သန်းဝင်းလှိုင်

Than Win Hlaing – Articles

အံ့ချီးဖွယ်လက်
သန်းဝင်းလှိုင်
စက်တင်ဘာ ၁၈၊ ၂၀၁၃


လူ၏ စိတ်ဆန္ဒအရ အမျိုးမျိုးလှုပ်ရှားနိုင်စွမ်းရှိသော ကိုယ်ခန္ဓာ၏ အလွန်အသုံးဝင်သည့် အစိတ် အပိုင်းမှာ လက်ဖြစ်သည်။ သတ္တလောက၌ လူသားသည် အခြားအခြားသော သက်ရှိတိရစ္ဆာန်များနှင့် တစ်သီး တခြား လမ်းခွဲထွက်ပြီးလျှင် မြင့်မားဆန်းကြယ်လှသော လူ့ယဉ်ကျေးမှု အဆောက်အဦကို တီထွှင်ဖန်တီး နိုင်ခဲ့သည်မှာ လူ၏ ဦးနှောက်နှင့် လက်များပင်ဖြစ်သည်။
လက်သည် လူ့ခန္ဓာကိုယ်ရှိ အဖိုးတန်ဆုံးသော ကိရိယာဖြစ်သည်း လူမျိုးတစ်မျိုး၏ တိုးတက်မှု၊ နိုင်ငံတစ်နိုင်ငံ၏ ကြီးပွားချမ်းသာရေးကို လက်ကပင်လျှုင် ‘ လက်တွေ့  ‘ ဆောင်ရွက်နေခြင်းဖြစ်သည်။ စက် မှုထွန်းကားသော အခြေသို့ရောက်ရန် လက်မှုကို အရင်းတည်ရသည်။ စက်မှုခေတ်ကို ရောက်ပြီး နောက်၌လည်း လက်နှင့် ကင်းကွာ၍ မဖြစ်သေး။ လက်သည် ဆက်လက်ပါဝင်ရသေးသည်။ အဏုမြူကို အသုံးပြုရာ၌လည်း လက်သည် အခြေခံဖြစ်သည်။ စက်ယန္တယားများ တည်ဆောက်ဖန်တီးရာ၌လည်း လက်မပါလျှင်မပြီးချေ။ အခြေခံ ပုံစံမှအစပြု၍ လက်သည် အဆင့်ဆင့် တာဝန်ယူရသည်။ နောက်ဆုံး ကွန်ပြူတာဖြင့် ပုံစံဒီဇိုင်းရေးဆွဲခြင်း၊ အချက်အလက်များ သွင်းထုတ်ခြင်း ပြုလုပ်ရာ၌ လက်နှင့်ပင် ကွန်ပြူတာကို ကိုင်တွယ်အသုံးပြုရမည်မှာ မလွဲဧကန်ပင်တည်း။ အချုပ်အားဖြင့်ဆိုသော် စိန်ဗေဒါ၏ တေးသွားကဲ့သို့ ‘ သူ ,  မပါလျှင်လေ အလှူမပြီးသမို့ ‘ ဟူ၍ပင် ဆိုထိုက်ပေသည်။
မြန်မာလူမျိုးတို့သည် မိမိတို့ အားကိုးရာ ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် လုပ်ငန်းတစ်ခုခု ဆုံးရှုံးသောအခါ ‘ တို့တော့ လက်မောင်းတစ်ဖက် ပြုတ်တာပဲ ‘  ဟူ၍လည်းကောင်း၊ ‘ တို့ မှာ လက်တွေ အဖြတ်ခံရတာ နဲ့ ဘာထူးသေးလဲ ‘ ဟူ၍ လည်းကောင်း တင်စားပြောဆိုလေ့ရှိသည်။
မြန်မာစာပေတွင် လက်နှင့် ပတ်သက်သောဆိုရိုးစကားများ၊ စကားပုံများ အများအပြားရှိသည်။ ဥပမာ ‘လက်ခုပ်တွင်းကရေ သွန်လိုသွန်၊ မှောက်လို မှောက် ‘၊ ‘ လက်ညှိုးညွှန်ရာ ရေဖြစ် ‘ ၊ ‘  လက်ညှိုးမကောင်း လက်ညှိုး ‘ ၊ ‘  လက်မ မကောင်း လက်မ᾽၊ ῾ လက်နှင့်ရေး ခြေနှုင့်ဖျက် ᾽၊ ῾ လက်သင့်ရာ စားတော်ခေါ် ᾽၊ ῾ လက်သည်း ဆိတ် လက်ထိတ်နာ ᾽၊ ῾ လက်ဖ၀ါးလို မှောက်ချီလှန်ချီ ᾽၊ ῾ လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ ᾽ စသည်တို့ ဖြစ်သည်။
