>Maung Thara – The Light House in the Ocean

>

ပင်လယ်ပြင်ထဲက မီးပြတိုက်

မောင်သာရ
ဇန်နဝါရီ ၆၊ ၂ဝ၁ဝ
စာပေမိတ်ဆွေများခင်ဗျား…။ နည်းနည်းနောက်ကျသွားတာကိုတော့ ခွင့်လွှတ်ပါနော်။ နတ္တော် သည်လ စာဆိုတော်ရာသီဆိုတာ ကျုပ်မမေ့ပါဘူး။ ဒါပေမယ့် သည်နှစ်ကျခါမှ တခြားဘယ်နယ်စာပေဟောပြောပွဲမှလဲ မရောက်ဖြစ်၊ ကျန်းမာရေးကလဲ အသင့်အတင့်ကောင်းနေပါရက်ကယ်မို့ စာပေကိစ္စ ပြောဖို့ကို အချိန်မရလိုက်ဘူး။ ပြဿနာက ဘယ်သူမှမဟုတ်ဘူး။ ကျုပ်ပဲ။
အကြောင်းက (၁) ခုတလောမှ ကျုပ်က စိတ်တွေရပြီး ဝတ္ထုတိုတွေ ရေးဖြစ်နေတယ်။ နှစ်ပုဒ် ပြိုင်တူကြီးများတောင်မှ …။ တပုဒ်က Los Angeles မြို့ထုတ် “ရတနာပုံနေပြည်တော်သတင်းစာ”အတွက်။ ဝတ္ထုက သည်ကနေ့ အသက်၄၀ အသက်၅၀တန်းတွေ မမီလိုက်တဲ့ ဒုတိယကမ္ဘာစစ်ကာလနောက်ခံ မန္တလေးက အကြောင်း။ နောက်တပုဒ်က San Francisco က အာကာကိုလွှာပုံပြု တင်ထားတဲ့ ‘မိုးမခ’အတွက်။ သည်ကနေ့ မျက်မှောက်ကာလ Americaက homeless နဲ့ jobless တွေ့ကြပုံ အချစ်ဇာတ်လမ်း သရုပ်မှန်ဝတ္ထု။ ဖြစ်ချင်တော့ နှစ်ပုဒ်လုံးက တော်တော်နဲ့ မရပ်နိုင်ဘူး။ ပြည်တွင်းက မဂ္ဂဇင်းဝတ္ထုရှည်တွေလောက် ရှည်ကုန်တယ်။ ဝတ္ထုအကြောင်း စာပေအကြောင်း သိတယ်နော်။ စိတ်ပါတုန်း ကုန်းရေးရတာ…။ အာရုံ ဖြတ်ပြစ်လို့ မကောင်းတတ်ဘူး။ 
နောက်တကြောင်းက…(၂) ကျုပ်က ဘာကောင်မှ မဟုတ်ပေမယ့်၊ ကျုပ်နေတဲ့ Las Vegas မြို့မှာ အင်မတန် ကြီးကျယ်ခမ်းနားတဲ့ အဋ္ဌမအကြိမ်မြောက် ‘စာအုပ်ပွဲတော်’ကြီးနဲ့တိုးပြီး၊ အလုပ်တွေရှုပ် အလုပ်တွေ များနေတယ်လေ။ စာအုပ်ပွဲတော် book festivalလို့သာ အစဉ်အလာအရ နာမည်တပ်ထားတာပါ။ အမှန်က ကျုပ်တို့ပြည်တွင်းက စာပေသမားတွေ အတုယူ ကြိုးစားစည်းရုံးပြီး စီစဉ်ကျင်းပဖို့ကောင်းတဲ့ စာပေပွဲတော်ကြီးမျိုးပါ။ သူတို့က စာအုပ်ပွဲတော်လို့ ဆိုပေမယ့် ကျုပ်တို့ပြည်တွင်းမှာ မေ့လောက်မှတခါ ထလုပ်လေ့ရှိတဲ့ … မြေနေရာလပ်တကွက်မှာ စီးပွားရေးအလို့ငှာ စာအုပ်အဟောင်းအသစ်တွေကို လျှော့ဈေးအထူးနှုန်းနဲ့ ချရောင်းတဲ့ … စာအုပ်တိုက်စာအုပ်ဆိုင် စုပေါင်းဈေးတန်းမျိုး လုံးဝ မဟုတ်ဘူး။ လုံးဝ မတူဘူး။
