>နောက်ဆက်တဲသြတင်းတိုထြာ ၇

>

မုန်တိုင်းနောက်ဆက်တွဲ သတင်းတိုထွာ ၇
ပြည်တွင်း ပြည်ပ သတင်းဌာနများ
မေ ၈၊ ၂၀၀၈

ကူညီမှုအခြေအနေ (ဧရာဝတီသတင်းဌာန)

“ကယ်ဆယ်ရေးလုပ်ငန်းတွေ မြန်မြန်ပေးကြဖို့ နိုင်ငံတကာကိုရော၊ အစိုးရကိုရော တိုက်တွန်းချင်ပါတယ်။ ဒီကိစ္စမျိုးက စစ်တပ်လို အမိန့်စောင့်နေရမယ့် ကိစ္စမျိုးမဟုတ်ဘူး။ တရက်နောက်ကျရင် ရာပေါင်းများစွာသော အသက်တွေ ဆင့်ကဲ ဆင့်ကဲ ဆုံးရှုံးသွားမှာပါ။ တပတ်ကြာလာတာတောင် ဘာအကူအညီမှ ထိထိ ရောက်ရောက် မပေးနိုင်သေးဘူး။ အကူအညီ မြန်မြန်ပေးစေချင်ပါတယ်” ဟု သတင်းအယ်ဒီတာတဦးက ပြောသည်။

ဝမ်းရောဂါ (ဧရာဝတီသတင်းဌာန)

“၀မ်းရောဂါစဖြစ်နေပြီ။ ရေသောက်စရာမရှိတော့ ရွာသားတွေက တွေ့ရာမြစ်ရေ၊ ချောင်းရေကိုပဲ သောက်ကြရာက ၀မ်း ရောဂါစဖြစ်တာပါ။ လူသေအလောင်းတွေနဲ့ ညစ်ညမ်းနေတဲ့ ရေမှန်းသိပေမယ့် ဒုက္ခသည်တွေမှာ ရွေးချယ်စရာအခွင့်အလမ်း မရှိတော့ မသန့်ရှင်းတဲ့ရေကို သောက်ရင်း ရောဂါဖြစ်တာပေါ့။ နောက်ဖြစ်လာမယ့် ၀မ်းရောဂါရှင်တွေအတွက် အခုကတည်း က ဆေးဝါးအဆင်သင့်ဆောင်ထားရမယ့် အချိန်ပဲ။ အခု ဆေးဝါးအခက်အခဲဖြစ်နေတယ်” ဟု ကယ်ဆယ်ရေးတွင်ပါဝင်သည့် ကျန်းမာရေး ၀န်ထမ်းတဦးက ဆိုသည်။
ဧရာဝတီသားတို့ရဲ့ကျန်းမာရေး (APသတင်းဌာန)
“လူအတော်များများက ဖျားနာနေကြပြီ။ နေရာအနှံ့ ဆားငန်ရေတွေချည်းပဲ။ သောက်စရာလည်း မရှိဘူး။ ဆားငန်ရေထဲ ရေသန့်စင်ဆေးပြားထည့်ပြီး သောက်ရေဖြစ်အောင် လုပ်လို့မရဘူး။ အလိုအပ်ဆုံးက သောက်ရေနဲ့အစားအစာပဲ ဟု ရန်ကုန်အခြေစိုက် Save the Children အဖွဲ့တာဝန်ခံ Andrew Kirkwood က ဆိုသည်။”

ဒေါ်စုအိမ်ခေါင်မိုး မုန်တိုင်းအတွင်းပျက်စီး(APသတင်းဌာန)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခေါင်မိုးသည် မုန်တိုင်းကြောင့်ပျက်စီးသွားသည်ဟု အိမ်နီးချင်းတစ်ဦးက ဆိုသည်။ ခြံဝင်းအတွင်းမှ သစ်ပင်တစ်ပင်လည်း အမြစ်မှ ကျွတ်ထွက်သွားကြောင်းလည်း အမည်မဖော်လိုသူ အဆိုပါအိမ်နီးချင်းက ပြောပြသည်။
(ညနေ ၅း၀၀)

