>some detainees freed

>

ပြန်လည်လွတ်မြောက်လာသူ ကိုသီဟန်။ အာဏာပိုင်တို့က ၎င်းအား အာဇာနည်နေ့အခမ်းအနားကျင်းပရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုနိုင်ရန် ဖမ်းဆီးသွားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

မူးယစ်မှုခင်းများ ဖော်ထုတ်ရခက်ခဲ
ထောက်လှမ်းရေးက နိုင်ငံရေးသမားကိုဖမ်းဆီးပြီး အကူအညီတောင်း

ဘီဘီစီ(မြန်မာပိုင်း)
ဇူလိုင် ၂၀၊ ၂၀၀၈

ဇူလိုင်လ ၁၇ ရက်နေ့က အာဇာနည်နေ့ကျင်းပရေး ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး အဖမ်းအဆီးခံထားရသူ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်) ၇ ဦးထဲက ၅ ဦးကို ဒီကနေ့ နေ့ခင်းပိုင်းမှာ အာဏာပိုင်တွေက ပြန်လွတ်ပေးလိုက်ကြောင်း နဲ့ သူတို့ကို အိမ်တိုင်ယာရောက် ကားနဲ့ ပြန်ပို့ပေးခဲ့တယ် လို့ လွတ်မြောက်လာသူတဦးဖြစ်တဲ့ ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြို့နယ် အင်န်အယ်လ်ဒီ အဖွဲ့ဝင် လူငယ် ကိုသီဟန်က ပြောပြပါတယ်။

“သူတို့ပြောတယ်၊ နေ့ခင်းပိုင်း ၁ နာရီ ၂ နာရီဝန်းကျင်လောက်မှာ၊ ၅ ဦးလုံး လွတ်ပြီ တဲ့။ ပြန်လွတ်ပေးတဲ့အခါမှာလည်း လက်မှတ်ထိုးခြင်း ဘာခြင်းတော့ မရှိဘူး။ ဒီတိုင်းပဲ အိမ်တိုင်ယာရောက် လိုက်ပို့ပေးလိုက်တာပဲ။”

ကိုသီဟန်နဲ့အတူ လွတ်ပေးလိုက်သူ နောက် ၄ ဦးကတော့

တာမွေမြို့နယ်က ကိုမြင့်ဌေး
ခရမ်းမြို့နယ်က ကိုဝင်းမြင့်မောင်
တောင်ဒဂုံ(မြို့နယ်)က ကိုသိန်းမြင့်ထွန်း နဲ့
ရွှေပြည်သာ (မြို့နယ်)က မထက်ထက်ဦးဝေ

တို့ ဖြစ်ပါတယ်။

နောက်ထပ် အဖမ်းခံရသူ ၂ ဦးဖြစ်တဲ့ ကျူရှင်ဆရာ ကိုအောင်ဖေ နဲ့ မြောက်ဥက္ကလာပ (မြို့နယ်) က ကိုကျော်ဇေယျတို့ကိုလည်း ပြန်လွတ်ပေးလိုက်တယ် လို့ အာဏာပိုင်တွေကပြောကြောင်းကို ကိုသီဟန်က ပြောပြပါတယ်။ သူတို့ကို ဖမ်းဆီးထားတဲ့အချိန်မှာ နိုင်ငံရေးနဲ့ပတ်သက်လို့ စစ်မေးတာမရှိဘဲ မိမိတို့ရဲ့ပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါးသုံးစွဲမှု ရှိမရှိ မေးမြန်းခဲ့တာသာဖြစ်တယ်လို့ ကိုသီဟန်က ဆက်ပြောပြပါတယ်။

“ကြားတာပြုတာရှိရင် သူတို့ကို အကူအညီပေးပါ တဲ့။ သတင်းတွေ အရမ်းပြတ်နေလို့ပေါ့နော်။ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ သတင်းတွေ သူတို့က သိပ်မရဘူးပေါ့။ နောက်ပြီးတော့ အခုအချိန်မှာ ဖမ်းဆီးရတာ အရမ်းကြပ်နေတယ် တဲ့၊ အဲဒါကြောင့် သူတို့ အကူအညီတောင်းရခြင်းဖြစ်ပါတယ် တဲ့။ အဲသလိုမျိုးပြောတယ်၊ ကျနော်တို့ကို။ ကျနော်တို့တောင် ကြောင်သွားတယ်။ ကျနော်တို့က နိုင်ငံရေးပဲ၊ ဒီအရေးနဲ့ ဘာဆိုင်လို့လဲပေါ့။ ကျန်ာတို့ကို အက်စ်ဘီဌာနမှာ မထားဘဲ ပြည်ထဲရေး (၀န်ကြီးဋ္ဌာနရုံး) ရဲ့ ဒုတိယထပ်လောက်မှာ ရှိတဲ့ မူးယစ်ဌာနမှာ ကျနော်တို့ကို ထားတယ်၊ ကျနော်တို့ ၅ ယောက်ကို။”

ပြန်လွတ်လာတဲ့ ကိုသီဟန် ရှင်းပြသွားတာ ဖြစ်ပါတယ်။ အာဇာနည်နေ့မတိုင်ခင် ဖမ်းဆီးထားသူတွေကို ပြန်လွတ်ပေးခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ ဖမ်းဆီးခံထားရသူ အင်န်အယ်လ်ဒီအဖွဲ့ဝင် ၁၄ ဦးတို့ကိုတော့ ရုံးတင် တရားစွဲဆိုထားပါတယ်ခင်ဗျာ။