အဓိက က…စာပေဟောပြောပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ၊ ကဗျာရွတ်ပွဲတွေ၊ ရေးသူဖတ်သူ မေးမြန်းဆွေးနွေးပွဲတွေနဲ့ စာရေးသက်အတွေ့အကြုံ နည်းပေးလမ်းပြဆွေးနွေးတင်ပြပွဲတွေသာ။ မြို့ရဲ့ လေးပြင်လေးရပ် နေရာအနှံ့အပြားမှာ တပြိုင်နက်တည်း ကျင်းပနေကြတာ ဖြစ်တယ်။ America နိုင်ငံအနယ်နယ်အရပ်ရပ်က လာရောက်ဟောပြောဆွေးနွေးကြတဲ့ နိုင်ငံကျော်စာရေးဆရာ ကဗျာဆရာတွေအပါအဝင် နယ်ခံ တက်သစ်စ နာမည်ရကလောင်တွေ စုစုပေါင်း ၆ဝကျော် ပါဝင် ဆင်နွှဲကြတဲ့ပွဲပဲ။ ပွဲတော်က … လုံးဝ မအိပ်တဲ့ Las Vegas မြို့နဲ့အပြိုင် … လဆန်း ၄ရက်နေ့ကနေ လဆန်း၈ရက်နေ့အထိ ငါးရက်တိုင်တိုင် နေ့ညမနား ဟောပြောဆွေးနွေးကြတာဖြစ်တယ်။
ဘယ်စာရေးဆရာတွေ…ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ဘာအကြောင်း ဟောပြောဆွေးနွေးမယ် ဆိုတဲ့ … ဘကုန်းငါးလုံး အစီအစဉ်တွေကိုလဲ ကြိုတင်ဖြန့်ဝေထားတဲ့ လက်ကမ်းစာအုပ်ကလေးတွေထဲမှာ အပြည့်အစုံ ဖော်ပြထားတဲ့အပြင် … website မှာနဲ့ နေ့စဉ်ထုတ်သတင်းစာတွေထဲမှာလဲ တွေ့နိုင်ပါတယ်။ ပြီး ဘယ်သူမဆို ဘယ်နေရာ ဘယ်ခန်းမမှာပဲ ဖြစ်ဖြစ်၊ ဝင်ကြေးမရှိ အခမဲ့ ဝင်ရောက် နားထောင် နိုင်တယ်။ ဟောပြောပွဲတွေ ရှိရာ … တချို့ တက္ကသိုလ်တွေမှာ တချို့စာကြည့်တိုက်တွေမှာ တချို့အနုပညာ ဆိုကရေးတီးကျောင်းတွေမှာ နဲ့ တချို့ စာနယ်ဇင်းတိုက်ခန်းမတွေမှာလဲ မြို့က စာပေသမား စာရေးဆရာ ကဗျာဆရာ လူငယ်ကလောင်သစ်တွေက ကြိုဆိုဧည့်ခံနေကြလေရဲ့။ ရင်ဘတ်မှာ စာအုပ်ပွဲတော်တံဆိပ်နဲ့ ကိုယ့်နာမည်ရေးထားတဲ့ ရင်ထိုးလေးတွေနဲ့…။ 
အဲ…ကျုပ် ကြက်သီးတွေ တဖျန်းဖျန်းထ အားကျခဲ့ရတဲ့ ဖွင့်ပွဲ အခမ်းအနားအကြောင်း ပြောပြရအုံးမယ်။ ဖွင့်ပွဲအခမ်းအနားကိုတော့ မြို့ရဲ့အထင်ကရ ကြီးကျယ်လှပခမ်းနားတဲ့နေရာတွေမှာ မလုပ်ဘူး။ မြို့ရဲ့ စာပေသမိုင်းမှာ မူလပထမ အုတ်မြစ်ချခဲ့တဲ့ အမှတ်၅လမ်းထဲက သာမန်စာသင်ကျောင်းကလေး … (ကျုပ်တို့ မန္တလေးက အခု အထက ၂ လို့ ခေါ်နေတဲ့…ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ကျဆုံးသွားခဲ့ရတဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီးဦးရာဇတ် တည်ထောင်ခဲ့တဲ့ အမျိုးသားအထက်တန်းကျောင်းလိုမျိုး) မှာပဲ ကျင်းပတယ်။ Las Vegas မြို့တော်ဝန် Oscar Goodman က ရွှေချည်ငွေချည်မျှင်တွေတန်းထားတဲ့ ကောင်းကင်တမန် ရောင်စုံမိုးပျံပူပေါင်း ၈၀၀ ကို ဖဲကြိုးဖြတ် ဖွင့်လှစ်လိုက်တယ်။