အမေရိကန်လေယာဉ် ကူညီရန်လာခွင့်ပြုပြီဟုဆို (Reuters သတင်းဌာန)
မြန်မာစစ်အုပ်စုက လေဘေးဒဏ်ခံနေရသူများအားကူညီရန် အမေရိကန် စစ်လေယာဉ် ဆင်းသက်ခွင့်ပြုလိုက်ကြောင်း ထိုင်းစစ်ဦးစီးချုပ်က ယနေ့ပြောလိုက်သည်။ “မြန်မာအစိုးရနဲ့ ညှိနှိုင်းနိုင်အောင် ကျုပ်တို့က အမေရိကန်တွေကို အကူအညီပေးလိုက်တယ်ဗျာ၊ Cobra Gold စစ်ရေး လေ့ကျင့်ပွဲမှာ ရှိနေတဲ့ အမေရိကန် လေယာဉ်တွေကို လေဘေးကူညီမှုမှာ သုံးခွင့်ရဖို့ပေါ့။ မြန်မာအစိုးရက အခုလေးတင် သဘောတူလိုက်ပြီ” ဟု ဆိုသည်။ ပထမဆုံးလေယာဉ်သည် တစ်ရက်၊ နှစ်ရက်အတွင်း ထွက်ခွာလိမ့်မည်ဟု ဆိုသည်။
“မြန်မာအစိုးရက သံသယကြီးတယ်ဗျာ၊ အမေရိကန်တွေက ကူညီကယ်ဆယ်ရေးပစ္စည်း လိုက်ဝေတာတင်မကဘဲ အပိုအလုပ်တွေလုပ်မှာကို စိုးရိမ်နေတာ။ ဒါပေမဲ့လည်း အမေရိကန်တွေကို ၀င်ခွင့်ပေးလိုက်ပါဗျာ ဆိုပြီး ကျုပ်တို့က နားချပေးလိုက်တယ်”
(ခေတ်ပြိုင်သတင်းဌာန၏ ရေးသားချက်။ ယင်းသတင်းနှင့်ပတ်သက်၍ မဟုတ်မမှန်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် မစ္စတာ အဲရစ်ဂျွန်က ယနေ့ ညနေ (၄) နာရီတွင် ထိုင်းနိုင်ငံ အမေရိကန် သံရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ငြင်းဆိုလိုက်သည်။)

ကုလလေယာဉ်များ ၀င်ခွင့်မရသေး (APသတင်းဌာန)
မြန်မာအစိုးရက ကူညီ ထောက်ပံ့ရေးပစ္စည်းတင် လေယာဉ်များ ဆင်းသက်ခွင့် မပေးသေးပါဟု ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အရာရှိPaul Risley က ဆိုသည်။
(နေ့ ၁း၀၀)

ထင်ရှားသည့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ မိုးသီးဇွန်ရဲ့ တိုက်တွန်းချက်
၁- ရေထဲမှာသေဆုံးသွားတဲ့ လူတသိန်းနီးပါးအလောင်းတွေကို အရင်ဆုံး ဆယ်ပစ်ဖို့ လိုပါတယ်။
၂- သောကြာနေ့  ဆိုရင် ပုတ်ကုန်မယ်။
၃- ကူးစက်ရောဂါပိုးတွေ ပျံ့နှံ့လာလိမ့်မယ်။
၎- သေတဲ့သူတွေကို ဆယ်တင်နိင်ဖို့ အတွက် လူအင်အား ယန္တရားအင်အားလိုအပ်ပါတယ်။
၅- ဆယ်တဲ့သူတွေတ၀က်ခန့်ဟာ ကူးစက်ရောဂါ ခံစားရလေ့ရှိပါတယ်။ ဆေးဖြန်းပြီး မီးရှို့ ရတာတွေ၊ မှတ်တမ်း တင်ရတာတွေ လုပ်ရလေ့ ရှိပါတယ်။
၆- လောလောဆယ် နိုင်ငံတကာ အကူညီများဟာ ပိုက်ဆံများသာ ဖြစ်နေပါတယ်။ ယန္တရားနဲ့ နည်းပညာတွေ မပါပါ။
၇- ဆူနားမီ ဘေးဆိုးတုန်းက ကပ်သင့်နိုင်ငံတွေဟာ အမျှော်အမြင်ရှိရှိ စနစ်တကျ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
၈- မြန်မာပြည်စစ်အစိုးရက သေဆုံးသွားတဲ့ အပြစ်မဲ့ပြည်သူတွေကို ဆယ်ယူမဲ့ အနေထား မရှိဘူး ဖြစ်နေပါတယ်။
၉- နောက်ဆက်တွဲ ကူးစက်ရောဂါဘေးဆိုးတွေကို ဖြန့် ဖြူးပေးနေသလိုဖြစ်နေပါတယ်။
၁၀- ဒီမိုကရေစီအင်အားစုများ၊ ဘီဘီစီ၊ အာအက်ဖ်အေ၊ ဒီဗွီဘီ ရေဒီယိုများက ဒီကိစ္စကို မီးမောင်းထိုး ဖေါ်ထုတ်ပေးနေသင့်ပါတယ်။
(မေ ၇)