ဤ မျှအရေးပါ အရာရောက်လှသော လက်၏ အကြောင်းကို လေ့လာဆန်းစစ်ကြည့်ကြပါစို့။ ဆေးသိပ္ပံ ပညာရှင်များ၏ အယူအဆအရ လက်သည် ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်း အားလုံးတို့အနက် အရေးပါ အရာရောက်ဆုံးသော အစိတ်အပိုင်းဖြစ်သည်။ စားရာ၌လည်း လက်ပါရသည်။ အိပ်ရာ၌လည်း လက်ကိုအား ပြု၍ အိပ်စက်ရသည်။ လမ်းလျှောက်ရာ၌ပင်လျှင် လက်မလွှဲဘဲ အချိန်ကြာမြင့်စွာ လျှောက်မရဟု ဆိုသည်။
ပခုံးတစ်ဖက်တစ်ချက်မှ တစ်ခုစီ လျှောဆင်းသွားသော လက်နှစ်ဖက်သည် အရိုးများနှင့် နှောင်ဖွဲ့ နေသည်။ လက်တစ်ဖက်စီတွင် အရိုးပေါင်း (၂၇) ခုကို ခွဲခြားဖော်ပြရသော် လက်ကောက်ဝတ်၌ အရိုး (၈) ခု ၊ လက်ဖ၀ါးနှင့် လက်ခုံကြား၌ အရိုး (၅)ခု၊ လက်မတွင် အရိုး (၂) ခု၊ ကျန်လက်ညှိုး ၊ လက်ခလယ်၊ လက်သူကြွယ်နှင့် လက်သန်းတွင် အရိုး (၃) ခုစီဖြင့် ၁၂ ခုဖြစ်၍ စုစုပေါင်း (၂၇) ခုရှိသည်။
ဖော်ပြပါ အရိုး(၂၇) ခုသည် တဖြောင့်တည်း တန်း၍ နှောင်ဖွဲ့နေသည်မဟုတ်။ လက်ကောက်ဝတ် ၌လည်း အရိုးဆက်ရှိသည်။ လက်ဝါးရိုးနှင့် လက်ချောင်းရိုးများ၌လည်း အဆက်ရှိသည်။ လက်ဆစ်ကလေး များ၌လည်း အရိုးဆက်များရှိကြသည်။ ထို့ကြောင့် အကွေးအညွတ်၊ အပြောင်းအလွဲ လုပ်နိုင်ခြင်းဖြစ်သည်။ ထိုသို့ ကွေးညွတ်ပျော့ပျောင်းသဖြင့်လည်း လက်သည် ခရီးရောက်နေခြင်းဖြစ်သည်။
လက်ကောက်ဝတ် အရိုးများကို လက်ဖျံရိုး ၂ ချောင်းပူးတွဲ ဆက်သွယ်ထားသည်။ ထိုလက်ဖျံရိုးတွဲ နှစ်ချောင်းသည် တံတောင်ဆစ်နေရာ၌ လက်ရုံး သို့မဟုတ် လက်မောင်းရိုးကြီး နှင့် ဆက်သွယ်မိပြန်သည်။ ဤသို့အားဖြင့် လက်တစ်ခုလုံးကို ကြည့်လျှင် ပခုံးနှင့် လက်အိုးနေရာ၌ တစ်ဆက်၊ လက်ရုံး သို့မဟုတ် လက်မောင်းနှင့် လက်ဖျံရိုးဆုံရာ၌ တစ်ဆက်၊ လက်ကောက်ဝတ် တစ်နေရာ၌ တစ်ဆက်နှင့် လက်ချောင်းရိုး နေရာ၌ လက်ဆစ်ကလေးများ ဆုံရာ အဆက်များ စသည်ဖြင့် အရိုးဆက်ပေါင်း အများအပြားကို တွေ့ရ မည်ဖြစ်သည်။
လက်ရိုးများ နှောင်ဖွဲ့တည်ရှိပုံကိုကား သိရှိခဲ့ကြပြီ။ တစ်ဖန် ထိုအရိုးများကို မည်သည့် အရာများ ဖုံးအုပ်စည်းနှောင်ထားမည်ကို ကြည့်ရမည်ဖြစ်သည်။