ဖွင့်လှစ်လိုက်လို့ သြဘာပေးကြတဲ့ လူထုပရိသတ်ရဲ့ လက်ခုပ်သံတွေနဲ့ တပြိုင်တည်းမှာပဲ … ကျောင်းပရဝဏ်မှာ ရပ်ထားကြတဲ့ ဆယ့်ရှစ်ဘီးတပ် အလှဆင်ဇာတ်ခုံမဏ္ဍပ်မော်တော်ယာဉ်ကြီး ရှစ်စင်းပေါ်က ဆယ်ကျော်သက် ကျောင်းသူလှပျိုဖြူလေးတွေက ခုန်ပေါက်မြူးကြွ ထ ကကြတော့တာပဲ။ မော်တော်ယာဉ်ကြီးတွေကလဲ သူတို့ဟွန်းကျယ်ကြီးတွေနဲ့ ဝီတံမှာ စည်းချက်လိုက် နှိပ်ကြလို့ …။ အို … ပရိသတ်ကပါ လိုက်ကကုန်ကြတယ်။ ဒါပေမယ့် သီချင်းလဲ မဆုံးသေးပဲနဲ့ … ရုတ်တရက် ဗြုန်းဆို ဂီတသံတွေ ရပ်ပစ်လိုက်ပြီး၊ အခမ်းအနားစင်မြင့်ပေါ်က မီးမောင်းတွေ ပြန်ဖွင့်လိုက်တယ်။ အဲ…အဲသည်တော့မှ အခမ်းအနားမှူးက ကျေညာတယ်။
အစီအစဉ်အရ … ဒီရဲ့ the United States poet laureate နိုင်ငံဂုဏ်ထူးဆောင်ဘွဲ့ရ ကဗျာဆရာကြီး kay ryan က … ‘ကဗျာနဲ့ ကဗျာကိုခံစားသူ’အကြောင်း နည်းနည်းပြောပြီး သူ့ရဲ့ ‘dew’ဆိုတဲ့ ကဗျာကလေးကို ရွတ်ဆို ဖွင့်လှစ်လိုက်ပြန်တယ်။ ပြီး နိုင်ငံကျော်ဝတ္ထုရေးဆရာကြီး E.L. doctorow ကလဲ သူ့ရဲ့ ‘ragtime’ဝတ္ထုထဲက စာတပိုဒ်ကို ဖတ်ပြပြီး တတိယအကြိမ် ထပ်ဆင့်ဖွင့်လိုက်ကြတယ်။ သူ့ရဲ့ စာပေအလင်းရောင်နှစ်ဖြာ ကဗျာနဲ့ဝတ္ထုက las vegasရဲ့ အပျော်အပါး ပရိသတ်အတွက် မပါ စာဖတ်သူများအတွက်သာ ဖြစ်ပါကြောင်း ရဲဝံ့စွာ ကျေညာပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ပါတယ်။
အဲ…စာအုပ်ပွဲတော် အထိမ်းအမှတ်ဖြစ်ကြတဲ့ အကနဲ့အလှပြ စာအုပ်ပုံ ဇာတ်ခုံ မော်တော်ယာဉ်ကြီး ရှစ်စင်းကတော့ … ကျုပ်တို့မန္တလေးသင်္ကြန်က အကအလှယာဉ်ကြီးတွေလို အရပ်ရှစ်မျက်နှာ ဖြာထွက်ပြီး နေကုန်နေခမ်း လှည့်ကပြဖျော်ဖြေ စာပေဟောပြောနေကြလေရဲ့  
x x x
ခုနှစ်တော့ အတိအကျ မမှတ်မိတော့ဘူး။ ၁၉၇၀ခုနှစ်ဝန်းကျင်က ဖြစ်လိမ့်မယ်ထင်ပါရဲ့။ ကမ္ဘာ့ကုလသမဂ္ဂ က ‘နိုင်ငံတကာစာအုပ်နှစ်’လို့ သတ်မှတ်ပြဌာန်းကျေညာလိုက်တာနဲ့ … ကျုပ်တို့တိုင်းပြည်မှာလဲ အစိုးရပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမာန်အဖွဲ့က ကြီးမှူးပြီး စာအုပ်ပွဲတော်ကြီး တခမ်းတနား ပြုလုပ်ကျင်းပခဲ့ဖူးပါတယ်။ ရန်ကုန်ရွှေတိဂုံဘုရားလမ်းနဲ့ ဦးဝိစာရလမ်း ဆုံရာရဲ့အထက်နားက jubilee hall မှာပါ။ ဟောပြောပွဲမပါ … စာတမ်းဖတ်ပွဲတွေ၊ စာပေဆွေးနွေးပွဲတွေ၊ စာအုပ်ပြခန်းတွေ၊ ပုဂ္ဂလိက စာအုပ်ဆိုင်တွေနဲ့ … ဘယ်နှစ်ရက်လဲ မသိ၊ အကြီးအကျယ် စည်ကားသိုက်စွာ ကျင်းပခဲ့တာပါ။ 
