>Regime’s Judicial System corrupted more in 2010 Election year

>

“ငွေများ – တရားနိုင်” – ၂၀၁၀ရွေးကောက်ပွဲ မတိုင်မီ တရားစီရင်ရေး တွင် လာဘ်စားမှုပိုများလာ

မိုးမခ အထောက်တော်၊ ရန်ကုန်
ဇန်န၀ါရီ ၂၁၊ ရန်ကုန်
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ၀န်ကြီးဌါနများက အသံုးစရိတ် ကုန်စင်အောင် သုံးခြင်း၊ ရောင်းချနိုင်သည့် ပစ္စည်းများကို လေလံတင်ရောင်းချပြီး အကျိုးစီးပွားရှာသကဲ့သို့ တရားစီရင်ရေး စနစ်ပိုင်းတွင်လည်း လာဘ်စားမှုများ ပိုမိုများပြားလာပြီး အမှုအခင်းများတွင် ငွေပေးနိုင်သူသာ တရားနိုင်မည့် အခြေအနေသို့ ရောက်ရှိနေသည်ဟု ရှေ့နေများက ပြောဆိုသည်။
လွန်ခဲ့သည့် တစ်နှစ်ခွဲ ခန့်မှစတင်ပြီး တရားစီရင်ရေး စနစ်ပိုင်းတွင် မည်သည့်ခေတ်နှင့်မှ မနှိုင်းယှဉ်နိုင်လောက်အောင် ဆိုးရွားလျက်ရှိပြီး ငွေများရာဘက်သို့ တရားနိုင်ပေး နေသည် ဟုရှေ့နေများက ပြောဆိုကြသည်။
ထိုသို့သော အမှားရလဒ်များကို ပြန်လည်ပြင်ဆင်ဖို့ရာ အတွက်ဗဟိုတရားရုံးအထိ အယူခံဝင်နေရပြီး ထိုအတွက်ကြောင့် အမှုသည်များ အနေဖြင့် ငွေနှင့် အချိန်ပိုကုန်သည့် အဖြစ်များနှင့် ရင်ဆိုင်နေရသည်ဟု လုပ်သက်၂၅ နှစ်ဝန်းကျင်ရှိသည့် အမည်မဖေါ်လိုသူ ရှေ့နေတဦးက ပြောဆိုသည်။
အခြား တရားရုံး ရှေ့နေတဦးကလည်း “အခုက ဘယ်လိုဖြစ်နေလဲဆို မြို့နယ်ရုံးဖြစ်ဖြစ် တိုင်းတရားရုံးဖြစ်ဖြစ် “အော” ရမယ်ဆိုတဲ့ စကား တရားရုံးစာရေးက ပြောလာရင် အဲဒါဆယ်သိန်း၊ စာရေးကို နှစ်သိန်းပေးမှ အမှုနိုင်မှာပဲလို့ အောက်မေ့ပေတော့၊ တခါတခါ အောက်ရုံးမှာ အမှုသည်ဘက်က ငွေ ၄ ၊ ၅ သိန်း ထပ်မလိုက်နိုင်လို့ မှန်နေလျက်နဲ့ ရှုံးသွားရတဲ့ အမှုတွေ အများကြီးပဲ၊ အမှုသည် တယောက်ဟာ ဥပဒေကြောင်းအရ ကိုယ့်ဘက်က သာနေလျက်နဲ့ ငွေမပေးလို့ တရားသူကြီးက ပြောင်းပြန် အမိန့်ချလိုက်တာတွေ အများကြီးရှိတယ်၊ အရင်ကလည်း မတရားမှုတွေ ရှိတာတော့ ရှိပါတယ်၊ ဒါပေမယ့် အခုကာလ လောက်တော့ ဘယ်တုန်းကမှ မရှိခဲ့ဘူး” ဟုပြောသည်။
အကယ်၍ အောက်ရုံးတွင် ရှုံးသွားသည့် အမှုကို အထက်သို့ ထပ်တက်လျင် သိန်း၂၀ ထပ်ကုန်ကျမည် ဖြစ်သည်ဟု လည်းထပ်လောင်း ပြောဆိုသည်။ ယခင်က တိုင်းတရားသူကြီး ၁၀ယောက်ရှိသည့် အနက် ၆ ယောက်က တရားမျှတစွာ စီရင်ခဲ့သည်ဟု ဆိုရလျင် ယခုအခါ ၂ယောက်သာ မှန်ကန်စွာစီရင်ပြီး ၈ယောက်က ငွေများသည့် ဘက်သို့အနိုင်ပေးသည့် အခြေအနေရောက်ရှိ နေပြီဟု လုပ်သက်ရင့် ရှေ့နေက ပြောဆိုသည်။
