့၊ Fox News တို့နဲ့မတူ တမူကွဲပြားပြီး တင်ပြပုံကလည်း ဆန်းသစ်သတင်းတွေကလည်း စုံလင်တဲ့အပြင် အာရပ်နိုင်ငံတနိုင်ငံရဲ့ ရုပ်သံလွှင့်ဌာနဖြစ်ပေမယ့် သူကိုကြည့်တော့ ဘက်လိုက်တယ်လို့ မခံစားရတာမို့ စိတ်ထဲမှာ ကြိတ်လေးစားရတယ်။ ဒါကြောင့် နေတိုင်းလိုလိုပဲ အနည်းဆုံး နာရီဝက်လောက်တော့ စောင့်ကြည့် ဖြစ်ပါတယ်။
သည်လိုရေးရတာ အယ်ဂျာဇီးယားကို ကြော်ငြာထုတ်ဖို့ မဟုတ်ပါဘူး။ သည်လ ၂၃ ရက်နေ့က သည်ရုပ်သံလွှင့်က ထုတ်လွှင့်သွားတဲ့ အစီအစဉ်တခုနဲ့ပတ်သတ်တာကို ပြောချင်လို့ပါ။ သည်အစီအစဉ်မှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတာညာဟု ဟာ အမေရကားက AIPMC ဆိုတဲ့ အဖွဲ့အစည်းတခုရဲ့ အစည်းအဝေးမှာ မိန့်ခွန်းပြောနေတာကို ထုတ်လွှင့် ပေးတာပါ။ သူမိန့်ခွန်းပြောနေတုန်းမှာ ပရိတ်သတ်ရဲလက်ခုပ်သြဘာသံတွေက မစဲပါ။ သူစကားတခွန်းပြောလိုက်တိုင်း ပရိတ်သတ်က တခဲနက် လက်ခုပ်သြဘာပေးကြပါတယ်။ ဝန်ကြီးချုပ်ရဲ့ ဟန်အမူအရာရောလေသံနဲ့ အဖြတ်အတောက် ရော ကြည့်ရသူတိုင်းအဖို့ အင်မတန်မှ လေးစားအားကျဖွယ် ကောင်းလှပါတယ်။ ပရိတ်သတ်ရဲ့လက်ခုပ်သြဘာသံကို ခြွေယူတဲ့နေရာမှာ စံပြုလောက်သူတဦးပါ။ နိုင်ငံရေးသမားတယောက်အနေနဲ့ “ကျွမ်းလှချည်လား” လို့ ကျိတ်ပြီးချီးကျူးရ လောက်အောင်ကို ဘင်ဂျမင်က တော်ပါတယ်။ ဒါလောက်တော်လို့လည်း ဆယ်စုနှစ်တခုလောက် အတိုက်အခံအနေနဲ့ ပြန်ရပ်တည်နေရပြီးမှ အခုချိန် ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ဒုတိယအကြိမ် ဝန်ကြီးချုပ်အဖြစ် ပြန်ရွေးကောက်ခံခဲ့ရတာပါ။
          အစ္စရေးဝန်ကြီးချုပ်က ဆွဲဆောင်မှုအပြည့် ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ ပြောသွားတဲ့အကြောင်းအရာက ဂျေရုစလင် မှာ အစ္စရေးလူနေအိမ် ၁၆၀၀ ကျော် ထပ်မံတည်ဆောက်ဖို့ အစ္စရေးအစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် သက်ရောက်လာတဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ဆိုင်ပါတယ်။ သူက “ဒါက ပြန်လည်နေရာချထား (resettlement) နေတာမဟုတ်ဘူး၊ မြို့တော်ကို တည်ဆောက်နေတာ” လို့ ဝင့်ဝင့်ဝါဝါနဲ့ အထက်စီးက ရန်လိုမှုအပြည့်နဲ့ ပြောပါတယ်။ လက်ခုပ်သံတွေ ကတော့ တဖြောင်းဖြောင်းပေါ့၊ “လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ ထောင်က ဂျူးတွေက မြို့တော်ကို တည်ဆောက်ခဲ့ကြတယ်။ ခုအချိန်မှာလည်း ဂျူးတွေက သူတို့မြို့ကို ဆက်ပြီးတည်ဆောက်နေတယ်” လို့ ပြောတော့ လက်ခုပ်သံတွေက ပိုကျယ်ပြီး ပိုကြာလာတယ်လို့ ထင်ရတယ်။ အင်း – ဘုန်းကြီးရူးနဲ့ လှေကလူးတာနဲ့တော့ ကိုက်နေပြီလို့ မသက်မသာ တွေးမိပါတယ်။
သူက ထပ်ပြောပါသေးတယ်၊ ဂျေရုစလင်မှာ စီးပွားရေးတိုးတက်အောင် သူဘယ်လိုလုပ်ခဲ့တယ် ဆိုတာကိုပေါ့၊ နောက်ပြီး ပါလက်စတိုင်းခေါင်းဆောင်တွေက ဘာလုပ်ပေးလဲလို့ မေးခွန်းထုတ်လိုက်ပြီး ပါလက်စတိုင်းခေါင်းဆာင်တွေဟာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးကို ဖျက်စီးနေတယ်လို့ စွပ်စွဲပါတယ်။ သူဒီလိုပြောနေချိန်မှာတော့ နအဖ စစ်ခေါင်းဆောင်တွေက ဒီမိုကရေစီလှုပ်ရှားသူတွေကို စွပ်စွဲတာ၊ သူတို့ကိုယ်သူတို့ မင်္ဂလာယူတာတွေကို သွားပြီး သတိရပါတယ်။ အကြောင်းအရာချင်းမတူပေမယ့် အနှစ်သာရသဘောကတော့ တထပ်တည်းပါလားလို့ မတွေးဘဲ မနေနိုင်ပါ။
ဂျေရုစလင်ဆိုတာ အားလုံးသိကြတဲ့အတိုင်း မွတ်ဆလင်ဘာသာ၊ ခရစ်ယာန်ဘာသာနဲ့ ဂျူးဘာသာတို့ရဲ့ အထွဋ်အမြတ် မြို့တော်ပါ။ သမိုင်းကြောင်းအရ သူပိုင်တယ်၊ ငါပိုင်တယ်လို့ အငြင်းပွားနေတဲ့ ဘာသာရေးဆိုင်ရာ သမိုင်းဝင်အထွဋ်အမြတ် အဆောက်အဦတွေရှိနေတဲ့နေရာပါ။ မကြာသေးခင်ကပဲ ဂျေရုစလင်မှာရှိတဲ့ ဘာသာရေးအဆောက်အဦတွေကို ဂျူးတွေရဲ့ ဘာသာရေး အဆောက်အဦတွေအဖြစ်သတ်မှတ်ဖို့ အစ္စရေးက တဖက်သတ်ကြေငြာတော့ မွတ်ဆလင် ဘာသာဝင်တွေ သာမက နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ဝိုင်းဝန်းကန့်ကွက်ကြပါတယ်။ ဂျေရုစလင်မှာ ဂျူးအခြေကျ အဆောက်အဦတွေ ထပ်ဆောက်မယ်ဆိုတော့လည်း အမေရိကန် ဒုသမ္မတ အပါအဝင် နိုင်ငံခေါင်းဆောင်များက ဝိုင်းပြီးတော့ ရှုံ့ချကြပါသေး တယ်။ ဒါကိုလည်း ဂရုမစိုက်တဲ့အပြင် အစ္စရေးစစ်တပ်က အကြမ်းဖက်ပစ်ခတ်တာကြောင့် ကန့်ကွက်ဆန္ဒပြတဲ့ ပါလက်စတိုင်းလူငယ် ၁၆ ဦး သေဆုံးခဲ့ပါသေးတယ်။