သည်  jubilee hall ဆိုတာက နှစ်ဖက်နံရံပြည့်ဇာတ်ခုံကြီးနဲ့၊ နောက်ပိုင်းပွဲကြည့်စင်နှစ်ထပ်နဲ့၊ ပရိသတ်တထောင်ဆံ့ ဧရာမ ခန်းမ အဆောက်အဦကြီးပါ။ အင်္ဂလိပ်ကိုလိုနီခေတ် ပိသုကာလက်ရာ စုလစ်မွမ်းချွန်တွေနဲ့ ခမ်းနားလှပစွာ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် နောင် တိုင်းပြည်လွတ်လပ်ရေး ရတဲ့အခါမှာ ‘ယဉ်ကျေးမှုဗိမာန်’ရယ်လို့ ပြောင်းလဲအမည်တွင်ခဲ့ပါတယ်။ 
၁၉၄၇ခုနှစ်က မသမာသူ လူယုတ်မာတစုရဲ့လက်ချက်နဲ့ လွတ်လပ်ရေးပိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ကြရတော့လဲ ပြည်သူလူထုရဲ့ နောက်ဆုံးဂါရဝအလေးပြု ခံယူနိုင်ဖို့အတွက် သည်  jubilee hall ခန်းမမှာပဲ ပြင်ဆင်ပြသခဲ့ပါတယ်။ 
ဆိုလိုတာက ယဉ်ကျေးမှုအရရော နိုင်ငံရေးအရပါ တန်ဖိုးထားထိန်းသိမ်းထားရမယ့် သမိုင်းဝင်အဆောက်အဦကြီး ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဘူမိနက်သန် မှန်ကန်တဲ့ သည်နေရာမှာ စာအုပ်ပွဲတော်ကြီး ကျင်းပပြုလုပ်တော့၊ အင်မတန်သင့်မြတ်လျော်ကန်ပြီး ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံအောင်မြင်ခဲ့တယ်လို့ ဆိုရပါမယ်။ အဲသည် စာအုပ်ပွဲတော်မှာ ဖတ်ကြားတင်သွင်းဆွေးနွေးခဲ့ကြတဲ့ စာတမ်တွေနဲ့ မှတ်တမ်းမှတ်ရာတွေကတော့ စာပေဗိမန်အဖွဲ့မှာ ထိန်းသိမ်းထားတာ ရှိပါလိမ့်မယ်။ 
ဒါပေမယ့် ဝမ်းနည်းကြေကွဲစရာကောင်းတာက သည်ကနေ အဲသည်နေရာမှာ အဲသည်  jubilee hallဆိုတဲ့ သမိုင်းဝင်ယဉ်ကျေးမှုဗိမာန်ကြီး မရှိတော့ပါဘူး။ ထုံးစံအတိုင်း အုပ်ချုပ်သူ မသမာသူ လူယုတ်မာ ဗိုလ်ပါတစုက ဖြိုခွဲဖျောက်ဖျက်ပစ်လိုက်ကြပါပြီ။ သူ့မယားလိုချင်ရင် သူ့လင် လှံနဲ့ထိုး ဆိုသလို သည်နေရာမှာ အသစ်တည်ဆောက်ထားတဲ့ တပ်မတော်မော်ကွန်းတိုက် ဆိုတာပဲ တွေ့ရပါတော့တယ်။  
သိတယ်နော် … ။ ကျုပ်ပြောချင်တာက အမွေအနှစ်ရဲ့တန်ဖိုး၊ သမိုင်းရဲ့တန်ဖိုး၊ ရှေးဟောင်းလက်ရာရဲ့တန်ဖိုးကို … လေးလေးစားစား သိထားနားလည်တဲ့လူတွေနဲ့ ပေါက်လွှတ်ပဲစား အာဏာရလူရမ်းကားတွေရဲ့ ခြားနားချက်ကိုပါ။ အထက်က ကျုပ်ပြောခဲ့တဲ့ ကျုပ်နေနေတဲ့ Las Vegas မြို့ရဲ့ စာအုပ်ပွဲတော် ဖွင့်ပွဲ အခမ်းအနား ဆိုပါတော့။ သည်မြို့ရဲ့ ဂုဏ်ဆောင် သန်းထောင်ပေါင်းများစွာ အကုန်ခံဆောက်လုပ်ထားတဲ့ ဟိုတယ်ဥယျာဉ်ခန်းမကြီးတွေမှာ မကျင်းပပဲ … သည်မြို့ရဲ့ စာပေယဉ်ကျေးမှုကဏ္ဍမှာ အစဉ်အလာရှိခဲ့တဲ့ နောက်ခံသမိုင်းကို အကြောင်းပြု တန်ဖိုးထားပြီး မြို့ရဲ့ မစည်ပင် မထင်ရှားတဲ့အပိုင်း၊ သာမန်ရပ်ကွက် ၅လမ်းထဲက သာမန်ကျောင်းကလေးမှာပဲ ပြုလုပ်ကျင်းပခဲ့ပါတယ်။ ပရိသတ်များလောက်တဲ့ စာရေးဆရာတွေရဲ့ စာပေဟောပြောပွဲတွေ ဆွေးနွေးပွဲတွေနဲ့ စာတမ်းဖတ်ပွဲတွေကိုတော့ တက္ကသိုလ်ကခန်းမတွေ၊ ရပ်ကွက်စာကြည့်တိုက်တွေ၊ အနုပညာ ပန်တျာသင်တန်းကျောင်းခန်းမတွေနဲ့ မြို့ရဲ့အထင်ကရ ဟိုတယ်ခန်းမတွေမှာပဲ စီစဉ်ကျင်းခဲ့ပါတယ်။ 
အဲ … စာအုပ်ပွဲတော်ရဲ့အထိမ်းအမှတ် တံဆိပ်နဲ့ဆောင်ပုဒ်ကိုလဲ ပြောရအုံးမယ်။ ဗမာပြည်ကပွဲတော်မှာတုန်းကတော့ … တံဆိပ်အမှတ်အသားက စာပေဗိမာန်ရဲ့တံဆိပ် … ဖွင့်ထားတဲ့စာအုပ်ရဲ့ လက်ဝဲဘက်စာမျက်နှာပေါ်ကျနေ လကျာ်ဖက်စာမျက်နှာအဖြူပေါ် ကလောင်တံ ဖြတ်ပျံထားတဲ့ပုံ ပါပဲ။ စာပေဗိမာန်ရဲ့ ဆောင်းပါးကတော့  သိကြတဲ့အတိုင်း ‘အမှောင်ခွင်း၍ အလင်းဆောင်အံ့’ မဟုတ်လား။ ဒါပေမယ့် အဲသည်တုန်းက စာအုပ်ပွဲတော်ရဲ့ ဆောင်ပုဒ်ကတော့ ‘စာအုပ်စာပေ လူ့မိတ်ဆွေ’ ဖြစ်တယ်။ 
နှိုင်းယှဉ်ကြည့်ရင် ကြည့်ရအောင် ကျုပ်ပြောပြမယ်။ las vegas မြို့ စာအုပ်ပွဲတော်ရဲ့ အထိမ်းအမှတ် တံဆိပ်က ‘နည်းနည်းဖွင့်ပြီး ထောင်ထားတဲ့ စာအုပ်မျက်နှာဖုံးမှာ ဝင်ပေါက်တံခါး ဖွင့်ထားတဲ့ပုံ ရေးဆွဲထားတာပါ’ …။ တံခါးပေါက်မှာတော့ အဋ္ဌမအကြိမ်မြောက်ပွဲတော်ဖြစ်တဲ့အတွက် 8 ဆိုတဲ့ ဂဏန်းကလေး ရေးထားတယ်။ စဉ်းစားမြင်ယောင်ကြည့်လို့ ရပါတယ်နော်။ အဲ … ပွဲတော်ရဲ့ဆောင်ပုဒ်စာတမ်းကတော့ ကျုပ် ဘာသာပြန်ပြရရင် ‘အချိန်ကာလ ဟူသော အပြောကျယ်သည့် ပင်လယ်ပြင်မှာ စာအုပ်တို့သည် ရိုက်ကူးထားသော မီးပြတိုက်များ ဖြစ်ကြကုန်၏’ ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ Books are lighthouses erected in the great sea of time တဲ့။ ဥဒါဟရုဏ်ပေးထားတာက တွေးကြည့်ရင် လွှတ်လှပပါတယ်။ 
အင်း…ကျုပ်တို့တိုင်းပြည်က မန္တလေး ရန်ကုန် အစရှိတဲ့ မြို့ကြီးပြကြီးတွေမှာများ သည် las vegas က စာအုပ်ပွဲတော်လို ကြိုးစားအားထုတ် လုပ်နိုင်ကြမယ်ဆိုရင်… 
နတ္တော် စာဆိုတော်လ အတွက် …