စီစီသွယ် (S/OKA – 089818) – ကဝိအိုရဲ့ အိမ်ပြန်ချိန်
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၆
ပေါင်မုန့်ဆိုင်မှာ အလုပ်လုပ်ရင်း ခေါင်းထဲဝင်လာတဲ့ စာလုံးက “ကဝိ”။ “ကဝိအိုရဲ့ အိမ်ပြန်ချိန်” ။ ဇူလိုင် ၈၊ ၉ ၊ ၁၀၊ ၁၁ ရက် (၂၀၁၆) တွင် ခံစားရမှုများ
တိုင်းပြည်အကျိုးမျှော်ကိုး၍ ကျမ စီစီသွယ် (S/OKA 089818) မှာ ဖြစ်ရပ်မှန် စာတဖွဲ့၊ “ကဝိအို၏ အိမ်ပြန်ချိန်” ကို လေးစားစွာ တင်ပြအပ်ပါသည်။
အိမ်ပြန်ချိန် ရောက်ပြီး ကဝိအိုလည်း အိမ်ရောက်ချင်ပြီပေါ့။ ထိုအခါ အိမ်ရောက်ချင်သူတိုင်းရဲ့ ဆုလာဘ် ကျလာတယ်။ အဲဒီဆုလာဘ်က “ခံဝန်ချက်ထိုး၊ အသနားခံစာ တင်၊ ဘယ်ထဲမှ ဝင်ပါနဲ့” တဲ့။
ကျမ အတွေးဝင်လာတယ်။ ကဝိအိုရဲ့ အနှစ် ၂၀ ကျော်ကြာခဲ့တဲ့ နိုင်ငံရေးအတွေ့အကြုံတွေ၊ ကမ္ဘာ့ခေါင်းဆောင်များနှင့် သံတမန်များရဲ့ အတွေးအခေါ် အယူအဆ ဆက်ဆံရေးတွေ ပြန်မမျှဝေရဘူးလား။
နိုင်ငံရေး အတွေ့အကြုံတွေ မမျှဝေရရင်တောင် ဆယ်စုနှစ်ပေါင်းများစွာ ဖတ်လာခဲ့တဲ့ စာအုပ်တွေရဲ့ တစိတ်တဒေသ၊ အိမ်နားက စာကြည့်တိုက်မှာ ဖတ်စရာမကျန်တော့လောက်အောင် အပတ်တိုင်း ကျောပိုးအိတ်နဲ့ သယ်ပြီး ဖတ်ခဲ့တဲ့ စာအုပ်တွေထဲက အကြောင်းတွေ၊ ကမ္ဘာကျော် သချာင်္ဂျာနယ်မှ “အယ်ဒီတာ” လုပ်ရန် အကြိမ်ကြိမ် ခေါ်ခြင်း ခံရလောက်အောင် ဆည်းပူးခဲ့တဲ့ သချာင်္ပညာတွေ၊ အချိန်လုပြီး ဖတ်ခဲ့တဲ့ သချာင်္စာအုပ်တွေထဲက အကြောင်းတွေကို ကျောင်းသားတွေ၊ လူငယ်တွေ၊ စိတ်ဝင်စားတဲ့သူတွေကို ပြန် ဝေမျှခွင့် မရတော့ဘူးလား။
ဒဲဒါတွေဟာ နိုင်ငံကောင်းအောင် တစိတ်တပိုင်းက ပါခဲ့တဲ့ နိုင်ငံရေးအဖိုးအိုတယောက်အတွက် ဆုလာဘ်တွေလား။ သူမြတ်နိုးတဲ့ သချာင်္သမားဘဝကို စွန့်လွှတ်၊ မိသားစုအရေးကို ပယ်ပြီး တိုင်းပြည်အရေးကို သယ်၊ (၁၀၁) နှစ်အထိ နေသွားခဲ့တဲ့ အမေအိုခင်မျာ သားအတွက် ဆုတောင်းခြင်းမှလွဲ၍ စာတကြောင်း၊ ဖုန်းတခေါ်မျှ မရရှသွားခဲ့ဘူး။ နိုင်ငံအတွက် လုပ်သက်တလျောက်လုံးမှာ ခြိုးခြိုးခြံခြံ နေခဲ့တဲ့ (သမိုင်းပစ္စည်းနဲ့ သမိုင်းဝင်ပစ္စည်းဟု ငြင်းရလောက်အောင်၊ တိုင်းရင်းသားများက မှတ်ချက် ချရလောက်အောင်၊ နိုင်ငံခြားသားများက integrityဟု အကြိမ်ကြိမ် ပြောရလောက်အောင်) နိုင်ငံရေးအဘိုးအိုတယောက်ရဲ့ အိမ်ပြန်ချိန်မှာ ရတဲ့ ဆုလာဘ်က “ခံဝန်ချက် လက်မှတ်ထိုး၊ အသနားခံစာ တင်၊ ဘယ်ထဲမှ ဝင်မပါနဲ့၊ ဆွေမျိုးတွေနဲ့ဘဲ တွေ့” တဲ့လား။