တရားမမှု တမှုကို အမိန့်စီရင်ချက်မချမီတွင် အမှုသည် နှစ်ဘက်စလုံးကို ပြင်ပတွင် သီးခြားစီ ခေါ်တွေ့ပြီး မည်သူက မည်မျှငွေပေးနိုင်သည်ကို တရားရုံး စာရေးသော်လည်းကောင်း တရားသူကြီးကိုယ်တိုင်က မေးမြန်းသည်ဟု ဆိုသည်။ ထိုအမှုသည် နှစ်ဖက်တွင် ငွေပိုပေးနိုင်သည့် ဘက်ကိုတရားစီရင်ချက်ချသည့် အခါအနိုင်ပေးလေ့ ရှိသည်ဟု အထက်ပါ ရှေ့နေက ရှင်းပြသည်။
၎င်းကပင် “တခါက ဘယ်လိုလဲဆိုတော့ တရားသူကြီးက ဥပဒေကြောင်းအရ သာတဲ့အမှုသည်ကို သူတောင်းတဲ့ငွေပမာဏ ပေးနိုင်ရင်ငွေယူပြီး စီရင်ချက်ချတဲ့နေ့ မနက် ၉ခွဲအရောက် ရုံးကိုလာခဲ့ ၊ အဲလိုမှ မပေးနိုင်ရင်တော့ အဲဒီနေ့ စောစောလာစရာ မလိုဘူး စီရင်ချက်ချမယ့် အချိန်မှလာခဲ့တော့ ဆိုပြီးပြောလိုက်တယ်။ အဲဒါဘာအဓိပ္ပါယ်လဲ ဆိုတော့ စီရင်ချက် အမိန့်နှစ်ခု ကိုရေးထားတယ် ဆိုတဲ့သဘောပဲ အကယ်၍ ဒီလူဆီက ငွေရရင်သူ့ကို အနိုင်ပေးမယ့် အမိန့်ဖတ်မယ်၊ ငွေမရရင် နောက်တယောက်ကို အနိုင်ပေးမယ့် စီရင်ချက်ကို ဖတ်မယ်ဆိုတာပဲ” ဟုရှင်းပြသည်။
သူကပင်“အခုဟာက တရားစီရင်ရေး မဟုတ်တော့ဘူး၊ လေလံတင်သလို ဈေးပြိုင်ဆွဲသလို၊ ဈေးပိုပေးနိုင်တဲ့သူကို အနိုင်ပေးလိုက်တာ” ဟုဆိုသည်။
အဘယ်ကြောင့် ယခုကဲ့သို့ဖြစ်ရသလဲ ဆိုသည်ကို တိကျသေချာစွာ မပြောနိုင်သော်လည်း တရားရေး စနစ်အတွင်း လုပ်ပိုင်ခွင့်ရှိသူများ အနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲ ပြီးသည့်နောက်လက်ရှိရာထူး နေရာများအား ဆက်လက်ရှိမည် မရှိမည် မသေချာသဖြင့် ယခုလုပ်ပိုင်ခွင့်ရှိသည့် အချိန်တွင်ရသလောက် ရှာဖွေထား ခြင်းဖြစ်သည်ဟု ထုတ်ဖေါ်ပြောဆိုမှုများရှိသည်ဟု ရှေ့နေများကပြောသည်။
တရားရေး စနစ်အဆင့်ဆင့်တွင် ငွေပေးမှ အနိုင်ပေးသည့် အဖြစ်အပျက်များ၊ ဥပဒေရေးရာတွင် တကယ် နားလည်တတ်ကျွမ်းပြီး မူနှင့် ဥပဒေ အတိုင်းလုပ်ဆောင်သူများကို စစ်ဗိုလ်ချုပ်များက ခိုင်း သည့်အတိုင်းမလုပ်၍ ရာထူးမှ ဖြုတ်ပြစ်ခြင်းများကြောင့် ပိုမိုပျက်စီးလာသည် ဟုလည်း ရှေ့နေများက ပြောဆိုကြသည်။ 




Photos – http://upload.wikimedia.org/wikipedia/commons/b/b2/High_Court%2C_Yangon%2C_Myanmar.jpg