ဒီလိုပြောနေလို့ ဂျူး၊ အာရပ်ပြဿနာမှာ ဂျူးတွေကိုဆန့်ကျင်ပြီး အာရပ်တွေဘက်က ဘက်လိုက်နေတာပါလို့ မှတ်ချက် ပေးကောင်းပေးနိုင်ပါတယ်။ ဂျူးတွေထဲမှာ ဘင်ဂျမင်တို့လို အစွန်းရောက် ဇီရွန်ဝါဒီတွေရှိသလို မွတ်ဆလင်တွေထဲမှာလည်း ဘာသာရေး အစွန်းရောက်တွေရှိပါတယ်။ အစ္စရေးနိုင်ငံကို ဖျက်စီးဖို့ကြံရွယ်ပြီး အနုမြူလက်နက်ထုတ်လုပ်ဖို့ ကြံရွယ်နေတဲ့ အီရန်အစွန်းရောက်ဝါဒီတွေရဲ့လုပ်ရပ်ကိုလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်။ သိုပေမယ့် သက်ဆိုင်သူတွေအတွင်း ငြိမ်းချမ်းစွာအဖြေရှာဖို့ဆိုတာ အင်အားပိုကြီးသူတွေက ပိုတာဝန်ရှိနေတာမို့ ပြောရေးရှိလို့ ပြောရတာဖြစ်ပါတယ်။
ဂျေရုစလင်ကို အစ္စရေးက သူပိုင်တယ်၊ သူမြို့တော်လို့ ပြောတာကိုလက်မခံသလို ပါလက်စတိုင်းတွေက သူပိုင်တယ်၊ သူ့နိုင်ငံလို့ ပြောမယ်ဆိုရင်လည်း လက်ခံဖွယ်ရာမရှိပါ။ သည်လိုလုပ်တာဟာ ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မှု အခွင့်အလမ်းတွေ ပျောက်ကွယ်သွားမှာဖြစ်ပြီး မှန်းဆလို့မရနိုင်တဲ့ ဆုံးစမထင် နက်ရှိုင်းတဲ့ ချောက်ကမ်းပါးကြီးဆီကို အဲဒီဒေသမှာရှိတဲ့ လူမျိုးတွေကို ဆွဲခေါ်သွားမှာဖြစ်ပါတယ်။ ဒါတင်မကဘူး ဒေသတည်ငြိမ်မှု၊ ငြိမ်းချမ်းမှုပျက်ပြယ်ရာက တဆင့် ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားတွေကို ဆိုးဆိုးဝါးဝါး ထိခိုက်လာမှာ ဖြစ်ပါတယ်။ ဒါကို အမျှော်အမြင်ရှိတဲ့၊ အသိအမြင်ကြွယ်ဝတဲ့၊ ကြောင်းကျိုးဆင်ခြင်နိုင်တဲ့၊ လူပီသတဲ့ ဘယ်လိုလူမှ လက်ပိုက်ကြည့်နေနိင်မှာမဟုတ်ပါ။
အစ္စရေးရဲ့ လက်ရှိအစွန်းရောက် အကြမ်းဖက်တဲ့ပေါ်လစီတွေကြောင့် နိုင်ငံတကာမှာလည်း အရှက်တကွဲ အကျိုးနည်း ဖြစ်နေရပါတယ်။ အပြစ်မဲ့ ပါလက်စတိုင်းပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာကြောင့် နိုင်ငံတကာ ရာဇဝတ်ရုံး (ICC) မှာ တရားစွဲခံရမယ့်အဖြစ်ဆိုးနဲ့ ကြုံနေရတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လအတွင်းက ဒူဘိုင်းမြို့တော်မှာ ပါလက်စတိုင်း ခေါင်းဆောင်တဦးကို လုပ်ကြံသတ်ဖြတ်တဲ့အမှုမှာ အစ္စရေးအစိုးရက ကြိုးကိုင်ကြံစည် ဗြိတိသျှနိုင်ငံကူး လက်မှတ်တွေကို အတုလုပ်သုံးစွဲတာကြောင့် ဗြိတိန်နိင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးကို ယခုလ ၂၃ ရက်နေ့က နှင်ထုတ်လိုက်ပါတယ်။ ဒါဟာ ဘင်ဂျမင်နာတာညာဟု အစိုးရရဲ့ မူဝါဒတွေမှားယွင်းနေပြီဆိုတာ သတိပေးတဲ့ အချက်ပြအညွန်းကိန်းတွေပဲလို့ ဆိုရင် မှားမယ်မထင်ပါ။