ပြည်ဝင်ခွင့်လျောက်ပြီး ပြန်လာတဲ့သူတွေရဲ့ နာကျင်တဲ့ မျက်နှာနဲ့ အသံတွေကို အခုအချိန်မှာ နားလည် ခံစားလာရတယ်။ “သိက္ခာရှိစွာ အိမ်ပြန်နိုင်ရေး” ဆိုတဲ့ စကားလုံးကို စကားလုံးရဲ့ အဓိပ္ဗါယ်နဲ့ မဟုတ်ဘဲ ရင်ထဲက ခံစားချက်နဲ့ သိလာတယ်။
ဘယ်တော့မှ သိက္ခာရှိရှိ အိမ်ပြန်ရပါ့မလဲ။ ကမ္ဘာအနှံ့ ပြန့်ကျဲနေတဲ့ ကဝိအိုတွေ၊ တိုင်းပြည်အတွက် နှစ်ပေါင်းများစွာ “တော ဖြတ်၊ ထောင် ဖြတ်” ခဲ့ရသူတွေ၊ ရောက်ရာနေရာတွေမှာ အတွေးရော အလုပ်ရော မြန်မာပြည်အတွက် ပေးဆပ်နေသူတွေ ဘယ်တော့ “ခံဝန်ချက် ထိုးရတဲ့ဘဝ” က လွတ်မလဲ။ “အကူအညီလိုပါတယ် ဆိုတဲ့ တိုင်းပြည်” ကို ဝင်လာတဲ့ တိုင်းတပါးသားတွေရော ဘယ်တော့ ခံဝန်ချက် ထိုးရတဲ့ ဘဝက လွတ်မလဲ။ ကျမအတွေးထဲမှာ မေးခွန်းပေါင်းများစွာနဲ့ပါ။
အိမ်ပြန်သင့်ပြီ။ အထူးဆု မလိုချင်ပါ။ “အားလုံးအတွက် ဂုဏ်သိက္ခာ ရှိခြင်း အမြန်ဆုံးရခဲ့ရင်” ကဝိအိုတယောက် ကျန်းမာရေး ချို့တဲ့နေပြီဖြစ်တဲ့ သူ့အကို (နိုင်ငံအတွက် ၅ နှစ်ကျော် ထောင်ဖြတ်ခဲ့ရသော) နှင့် တွေ့ခွင့်ရမှာပါ။ မိအိုများ ဖအိုများလည်း နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ သားသမီးများနှင့် တွေ့ခွင့်ရမှာပါ။ တိုင်းတပါးသားများလည်း မြန်မာပြည်ရဲ့ နွေးထွေးမှု၊ ယဉ်ကျေးမှုကို အပြည့်အဝ ခံစားခွင့် ရရှိမှာပါ။
စီစီသွယ်၊ S/OKA ၀၈၉၈၁၈
ခေတ္တ အမေရိကန်ပြည်ထောင်စု
စာကြွင်း – ပြည်သူတင်မြှောက်ထားသော ပြည်သူ့အစိုးရကို လေးစားရိုသေသောအားဖြင့် တိုင်းပြည်တာဝန် ထမ်းဆောင်ခြင်းနှင့် ကူညီခြင်းမှ လွဲ၍ ကျန်တာမလုပ်ပါဟု ရေးထိုးခဲ့ပြီးပါပြီ။ (၇၊၇၊ ၂၀၁၆ work history form) ။ ကျန်တဲ့ ခံဝန်ချက်များ ထပ်မထိုးသင့်တော့ပါ။ အိုခြင်းကိုလည်း အသက်အရ သုံးနှုံးထားပါသည်။ ဉာဏ်အားတွင်တော့ သတင်းစာတွင် ဖတ်ရသော “လေ့ကျင့်ထားသော အသက် ၇၀ကျော်၏ ဉာဏ်အားသည် အသက် ၂၀ နှင့် အတူတူပင် ဖြစ်ကြောင်း” ၏ နမူနာပြယုဂ် တခုဖြစ်ပါသည်။ အခြားပြယုဂ်များလည်း အများကြီး တွေ့နေရပါသည်။ နောက်ထပ်ပြယုဂ်တခုမှာတော့ ရက်ပိုင်းအတွင်း တွေ့ခဲ့ရသော အသက် ၉၈ နှစ်အရွယ်တွင် ဟင်းချက်နိုင်တုန်း ဖြတ်လတ်နေတုန်း၊ နှစ်ပေါင်းများစွာ ဝေးကွာနေသူများကို နာမည်နဲ့တကွ မေးနိုင်သော မှတ်ဉာဏ်အား ကောင်းဆဲဖြစ်သော ဗိုလ်ချုပ်ကတော် ဘွားဘွား ဒေါ်ခင်ကြည်၏ ညီမ အန်တီ မာ ဖြစ်ပါသည်။
အများသူငါ ခံဝန်ချက် မထိုးရမည့် အချိန်ကို မျှော်လင့် စောင့်စားရင်း
စီစီသွယ် (S/OKA 089818)
ဇူလိုင် ၂၀၊ ၂၀၁၆၊ ၉ နာရီ ၅၀ ည










