>Mawlamyyine Authority imposed too much tax onto local businesses

>

မော်လမြိုင်မြို့တွင် လုပ်ငန်းရှင်များအား မတန်တဆ အခွန်ကောက်ခံနေဟုပြောဆို

မိုးမခအထောက်တော်၊ ရန်ကုန်
ဇန်န၀ါရီ ၆၊ ၂၀၁၀
မော်လမြိုင်မြို့ မြို့နယ်အခွန်ဦးစီး ဌါနမှ အသေးစား လုပ်ငန်းရှင်များအပေါ် ကောက်ခံသည့် အခွန်နှုန်းထားများမှာ တနှစ်ထက်တနှစ် အဆနှင့် ချီပြီးမြင့်တက်လာပြီး လုပ်ငန်းကိုင်ငန်းမှာမူ ဆန့်ကျင်ပြီး ကျဆင်းနေသဖြင့် ဆက်လက်ရပ်တည်ရန် ခက်ခဲလာကြောင်း အမည်မဖေါ်လိုသည့် မော်လမြိုင်မြို့မှ ရေခဲစက်လုပ်ငန်းရှင် တဦးက မိုးမခသို့ ပြောသည်။
အဆိုပါ ရေခဲစက်လုပ်ငန်းရှင်က ပြောဆိုရာတွင် “ တနှစ်တခါဆောင်ရတဲ့ ၀င်ငွေခွန်ဟာ လွန်ခဲ့တဲ့ ၅နှစ်အတွင်း ၂၅ဆနီးပါး တက်သွားတယ်။ တချို့နှစ်တွေမှာ ၁၀ဆကျော် ခုန်တက်ပြီး တချို့နှစ်တွေမှာ ၂၀ ရာခိုင်နှုန်းက နေ ၄၀ ရာခိုင်နှုန်းအထိတက်သွားတယ်။ အထက်က ညွှန်ကြားတဲ့ ပေါ်လစီအရ တက်တာရှိသလို ကျွန်တော်တို့က မြို့နယ်မှူးတွေကို လာဘ်မထိုးတာကြောင့် တက်သွားတာလည်း ရှိတယ်” ဟု အဆိုပါ လုပ်ငန်းရှင်က ပြောဆိုသည်။
ဥပမာအားဖြင့် ၂၀၀၅-၀၆ အခွန်နှစ်က ကျပ် ၁ သိန်းဝန်းကျင် အခွန်ဆောင်ခဲ့ရသည့် အသေးစား လုပ်ငန်းတခုသည် ၂၀၀၆-၀၇ တွင် ၁၅ သိန်းသို့ တိုးမြှင့်ခဲ့သည်ဟု သိရှိရသည်။ စီးပွားရေး လုပ်ငန်း အခြေအနေ တိုးတက်ကောင်းမွန်မှုမှာ မော်လမြိုင်မြို့အနေဖြင့် ထိုတနှစ်တာ အတွင်း ၁၅ဆ မဆိုထားနှင့် ၁ဆခွဲ ၂ဆ သို့ပင်တိုးတက်ကောင်းမွန်ခဲ့ခြင်း မရှိခဲ့ဟုလည်း လုပ်ငန်းရှင်များက ရှင်းပြကြသည်။ တနှစ်ထက်တနှစ် ခုန်တက်နေသည့် အခွန်နှုန်းထားများ ကြောင့် နှစ်စဉ်အခွန်ကြေအောင် ပေးဆောင်ရန်မှာ လစဉ်ငွေဖယ်ထားမှ ဖြစ်မည့် အခြေအနေရောက်နေသည်ဟု အထက်ပါ လုပ်ငန်းရှင်က ပြောဆိုသည်။ သူ့အနေဖြင့် နောက်ဆုံး အခွန်ပေးဆောင်ရမည့် ငွေနှင့် အမြတ်ငွေ မကာမိလျင် လုပ်ငန်းပိတ်သိမ်းရုံမှ လွဲပြီးအခြား နည်းလမ်းမရှိဟုလည်း ပြောဆိုသည်။
အခွန်ဦးစီးမှူးနှင့် သော်လည်းကောင်း အခွန်ရုံးမှ တာဝန်ရှိသူများနှင့် အဆက်အသွယ်ကောင်းသည့် အချို့သော လုပ်ငန်းရှင်များမှာမူ လုပ်ငန်းအရွယ်အစားကြီးသော်လည်း အခွန်ငွေပမာဏ နည်းခြင်း၊ အချို့သောနှစ်များကို လုပ်ငန်းရပ်ဆိုင်းထားသည့် စာရင်းပြပြီး ကင်းလွတ်စေခြင်း စသည့်နည်းများဖြင့် သက်သာရာ သက်သာကြောင်း ဆောင်ရွက်နေကြသည်ဟုလည်း အဆိုပါလုပ်ငန်းရှင်ကပင် ဖြည့်စွက်ပြောဆိုသည်။
အခွန်ထမ်းသူအား တနှစ်တကြိမ် မေးမြန်းရန် ပြည်တွင်း အခွန်ရုံးမှ ခေါ်ယူသည့်အခါ လာဘ်ထိုးသည့် လုပ်ငန်းရှင်များအနေဖြင့် အစိုးရသို့ ပေးဆောင်ရမည့် အခွန်ကိုလျော့ပေါ့ပေးပြီး ထိုသို့မလုပ်သူများ အနေဖြင့် အလားတူလုပ်ငန်းများထက် ပိုမိုပေးဆောင်ရလေ့ရှိသည်ဟု မော်လမြိုင်မြို့မဈေးတွင် ဈေးရောင်းသူများက ပြောဆိုသည်။
မော်လမြိုင်မြို့တွင်း ပြေးဆွဲသည့် လိုင်းကားပိုင်ရှင်တဦးကလည်း “လိုင်းကားက တနေ့မှ ၂၀၀၀ ကနေ ၅၀၀၀ ကျပ်လောက်ပဲ ပိုင်ရှင်အတွက်ကျန်တာ တနှစ်ကုန်လို့ လိုင်စင်လဲရင် ပြေးဆွဲခွန်ရော အခြားခွန်တွေနဲ့ဆို ၁သိန်းကျော် ပေးရတယ်။ အဲဒါကြောင့် မခံနိုင်တော့လို့ ပြီးခဲ့တဲ့နှစ်မှာ ကားရောင်းထုတ်လိုက်ပြီ” ဟုပြောဆိုသည်။
ယခင် မဆလ အစိုးရ လက်ထက်က မော်လမြိုင်မြို့သည် ထိုင်းနိုင်ငံမှ တရားမ၀င်တင်သွင်းသည့် မှောင်ခိုပစ္စည်းများ ဖလှယ်ရာ အချက်အချာမြို့ ဖြစ်ခဲ့ပြီး စည်ကားခဲ့သော်လည်း နယ်စပ်ကုန်သွယ်ရေး တရားဝင်ဖွင့်လှစ်လိုက်သည့် ၁၉၈၉ ခုနှစ်နောက်ပိုင်း စီးပွားရေး ကျဆင်းလာခဲ့သည်ဟု မြို့ခံများကပြောဆိုကြသည်။
(ဓာတ်ပုံ – မော်လမြိုင်မြို့ကို တောင်ပေါ်မှ မြင်ရသည့် ရှုခင်း၊ မိုးမခ)