>Maung Weik now formally charged for drug trafficking

>

မြန်မာလုပ်ငန်းရှင် မောင်ဝိတ်ကို ဇွန် ၁၀ ကတည်းက ရဲက အမှုဖွင့်ခဲ့ကြောင်း သတင်းထုတ်
မိုးမခ အထောက်တော် ၀၀၃
ဇူလိုင် ၁၀၊ ၂၀၀၈

မကြာသေးမီက မူးယစ်ဆေးဝါးအမူဖြင့် အဖမ်းအဆီးခံထားရသော လုပ်ငန်းရှင် မောင်ဝိတ် (၃၅ နှစ်) နှင့် အပေါင်းအပါများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇွန်လ ၁၀ ရက်နေ့ကတည်းက လမ်းမတော်မြို့နယ် ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း ပြည်တွင်းဂျာနယ်များတွင် သတင်းအဖြစ် စတင်ဖော်ပြလာသည်ကို တွေ့ရသည်။

မောင်ဝိတ်သည် မလေးရှားနိုင်ငံသား Mr Peter Too Huat Haw ထံမှ ECTASY ဆေးပြားများနှင့် စိတ်ကြွဆေးပြားများကို ကိုယ်တိုင်လည်းဝယ်ယူသုံးစွဲသည့်အပြင် မွေးနေ့ပွဲများနှင့် Company နှစ်ပတ်လည်ပွဲများတွင်လည်း အခြားသူများကို ဖြန့်ချီသုံးစွဲစေခဲ့သည့် အမှုများဖြင့် ရဲတပ်ဖွဲ့မှ အမှုဖွင့် အရေးယူခဲ့သည်ဟု ဆိုသည်။

ယခု မောင်ဝိတ်နှင့် တရားစွဲဆိုခံရသူ အပေါင်းအပါများမှာမလေးရှားနိုင်ငံသားMr. Peter Too Huat Haw၊ အောင်မင်း၊ နေထွန်းလွင်၊ ကျော်ဖုန်းနိုင်၊ ကျော်လှိုင်၊ အုန်းသီး (ခ) ကျော်ကျော်ဝင်းတို့ဖြစ်ပြီး လမ်းမတော်ရဲစခန်းတွင် မယ(ပ) ၂/၀၈၊ မှုး/စိတ် ပုဒ်မ ၁၅/၁၆(င)/၂၁ တို့ဖြင့် အမှုဖွင့် အရေးယူထားသည်ကိုတွေ့ရှိရသည်။

ယခု တရားစွဲဆိုခံရသူ မောင်ဝိတ်သည် မြန်မာနိုင်ငံတွင် ထင်ရှားသည့်လုပ်ငန်းရှင် တဦးဖြစ်ပြီး Maung Weik & Family Co. Ltd ၏ မန်းနေဂျင်းဒါရိုက်တာတဦး ဖြစ်သည်။ အဆိုပါ ကုမ္ပဏီ မှာ နိုင်ငံတကာကုန်သွယ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအကြီးအကျယ်လုပ်သော ကုမ္ပဏီ ကြီးလည်းဖြစ်သည်။
မောင်ဝိတ်ကို လွန်ခဲ့သည့်လကတည်းက မှုးယစ်ဆေးဝါးများနှင့် ဆက်နွယ်သည်ဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက် ထိန်းသိမ်းထားခဲ့ရာမှ ယခုအတိအလင်းအဖြစ် ပထမဆုံးအကြိမ် နိုင်ငံတော်မှ ရုံးထုတ် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သူ ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်များကို ဖမ်းဆီးထားသည်ဆိုသော သတင်းများကိုမူ နေပြည်တော်တွင်ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတခုတွင် မဟုတ်မှန်ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်မှုးချုပ် ခင်ရီက မီဒီယာများကို ထုတ်ဖော်ပြောကြားခဲ့သည်။

မေလ နာဂစ်မုန်တိုင်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ပရိုဂျက်များတွင်လည်း မောင်ဝိတ်တို့လုပ်ငန်းကို အစီအစဉ်များ ချပေးခဲ့သော်လည်း ယခုအရေးယူမှုနောက်ပိုင်းတွင် သတင်းများပျောက်နေခဲ့သည်။ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် အနှစ် ၂၀ ကျမည်ဟု ရှေ့နေများက ထင်မြင်ချက်ပေးထားသည်။