မလုပ် မရှုပ် မပြုတ် (BBCမြန်မာဌာန)
ဗိုလ်မှူးဟောင်းအောင်ဆက်ပိုင် (ကယ်ဆယ်ရေးနှင့် ပြန်လယ်နေရာချထားရေး ၀န်ကြီးဌာန၊ အငြိမ်းစား လက်ထောက်ညွှန်မှူး)၏ ပြောကြားချက်

“မိုးလေ၀သညွှန်ချုပ်ကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ ခန့်မှန်းချက်က မှားယွင်းနေတယ်၊ မပြည့်စုံဘူးဆိုတာ အထင်အရှားတွေ့ရတယ်။ ဒါက နံပတ်တစ်အချက်။

နောက်တစ်ချက်က သတိပေးချက်ထွက်လာပေမယ့်လည်း လက်တွေ့ ဆောင်ရွက်ရမှာက မြို့ပြ အာဏာပိုင် အဖွဲ့အစည်းတွေက ဆောင်ရွက်ရမယ်။
ဒါပေမဲ့ ကျနော်တို့တိုင်းပြည်ရဲ့ အနေအထားက နည်းနည်းတော့ ခက်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အာဏာပိုင်အဖွဲ့အစည်းတွေမှာ မဆလခေတ်မှာလောက်ကိုပဲ လုပ်ပိုင်ခွင့်မရှိတဲ့အနေအထားမျိုးကို ရောက်နေတယ်။ ဘာပဲလုပ်လုပ် အပေါ်ကို အဆင့်ဆင့်တင်ပြနေရတယ်။

သံသယ၀င်တာတစ်ခုက ဒီလောက်အထိ ကြီးကြီးမားမားဖြစ်လိမ့်မယ် ဆိုတာကို သူတို့ တကယ်မသိခဲ့တာလား၊ သိရဲ့သားနဲ့ ဘာမှလုပ်ပေးနိုင်တဲ့အင်အားမရှိလို့၊ အချိန်မမီတော့လို့ ဖုံးကွယ်ခဲ့တာလားဆိုတာကတော့ သူတို့မှပဲ သိနိုင်မယ်။

မဆလခေတ်မှာတော့ ဒီထက်စာရင် ပိုပြီးတော့ ထိထိရောက်ရောက်ရှိတယ်။ ရပ်ကွက်ထဲအထိ ဆင်းပြီးတော့ အော်လံတွေဘာတွေနဲ့ ပြောတယ် အော်တယ်။ ဒါတွေကလည်း အထက်ကနေ အဆင့်ဆင့် ညွှန်ကြားချက်ပေးမှ။ ပေးတဲ့ညွှန်ကြားချက်သည်လည်း အချိန်နဲ့တပြေးညီ အမြန်ဆုံး အောက်ကိုရောက်ဖို့ လိုတယ်။ ဒီအနေအထားမျိုးကိုရောက်မှ လုပ်လို့ရမှာဖြစ်တယ်။ တိုင်းအဆင့်ကို တာဝန်ယူနေရတဲ့ တိုင်းမှူးတွေကိုယ်တိုင်က လုပ်ပိုင်ခွင့် တော်တော်များများမရှိတဲ့အနေအထားကို ရောက်နေတယ်။

ဒါကြောင့် သူတို့တကယ်လက်တွေ့လုပ်တဲ့အခါ မပြည့်စုံခဲ့ဘူး၊ ဖုံးကွယ်ခဲ့တယ်လို့ပဲ ကျနော်မြင်တယ်။”
(မေ ၇၊ မြန်မာစံတော်ချိန် ည ၈း၄၅)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts