>
ရှုမ၀ဦးကျော် နှစ် ၁၀၀ ပြည့် အခမ်းအနားကျင်းပ
မိုးမခဓာတ်ပုံသတင်း၊ မိုးယံမခ၊ ရန်ကုန်
၁၉၄၇ ခုနှစ် မြန်မာပြည်ရဲ့ လွတ်လပ်ရေးခေတ်ဦးကတည်းက ထုတ်ဝေခဲ့တဲ့ ရှုမ၀ရုပ်စုံမဂ္ဂဇင်း ထူထောင်သူ ရှုမ၀ဦးကျော်ရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အမှတ်တရ အခမ်းအနားကို ဇန်န၀ါရီလ ၁၀ ရက်၊ တနင်္ဂနွေနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ အလံပြဘုရားလမ်းက ယုဇနဂါးဒင်းဟိုတယ်မှာ မိသားစုဝင်များက ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှူးအဖြစ် စာရေးဆရာမ ရွှေကူမေနှင်းက ဆောင်ရွက်ပြီးရှုမ၀ဦးကျော်ရဲ့ သမီးကြီး ဒေါ်မြင့်မြင့်သန်းက သူ့ဖခင်ရဲ့ နှစ် ၁၀၀ မြောက် မွေးနေ့ကို တက်ရောက်လာကြသူများကို ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။
စာရေးဆရာမ ကြူကြူသင်းက ဆရာကြီး ရှုမ၀ဦးကျော်ရဲ့ အထုပ္ပတ္တိအကျဉ်းကို ဖတ်ကြားခဲ့ပြီး ပန်းချီဆရာမောင်ညိုဝင်းက ဆရာရှုမ၀ဦးကျော် မြေတောင်မြှောက်ပေးခဲ့မှုကြောင့် ရှုမ၀မဂ္ဂဇင်းမှာ ပန်းချီဆရာ ဖြစ်လာခဲ့ရပုံကို ပြောကြားခဲ့ပါတယ်။
ဆရာကြီး ရှုမ၀ဦးကျော် ရိုက်ကူးခဲ့တဲ့ “လာလုငေးငေး” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်မင်းသားအဖြစ် ပါဝင်ခဲ့တဲ့ မင်းသားကြီးဦးမြင့်စိုးက ဆရာ ရှုမ၀ဦးကျော် အမှတ်တရ တေးထပ်ကဗျာကို ကိုယ်တိုင်ရေးစပ်ပြီး ရွတ်ဆိုခဲ့ပါတယ်။
ရှုမ၀ဦးကျော် သင်ကြားပို့ချခဲ့တဲ့ ရုပ်ရှင်ပညာသင်တန်းမှာ တက်ရောက်ခဲ့ပြီး နာမည်ကျော် ရုပ်ရှင်မင်းသမီးဖြစ်လာခဲ့သူ ဆွေဇင်ထိုက်က ဆရာဦးကျော်ရဲ့ ရုပ်ရှင်သင်တန်းမှ ရရှိခဲ့တဲ့ အနုပညာအတွေးအမြင် အတွေ့အကြုံ အယူအဆများအကြောင်းကို တင်ပြခဲ့ပါတယ်။
ဆရာဦးကျော်ကို တခါမှ မတွေ့ဖူးလိုက်ပေမယ့် ရှုမ၀မဂ္ဂဇင်းမှာ ဆရာမောင်ဆွေတင့် ကိုင်တွယ်စဉ်၊ ၁၉၇၈ ခုနှစ်က စပြီး ပန်းချီဝသုန်ရဲ့ သရုပ်ဖော်လက်ရာတွေနဲ့ ရုပ်ပြအခန်းဆက်အဖြစ် “လင်္ကာဒီပချစ်သူ” ဇာတ်လမ်းကို ၃ နှစ်နီးပါး အခန်းခွဲရေးသားခဲ့သူ စာရေးဆရာချစ်ဦးညို က ရှုမ၀မဂ္ဂဇင်းမှာ ရေးဖြစ်ခဲ့သော ရုပ်ပြများ၊ ၀တ္ထုများနှင့် ရှုမ၀မဂ္ဂဇင်း၏ စာပေအကျိုးကျေးဇူးများကို တင်ပြသွားခဲ့ပါတယ်။
အခမ်းအနားရဲ့နောက်ဆုံး အစီအစဉ်အဖြစ် ဆရာဦးကျော်ရဲ့ သမီးလတ် ဒေါ်အေးအေးသန်းက တက်ရောက်လာကြသူများကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အကျွေးအမွေးအစီအစဉ်များနဲ့ ဧည့်ခံခဲ့ပါတယ်။
အခမ်းအနားကြွရောက်လာကြတဲ့ ရုပ်ရှင်၊ ဂီတ၊ စာပေနယ်မှ ဧည့်သည်များကို ရှုမ၀ဦးကျော်၏ နှစ် ၁၀၀ ပြည့် မွေးနေ့ အမှတ်တရစာအုပ်လက်ဆောင် ပေးအပ်ခဲ့ပါတယ်။
ဦးဝင်းတင်၊ အောင်သင်း၊ ဒဂုန်တာရာ
ပါရဂူ၊ ဦးဝင်းတင်၊ ဒဂုန်တာရာ၊ မောင်မိုးသူ
အခမ်းအနားမှာ ဆရာကြီး ဒဂုန်တာရာ၊ ဆရာကြီး ပါရဂူ၊ ဆရာကြီး ဦးဝင်းတင် အစရှိတဲ့ စာနယ်ဇင်းပညာရှင်ကြီးများနဲ့ စာနယ်ဇင်းနယ်ပယ်အသီးသီးက ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြတာကို တွေ့ရပါတယ်။
ကျော်သူ၊ မောင်ခင်မင်(ဓနုဖြူ)၊ မောင်လင်းယုန်(ရှမ်းပြည်)၊ သန်းမြင့်အောင် (အပေါ်မှအောက်၊ နာရီလက်တံ)