>အဝေုးကည့်မနြ်ေူပာင်း – လူထုစိန်ဝင်း၊ ဦးဝင်းတင် နဲႚ နေ၀င်းမောင်

>မိုးမခတောထဲက သတင်းအပိုင်းအစများ – လူထုစိန်ဝင်းရဲ့ တိုက်ပွဲခေါ်သံ၊ ‘စု၊ လွှတ်၊ တွေ့’လမ်းပြမြေပုံ

အဝေးကြည့်မှန်ပြောင်း
မတ် ၁၃၊ ၂၀၀၈

လူထုစိန်ဝင်းရဲ့ တိုက်ပွဲခေါ်သံ

အမေရိကန်ပြည်ထောင်စုမြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (USCB)က ပို့လာတဲ့ အီးမေးလ်တစ်စောင်ကို ဖတ်ရပါတယ်။ ၁၈ နှစ်အတွင်း ကုလသမဂ္ဂကိုယ်စားလှယ်တွေဟာ မြန်မာပြည်ကိုသွားပြီး ကြားဝင်ဖြေရှင်းဖို့ ကြိုးစားခဲ့တယ်၊ ခရီးစဉ်ပေါင်း ၃၅ ကြိမ် ရှိခဲ့တယ် လို့ ရေးထားပါတယ်။ အားပါးပါး- များလိုက်တဲ့ ခရီးစဉ်တွေ။

ဗိုလ်ချုပ်ကြီးတွေကို ဒေါ်စုတို့ တိုင်းရင်းသားအဖွဲ့တို့နဲ့ အေးရာအေးကြောင်းညှိနှိုင်းကြဖို့ တိုက်တွန်း နားချတဲ့ ခရီးစဉ်တွေ ဖြစ်ပါသတဲ့။ ပရိသတ်များ သိတဲ့အတိုင်း နောက်ဆုံးခရီးစဉ် ၃ခုကိုတော့ မစ္စတာ ဂမ်ဘာရီက ဦးဆောင်သွားရောက်ခဲ့ပါတယ်။

ခရီးစဉ်များရဲ့ရလဒ်ကိုတော့ ငွေရောင်ပိတ်ကားပေါ်မှာ ချစ်စွာသောပရိသတ်တို့ ကြည့်ရှုခဲ့ပြီးပြီမဟုတ်ပါလား။ ဟုတ်ပါတယ်၊ နိုင်ငံတော်က အခြေခံဥပဒေ ရေးပြီးပြီ၊ လူထုထောက်ခံပွဲလုပ်မယ်။ နောက် ၂ နှစ်နေရင် ရွေးကောက်ပွဲနောက်တစ်ခု ထပ်လုပ်ပါမယ် တဲ့။

ဒါကြောင့် ဒီရက်ပိုင်းအတွင်း သတင်းစာဆရာကြီး လူထုစိန်ဝင်းက အခုလို ပြောထည့်လိုက်ပါတယ်၊

“ကုလသမဂ္ဂကကယ်တင် လို့ လွတ်မြောက်သွားတဲ့ နိုင်ငံရယ်လို့ ကမ္ဘာပေါ်မှာ တနိုင်ငံမှမရှိခဲ့ဖူးပါဘူး” တဲ့။

ဧရာဝတီသတင်းဝက်ဆိုက်မှာ ဖတ်လိုက်ရတာပါ။

“လက်ထဲမှာဆုပ်ကိုင်ထားတဲ့ အာဏာကို သဘောထားကြီးစွာနဲ့ အလိုအလျှောက်စွန့်လွှတ်သွားတဲ့ အာဏာရှင်မျိုး ကမ္ဘာ့သမိုင်းမှာ ဘယ်ခေတ်ဘယ်အခါကမှ မရှိခဲ့ဖူးပါဘူး။”

လို့လည်း ပြောပါတယ်။

စာနယ်ဇင်းသမားကြီးတစ်ယောက်က သို့ကလို ပြောလိုက်ပါပြီ။ တချိန်ထဲမှာပဲ စာနယ်ဇင်းသမားကြီး နှစ်ယောက်ကလည်း နိုင်ငံတော်က ချမှတ်တော်မူထားတဲ့ လမ်းပြမြေပုံ Road Map အတိုင်း နိုင်ငံတော်က လျှောက်လှမ်းနေပုံနဲ့ပတ်သက်လို့ သဘောထားတွေ ထုတ်ပြန်ကြပါတယ်။

‘စု၊ လွှတ်၊ တွေ့’လမ်းပြမြေပုံ

အင်းစိန်ထောင်ထဲထည့်ခံထားရတာ ၁၉ နှစ်ရှိပြီဖြစ်တဲ့၊ ဒီမိုကရေစီလှုပ်ရှားသူတွေ အထူးလေးစားတဲ့၊ စစ်အစိုးရကလည်းအထူးမုန်းတီးတဲ့ ဦးဝင်းတင်(အသက် ၇၈)က သတင်းစကား ပါးလိုက်ပါတယ်။

ထောင်ဝင်စာသွားတွေ့သူက အခုလို ပြန်ပြောပြပါတယ်။

“သူ့ရပ်တည်ချက်က အရင်အတိုင်း ‘စု၊ လွှတ်၊ တွေ့’ ပဲ။ အခြေအနေတွေ ဘယ်လိုပြောင်းပြောင်း ငါ့ရပ်တည်ချက်က ဒါပဲတဲ့။ ဒေါ်စုနဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပါ။ လွှတ်တော် ခေါ်ပေးပါ။ တွေ့ဆုံဆွေးနွေးပါတဲ့”။

(ဦးဝင်းတင်က သို့ကလို ပြောလိုက်လို့ စိုးရိမ်မိပါတယ်။ နိုင်ငံတော်သမတကြီး အငြိမ်းစားဗိုလ်ချုပ်မှူးကြီး “ဦးသန်းရွှေအစိုးရ” လက်ထက်ရောက်သည့်တိုင် ဦးဝင်းတင်ကို မလွှတ်ဘဲ အကျဉ်းချပိတ်လှောင်ထားမှာကို စိုးရိမ်မိတာပါ။)

Living Color “အသွေးအရောင်နှင့်နေထိုင်ခြင်း” မဂ္ဂဇင်းရဲ့ အကြီးအကဲ ဒေါက်တာနေ၀င်းမောင်ကတော့ ဦးဝင်းတင်ရဲ့အမြင်နဲ့ ၁၀၀ ရာခိုင်နှုန်း ကွဲပြားပါတယ်။ သူက ဘယ်လိုပြောလာသလဲဆိုတော့ –

“ကျနော်သာ ဒေါ်အောင်ဆန်းစုကြည် နေရာမှာရှိခဲ့ရင် နံပါတ်တစ်က ဘာလုပ်မလဲဆိုတော့ ဒီ Road Map အတိုင်း လိုက်သွားလိုက်မယ်။ ဒါဟာ တပ်မတော်အစိုးရရဲ့ အရေးကြီးတဲ့ ကိစ္စရပ်လည်း ဖြစ်တဲ့အတွက် နှစ်ဘက် ပြေလည်ဖို့အတွက် ဒါဟာ အရေးကြီးတယ်။”

သူ့ဆန္ဒအတိုင်း မတော်တဆ ဖြစ်ခဲ့ရင်တော့ ကျနော်မျိုးတို့နိုင်ငံမှာ စည်းကမ်းရှိတဲ့ဒီမိုကရေစီစနစ် ထွန်းကားပြီပေါ့ခင်ဗျာ။

( ကိုးကားချက် – မဇ္ဈိမသတင်းဌာန )