>Hanthawaddy U Win Tin – His Words and His Experience for Burma

>

ဟံသာဝတီဦးဝင်းတင် – ဘာလဲဟဲ့ လူ့ငရဲ စာအုပ်ကောက်နုတ်ချက်များ (၂)
မတ် ၂၃၊ ၂၀၁၀
အပိုင်း ၁ – ငရဲဆိုတာ ဂျိုနဲ့လား
အရေးတော်ပုံ တပ်သားကွဟေ့
စာမျက်နှာ ၃၄
နေ့စဉ်ဘ၀မှာလည်း အရေးတော်ပုံတပ်သားအဖြစ်နဲ့ပဲ ကျင့်ကြံခံယူ ဖြတ်သန်းနေခဲ့တယ်လို့ ပြောရင် အများက မဲ့စရာ ဖြစ်နိုင်ပါတယ်။ မဲ့ကာမှ မဲ့ရော ကျနော်ကတော့ ငါ အရေးတော်ပုံတပ်သားကွဟေ့ လို့ ရိုကျိုးနှိမ်ချစွာ လက်မထောင်ချင်ပါတယ်။
တနေ့တာဘ၀ကို ဖြတ်သန်းတိုင်း အထွေထွေသော အဓမ္မစနစ်ဆုင်္းရဲ့ အုတ်ရိုးကို ခေါင်းနဲ့ တိုက်ဖြိုမယ်ဟေ့ ဆိုတဲ့ စိတ်ကို မွေးတယ်။ အမျိုးမျိုးသော ဖိစီးနှောင်ဖွဲ့မှုတွေရဲ့ ထိပ်တုံးတွေကို ခြေနဲ့ ဆောင့်ကန် ဖြုတ်မယ်ဆိုတဲ့ စိတ်ကို မွေးတယ်။ အကြောင်းကြောင်းသော မညီမျှတွေရဲ့ လက်ပြန်ကြိုးကို သွားနဲ့ ကိုက်ဖြတ်မယ်ဟေ့ ဆိုတဲ့ စိတ်ကို မွေးတယ်။ ပရစပါးခင်း၊ အတ္တကောက်သင်းစိတ်ကို မွေးတယ်။ အတောင်သာလျင် ၀န်ရှိသော ငှက်ငယ်စိတ်ကို မွေးတယ်။ အရောင်အ၀ါ ကင်းပ အညတြစိတ်မွေးတယ်။ ဖြောင့်ဖြောင့်လိုက်လျှောက် နောက်နွားစိတ် မွေးတယ်။ ယုံကြည်ချက်နဲ့ အသက်ရှင်မယ် ဆိုတဲ့ စိတ်ကို မွေးတယ်။
ဒီလိုစိတ်ထားမျိုးတွေ ထားနိုင်မှသာ အရေးတော်ပုံတပ်သား အမည်ခံနိုင်မယ်လို့ ယုံကြည်တယ်။ ဒီလိုမျိုး ယုံကြည်ရင်းနဲ့ အသက်ရှည်ခဲ့တယ်။ ဒီလိုမျိုး ယုံကြည်ချက်နဲ့ အသက် ၆၀ မှာ ထောင်ထဲ ရောက်ခဲ့တယ်။ ထောင်နှစ် ၂၀ ကျတော့ အသက် ၈၀ အထိလည်း ဒီလို စိတ်မျိုး မွေးသွားနိုင်မယ် လို့ ယုံကြည်တယ်။