῾ယောင်္ကျားဘသား၊ မ တစ်ထောင် တစ်ကောင်ဘွား ᾽၊ ဟု လက်ဝှေ့သမားများ၏ ကြုံးဝါးသံ ကိုကြားဖူးကြပေလိမ့်မည်။ ထိုသို့ ကြုံးဝါးခိုက် လက်မောင်းကြွက်သားများကို ထုတ်၍ ပြသလေ့ရှိသည်ကို တွေ့ဖူးပေလိမ့်မည်။
ထိုကြွက်သားများပင်လျှင် လက်တစ်ခုလုံးကို စည်းနှောင်ရစ်သိုင်းထားခြင်း ဖြစ်သည်။ လက်မောင်း အိုးနေရာမှ လက်ကောက်ဝတ်နေရာအထိ ကြွက်သားများဖုံး အုပ်နေကြသည်။ လက်ကောက်ဝတ်မှ တစ်ဖန် လက်ဖျားကလေးများတိုင်အောင် ထိုကြွက်သားများပင်လျှင် အသွင်ပြောင်း၍ ဖွဲ့နှောင် ရစ်ပတ်ထားကြသည်။ ထိုအသွင်ပြောင်းထားသည့် ကြွက်သားများကို လက်ဖျားရောက် ကြွက်သားကြောများဟုခေါ်သည်။ အကြော မျှင်ကဲ့သို့ ကြိုးကိုင်း သဏ္ဌာန်ရှိကြသည်။
ဦးနှောက်အာရုံမှ လိုသလို စေခိုင်းမှုကို လက်မောင်းကြွက်သားများက တာဝန်ယူထမ်းရသည်။ လက်မောင်းကြွက်သားမှတစ်ဆင့် လက်ဖျံကြွက်သားကြောအထိ အဆင့်ဆင့် သတင်းပို့သည်။ တိုတောင်း လှသော လျှပ်တစ်ပြက်အတွင်း၌ လက်သည်လှုပ်ရှားမှု အမျိုးမျိုးကို လိုသလိုပြုလုပ်သည်။ လက်သီးဆုပ် ရန်လိုလျှင် လက်သီးဆုပ်သည်။ လက်ခုပ်တီးစရာလိုလျှင် လက်ခုပ်တီးသည်။ စာအုပ်ကို ကိုင်စရာလိုလျှင် စာအုပ်ကို ကိုင်သည်။
လက်နှိပ်စက် (၀ါ) ကွန်ပြူတာ ကျွမ်းကျင်စွာရိုက်နိုင်သူကိုကြည့်လျှင် လက်၏ အစွမ်းကို သိသာ နိုင်သည်။ အက္ခရာစာလုံး ῾ သော့᾽ (Key) များကို လုံးဝမကြည့်ဘဲဦးနှောက်၏ ညွှန်ပြမှုကို ခံယူကာ အမှား အယွင်းမရှိ ရိုက်နိုင်သည်။ မည်သည့် စာလုံးသည် မည်သည့်နေရာတွင် ရှိသည်ကို လက်ချောင်းများက သိ၍ နေကြသည်။ စန္ဒရားတီးရာ၌လည်း ဤ ကဲ့သို့ပင်ဖြစ်သည်။ ဤ တွင် ဦးနှောက်နှင့် လက် ဆက်သွယ်ပုံ ထူးခြားသည်ကို တွေ့ရှိရသည်။ မည်သို့သော စက်ကိရိယာမျှ လက်ကဲ့သို့ ကျနသေချာစွာ လိုက်နာမည် မဟုတ်ပေ။မေတ္တာမပျက်သစ္စာရှိစွာဖြင့်ရွှေလက်မြဲမြဲတွဲနိုင်စေရည်ရွယ်၍လက်ထပ်လက်စွတ်များကို လက်သူ ကြွယ်တွင်   ဝတ်ဆင်ကြသည်မှာ  လက်သူကြွယ်နှင့်လူ့ နှလုံးသားသည်ဆက်စပ်နေ၍  မဟုတ်ပါလော။
လူမျိုးတစ်မျိုး၏ တိုးတက်ကြီးပွားရေးကို လက်ကပင် ဖန်တီးသည်ဟု ဆိုခဲ့သည်။ ဤ တွင် လက်တစ်ခု လုံး အနက် အဓိက အစိတ်အပိုင်းတစ်ခုရှိသည်ကို ဖော်ပြလိုပေသည်။
မြန်မာစကား၌ မြင့်သောအခြေ၊ ဝင့်ဝါသော အခြေကို ပြဆိုရည်ညွှန်းလိုလျှင် ῾ လက်မထောင် ᾽ သည်ဟူသော စကားကိုသုံးစွဲလေ့ရှိသည်။ ဤ စကားသည် အပိုစကားမဟုတ်ပေ ။ အကြောင်းသော်ကား လူ၏ အဆင့်အတန်း တိုးတက်မြင့်မားမှုကို ဖန်တီးသောလက်၌ လက်မသည် အခရာ ဖြစ်သောကြောင့်တည်း။
