မိုးမခတောထဲက သတင်းအပိုင်းအစများ
ရပ်တည်ချက် ပြတ်သားသူတယောက်အကြောင်း၊ မင်းတြားကြီးအမိန့်တော်
အဝေးကြည့်မှန်ပြောင်း
ဇူလိုင် ၆၊ ၂၀၀၈
ရပ်တည်ချက် ပြတ်သားသူတယောက်အကြောင်း
ယိုးဒယားဆန့်ကျင်ရေးကျွမ်းကျင်သူ စာရေးဆရာမ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) အသံပျောက် လူပျောက်ဖြစ်နေတာ ကြာပါပေါ့။
ဒီလဆန်းပိုင်း နိုင်ငံတော်က ပြုလုပ်တဲ့ မြန်မာအမျိုးသမီးများနေ့ အကြောင်း “မြန်မာ့အလင်း”သတင်းမှာ ဒေါက်တာမတင်ဝင်းကို ပြန်တွေ့ရလို့ စာဖတ်သူများလည်း ကြည့်ချင်ရင် ကြည့်လို့ရအောင် တင်ပေးလိုက်ပါရစေ။
ဆရာမကြီးက ၂၀၀၁ ခုနှစ် နိုင်ငံတော်ရဲ့သတင်းစာများမှာ ယိုးဒယားတွေ မကောင်းကြောင်း လက်စွမ်းပြဆောင်းပါးတွေ ရေးခဲ့သူပါ။
သို့ကလို နိုင်ငံတော်ရဲ့ ယိုးဒယားဆန့်ကျင်ရေးစီမံကိန်းမှာ ပါဝင် အားဖြည့်ခဲ့ခြင်းရဲ့ အကျိုးအားကြောင့် စာဖတ်သူအများအပြားရဲ့ မေတ္တာကို ခံယူခဲ့ရသူဖြစ်ပါတယ်။ စာဖတ်သူအချို့က မတင်ဝင်းရဲ့စာမူတွေကို မဖော်ပြဖို့ လစဉ်ထုတ်မဂ္ဂဇင်းတချို့ကို အရေးဆိုခဲ့တဲ့အထိပါပဲ။ သတင်းစာမှာ ဆောင်းပါးရေးသားခြင်းဟာ လူထုချဉ်ဖတ် နိုင်ငံတော်အစိုးရနဲ့ ပလူးပလဲလုပ်တယ်လို့ ဘာသာပြန်နိုင်ပါတယ်။ ရေးထည့်လိုက်တဲ့ ဆောင်းပါးများကလည်း လုပ်စားတဲ့ ဆောင်းပါးတွေ ဖြစ်နေပါတယ်။
ပရိသတ်ကြီးက ပစ်ပယ်ပေမဲ့ နိုင်ငံတော်က မပစ်ပယ်ပါဘူး။ ဆရာမကြီး ပျောက်နေတယ်လို့ ထင်ရပေမဲ့ နိုင်ငံတော်ရဲ့စီစဉ်မှုနဲ့ စစ်တက္ကသိုလ်တို့ ဘာတို့မှာ လှည့်လည်ဟောပြောနေပါတယ်။ ဟိုဘက်လိုလို ဒီဘက်လိုလို ခြံစည်းရိုးခွထိုင်သူများထက်တော့ ဆရာမကြီးက မသာလွန်ဘူးလားခင်ဗျာ။
ခန့်ငြားလှတဲ့ ဒေါက်တာမတင်ဝင်းရဲ့ ဓာတ်ပုံ
မင်းတြားကြီးအမိန့်တော်
ဒီရက်ပိုင်း အင်တာနက်မှာ ရုတ်တရက်ပေါ်လာတာကတော့ ကာကွယ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက် ဆိုတဲ့စာပါပဲ။ စာထဲမှာ ရေးထားတာကတော့ ရွေးကောက်ပွဲအောင်နိုင်ရေး ၁၆ ဦးကော်မတီဖွဲ့ထားပါတယ် တဲ့။
ရုတ်တရက်ဖတ်လိုက်ရင် ချို့ယွင်းချက်ကတော့ ရက်စွဲ တပ်မထားတာပါပဲ။ သေချာဖတ်လိုက်ရင်တော့ စာကြောင်းတိုင်းမှာ ချို့ယွင်းချက်တွေ သံသယရှိတာတွေ ပြည့်နေပါတယ်။ မီဒီယာကို မီဒီယာနဲ့ တိုက်လိုက်တာ ဆိုရင်တော့ ကြိုးစားအားထုတ်မှုညံ့ လို့ မှတ်ချက်ပေးရမယ့် တိုက်ကွက်ဖြစ်ကြောင်း ဆိုနိုင်ပေတာပေါ့။ အားနည်းချက် ဘယ်လောက်များများတွေ့သလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် စမ်းကြည့်လိုသူများ၊ ဖတ်ကြည့်ရတာပေါ့လေ ဆိုသူများအတွက် တင်ပေးလိုက်ပါပြီ။
စာမျက်နှာ ၁ ၊ စာမျက်နှာ ၂