ကျနော်တို့မမှီလိုက်ပေမယ့် ဟစ်တလာကလည်း လူထုကြားက သြဘာသံတွေကို ဆွတ်ချူတဲ့နေရာမှာ ပြိုင်ဘက်ကင်းတဲ့ နိုင်ငံရေးသမားလို့ ဆိုပါတယ်။ ဂျာမန်အလုပ်သမားပါတီ (The German  worker party) နောက်တော့ ဆိုရှယ်လစ် ဂျာမန်အလုပ်သမားပါတီ (National Socialist German worker party) အတိုကောက်ကတော့ နာဇီပါတီလို့ခေါ်တဲ့ နာမည်လှလှလေးတွေနဲ့ ပါတီကိုတည်ထောင်ပြီး အာဏာရှင် ဖြစ်လာသူပါ။ အစွန်းရောက်အမျိုးသားဝါဒကို ကျင့်သုံးခဲ့ပြီး ဂျူးလူမျိုး ၆ သန်း အပါအဝင် အပြစ်မဲ့အရပ်သား ၁၇ သန်းကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူဖြစ်ပါတယ်။ ကိုယ့်လူမျိုးရဲ့ လွန်မင်းတဲ့ အကျိုးစီးပွားအတွက် အခြားလူမျိုးရဲ့ အခွင့်အရေးကို သုတ်သင်ဖျက်သိမ်းမယ်ဆိုရင် ဘယ်လိုနိဂုံးချုပ် အဆုံးသတ်ရမလဲဆိုတာကို သင်ခန်းစာပေးခဲ့သူပါ။ ဒါကို ဘင်ဂျမင်နာတာညာဟု က သင်ခန်းစာ ရယူတတ်ဖို့လိုပါတယ်။ တချိန်က ဖိနှိပ်ခံခဲ့ရလို့ အများရဲ့စာနာသနားမှု၊ ညှာတာထောက်ထားမှုကို ရယူခံနိုင်ပေမယ့် နောင်တချိန်မှာတော့ ကိုယ်က ဗီလိန်ဘဝနဲ့ တခြားသူတွေကို ကိုယ်ခံစားရတဲ့ ဒုက္ခတွေကိုပဲ ပြန်ပေးအပ်နေတဲ့ ဖိနှိပ်သူဖြစ်လာတာမို့ အများရဲ့ ဝိုင်းပယ်မှုကိုခံရတတ်တယ်ဆိုတဲ့ သဘာဝကိုလည်း နားလည်နိုင်ပါစေလို့ အကောင်းဘက်က မျှော်လင့်ရပါတယ်။
သမိုင်းမှာပြန်ကြည့်ရင် ကမ္ဘာ့မြေပုံဟာ မကြာခဏ ပြန်ဆွဲနေရတာပါ။ ရောမ ခေါမ အင်ပါယာကအစ အော်တိုမန် အင်ပါယာအဆုံး – တီမူး၊ အလက်စန္ဒာရီးယား၊ နပိုလီယန် အပါအဝင် အင်ပါယာသခင်ရဲ့ ဘယ်အင်ပါယာမှ တည်မြဲတာ မဟုတ်ပါ။ ဒါကြောင့် နိုင်ငံတွေရဲ့နယ်နမိတ်တွေ မကြာခဏ ပြန်သတ်မှတ်ခံနေရပါတယ်။ ခုအနီးခေတ်မှာတောင် ဆိုဗီယက်ယူနီယံပြိုကွဲတော့ နိုင်ငံသစ်တွေ ပေါ်လာသေးတာ မဟုတ်ပါလား။ ကိုယ့်နိုင်ငံ ကိုယ့်လူ့အဖွဲ့အစည်းရဲ့ အချုပ်အခြာအာဏာ ကာကွယ်ထိန်းသိမ်းနိုင်ဖို့ဆိုတာ ပေးရန်တာဝန်ဖြစ်တာကြောင့် သည်တာဝန်ကို ကျေပွန်ဖို့ဆိုတာ (survival is fittest) ဆိုတဲ့ ဒါဝင်ရဲ့သီအိုရီသင်ကြားမှုအရ အသင့်တော်ဆုံးအရာတွေ (fittest) ဖြစ်ထွန်းစေဖို့ ဘက်ပေါင်းစုံက စဉ်းစားဆင်ခြင် ရမှာဖြစ်ပါတယ်။