῾ လက်မ ᾽ ဟူသော ဝေါဟာရ၌ပင် ῾မ ᾽ ဟူသောစကား ပါဝင်နေသည်ကို သတိပြုထိုက်သည်။ ပင်မ၊ တပ်မ၊ ပြည်မ ဟူသော အသုံးအနှုန်းတို့တွင် ῾ မ ᾽ သည် အဓိက သဘောကိုဆိုပြသည်။ ထို့ကြောင့် လက်ချောင်းငါးချောင်း၌ အဓိကဖြစ်သော လက်ချောင်းတစ်ချောင်းကို လက်မ ဟု ခေါ်ဆိုခြင်းဖြစ်သည်။
῾လက်မ ᾽သည် ကျန်လက်ချောင်း လေးချောင်းကို ကုပ်စီးချုပ်ကိုင် ကွပ်ကဲထားသည်။ ကလောင် ကိုကိုင်လျှင် လက်မ‚ ပါရမည်။ မပါလျှင်မဖြစ် ၊ ရေးသား၍ မရ။ အရာဝတ္တုတစ်ခုကို ကိုင်မည်၊ ဆုပ်မည် ဆိုလျှင် လည်း လက်မပင် အရေးပါဆုံးဖြစ်သည်။ ကျန်လက်ချောင်း လေးချောင်းစလုံး၏ အပေါ်၌ အကွပ်အထိန်းသဖွယ် လက်မက တာဝန်ယူရသည်။ ထို့ကြောင့် လက်မကို အခရာ လက်ချောင်းဟူ၍ ခေါ်ဆိုကြသည်။ တိရစ္ဆာန်တို့၌ လက်ရှိသည်ဆိုသော်လည်း အခရာသဘော သက်ရောက်သည့် လက်မ မရှိကြ။ လူနှင့် အနီးစပ်ဆုံး မျောက်၌သာ ထို အခရာ သဘောသက်ရောက်သည့် လက်မ ရှိသည်။ ထို လက်မရှိ၍ လူနှင့် နီးစပ်ခြင်း ဖြစ်လေသလားဟု လည်း တွေးဆစရာပင်။
လက်သည် ဤ ကမ္ဘာကြီးကို အမျိုးမျိုးပြုပြင်ပြောင်းလဲနေသည်။ လက်၏ စွမ်းရည်သည် အဏုမြူ စွမ်းအင်၊ အာကာသယာဉ် ၊ ဂျက်လေယာဉ်၊ အံ့မခန်း မြင့်မား၍ ထုထည် အလွန်ကြီးမားသည့် အဆောက် အဦများ၊ စက်ယန္တယားများ အတိပြီးသော စက်မှုခေတ် အာကာသ သိပ္ပံခေတ်ကြီးကို လက်ကပင် ဖန်တီးခဲ့ သည် မဟုတ်ပါလော။
လူအချင်းချင်း စိတ်ဓါတ်တက်ကြွ အားတက်စေရန် ပြုမူရာ၌ လက် မပါလျှင်မပြီးချေ။ ဥပမာ အားက စားပြိုင်ပွဲများ၌ လက်ခုပ် လက်ဝါးတီးသည်ကို တွေ့ဖူးပေလိမ့်မည်။ ဤသို့ လက်ခုပ်လက်ဝါးတီးလိုက်ခြင်းသည် ပါဝင်ယှဉ်ပြိုင်သူတို့ အားတက်စေရန် ဖန်တီးလိုက်ခြင်းဖြစ်သည်။
လူမျိုးအသီးသီး၊ ဘာသာအယူဝါဒ အမျိုးမျိုးတို့၏ ဓလေ့ထုံးစံများသည် လက်နှင့်ပတ်သက် နေသည် ချည်းဖြစ်သည်။
ဗုဒ္ဓ၀ါဒီတို့အဖို့ ဘုရားတရားကို အာရုံပြုရာ၌ လက်သည် အဓိကဖြစ်သည်။ ဆုတောင်း ဆုယူအမှု၌ လက်သည် အခြေခံဖြစ်သည်။ လက်ကို အငုံအဖူးသဖွယ် ယှက်ကူးလျှက် စိတ်၏ ဆန္ဒကို ဖော်ပြကြသည်။ ကြည်ညိုမြတ်နိုးသည့် သဘောကို လက်ဖြင့် ထိထိရောက်ရောက်ပြသသည်။