သမိုင်းမှာ ပျောက်ကွယ်သွားတဲ့ ဇီဝမျိုးစိတ်တွေ၊ လူသားမျိုးနွယ်တွေ၊ ရုက္ခဗေဒ အနွယ်တွေဟာ အနတ္တဂမ မဟုတ်လား။ သည်နေရာမှာ လူသားမျိုးနွယ်တွေ ဆက်ပြီးတည်တံ့ရှင်သန် တိုးပွားနေဖို့ အသင့်တော်ဆုံးအရာ (fittest) ဆိုတာဘာလဲ? အချင်းချင်းသတ်ဖြတ်ပြီး အမည်ပညတ် သတ်မှတ်ထားတဲ့ အရာတွေကို သူပိုင်ငါပိုင်လူယူနေကြတာ၊ လူယူနိင်တဲ့ အရည်အသွေးတွေကို တိုးပွားအောင်လုပ်နေကြတာကိုပဲ ခေါ်မလား။ ဒါမှမဟုတ် လူသားအချင်းချင်း မတူကွဲပြားမှုတွေ၊ တွေ့ဆုံ ဆွေးနွေးအဖြေရှာပြီး ငြိမ်းငြိမ်းချမ်းချမ်း အတူလက်တွဲ နေထိုင်နိင်တဲ့ အရည်အသွေး (Capacity of Peaceful coexistence) ကိုပဲ အသင့်တော်ဆုံးအရာ (fitness) လို့ ခေါ်မလား။
လောကီဆိုတာ ဓမ္မနဲ့ အဓမ္မတိုက်ပွဲဖြစ်တာမို့ အဓမ္မနဲ့ ဓမ္မတိုက်ပွဲမရှိရင် လောကီ(လောဘ)ဆိုတာ မရှိနိင်ဘူးလို့ ဆရာကြီး ဦးရွှေအောင်ရေးတာ ဖတ်ဖူး မှတ်ဖူးပါတယ်။ သူက လောကမှာ လူရယ်လို့ဖြစ်လာရင် အဓမ္မဘက်တော်သားလုပ်မလား၊ ဓမ္မဘက်တော်သားအဖြစ် ရပ်တည်မလား တခုခုကို မရွေးမဖြစ် ရွေးရတော့မယ်လို့ ဆိုပါတယ်။
 ကမ္ဘာကြီးမှာ မကြာသေးမီက လူ ၃ သိန်းလောက်သေကြေခဲ့တဲ့ ဟေတီ ငလျင်၊ ပိုသိသာအောင်ပြောရရင် မြန်မာပြည်မှ လူ ၂ သိန်းကျော်လောက် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်းတို့လို သဘာဝဘေးဒဏ် (Natural Disaster) အပြင် လူလုပ်တဲ့ ကပ်ဘေး (Man-made Disaster) အနီးစပ်ဆုံးဥပမာပြောရရင် မက္ကဆီကိုနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ပစ်ခတ်တိုက်ခတ်မှုတွေကြောင့် ၂ နှစ်အတွင်းမှာ လူ ၈ ထောင်သေတဲ့ စစ်ပွဲငယ်တခုပမာပြောလို့မှ မယုံနိုင်စရာပါပဲ။ ကမ္ဘာ့ရဲ့ ဘယ်ထောင့် ဘယ်နေရာမှာမှ လူသားတွေရဲ့ အသိညာဏ်အဆင့်အတန်းနဲ့ ထိုက်တန်တဲ့ငြိမ်းချမ်းမှု၊ လုံခြုံမှုနဲ့ အနာဂတ် မျှော်လင့်ချက်တွေ တိုးပွားဖြစ်ထွန်းစေမယ့် အခြေအနေတွေကို ဖန်တီးနိုင်စွမ်းမရှိသေးပါ။ သံကိုသံဖျက် သံ ချေးတက်၏ ဆိုတဲ့စကားအတိုင်း လူကိုလူကပဲ ဖျက်စီးနိုင်မှာဖြစ်တာမို့ သည်ပျက်စီးအောင်လုပ်နိုင်မယ့် အဓမ္မဝါဒီတွေကို တားဆီးဖို့အတွက် ဓမ္မဝါဒီတွေအဖြစ် ညီညီညွတ်ညွတ်လုပ်ဆောင်ဖို့ အရေးဟာ ကမ္ဘာဂြိုလ်ပေါ်မှာ မှီတင်းနေထိုင်နေတဲ့ လူသားအားလုံးရဲ့ပဓာနနဲ့ အခြေခံကျတဲ့တာဝန်ပဲ ဖြစ်ပါတယ်။
 (၂၆၊ မတ်လ၊ ၂၀၁၀)