အခြားအခြားသော အစ္စလာမ်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်တို့ အဖို့လည်း ဤနည်းထပ်တူဖြစ်သည်။ အစ္စလာမ် ဘာသာဝင်တစ်ဦး ဝတ်ပြုဝတ်ဖြည့်ရာ၌  လက်ကို အဓိက ထားသည်။ ဆုတောင်းဆုယူ ပြုသောအခါ လက်ဝါးကို အသာဖြန့်၍ ဆုမွန်တောင်းဆိုကြသည်။ ဆုမွန်တောင်း၍အပြီးတွင် မျက်နှာကို အသာပွတ်သည်။ နှလုံးသည်းစိုင်သို့ ထိုးဖောက်ရောက်ရှိသည့် သဘောပြသခြင်းပင် ဖြစ်သည်။ ခရစ်ယာန် ဘာသာဝင်အဖို့လည်း ရင်ညွန့်ဆီတွင် လက်အုပ်ကလေးတင်ကာ အူလှိုက်သည်းလှိုက် သဘောဖြင့် ဆုမွန်တောင်းဆိုသည်။ ဤနည်းအားဖြင့် စိတ်တွင်ဖြစ်ပေါ်သော သဒ္ဒ္ဒါကြည်ညိုစိတ်ကို လက်၏ ဟန်ပန်ဖြင့် ပြသလေ့ရှိကြပေသည်။
လူသည် အကအခုန် နှစ်သက်သော သတ္တ၀ါဖြစ်သည် ။ လူမျိုးအသီးသီး၌ သက်ဆိုင်ရာ ကခုန်နည်း များရှိကြသည်။ အတွင်းစိတ်၌ ဖြစ်ပေါ်နေသော ကြည်နူးပျော်ရွှင်သည့် သဘောကို လက်အမူအယာဖြင့် ဖော်ပြကြသည်။ လက်ဖျားကလေးများ ပျော့ပျော့ပျောင်းပျောင်း နွဲ့နွဲ့နှောင်းနှောင်း ဖြစ်အောင် ကွေးညွတ် ကခုန်မှုကို ကြည့်ရှု၍ အကပညာကောင်း မကောင်း၊ သုခုမ အနုပညာ အရည်အသွေး ရှိမရှိကို လက်ကိုကြည့်၍ ဆုံးဖြတ်ကြသည်။ အနူပညာ၏ အရည်အသွေးကို လက်အသိမ်းအနှုတ် စသည့် လက်လှုပ်ရှားမှုကို ကြည့်ရှူ၍ အကဲဖြတ်ကြသည်။
အာကာသ သိပ္ပံခေတ်ကို ရောက်ရှိအောင် လက်ကပို့ဆောင်ပေးသည်။ သို့သော် လက်ကို လက်မလွှတ် နိုင်သေးပေ။ အဏုမြူစွမ်းအင် မည်မျှကြီးစေကာမူ လက်၏ တာဝန်ကို အလုံးစုံ မယူနိုင်သေးပေ။သိပ္ပံ နှင့် နည်းပညာ တိုးတက်နေသော မျက်မှောက်ခေတ်တွင် လူ့လက် ကို တုပပြုလုပ်ထားသော စက်ရုပ် လက်ရုပ်များ ပေါ်နေပြီဖြစ်သည်။ သို့သော် ယနေ့တိုင် လက်၏ အစွမ်းကို မမီနိုင်သေးချေ။ နောင်တွင်လည်း မည်သည့်အခါမျှ မီနိုင်မည်မဟုတ်ပေ။
လူ၏ အဆင့်အတန်း၊ အခြေအနေ၊ အရည်အသွေး စသည်တို့ကို လက်ကပင် ညွှန်ပြနေသည်။ လက်ဝါးပြင်ကို ကြည့်ရှု၍ လူတစ်ယောက်၏ ဘ၀အခြေအနေကို အကဲခတ်နိုင်သော ဟတ္တရိကခေါ် လက္ခဏာ ပညာရပ်များရှိနေသည် မဟုတ်ပါလော။ လက်ချောင်းကလေးများကို ပူးကပ်၍ စေ့မစေ့ ကြည့်ရှုသည်။ လက်ချောင်းများ စေ့နေပါက အသုံးအစွဲစိစစ်မည်။ ချမ်းသာမည်ဟု လက္ခဏာ ပညာရပ်ဖြင့် ဟောပြောသည်။ လက်ကြားယိုသော် အသုံးအဖြုန်းကြီးတတ်သည် စသည်ဖြင့် ဟောပြောကြသည်။
လက်ဝါးပြင်မှ အရေးအကြောင်းများ၊ လက်၏ ဂြိုဟ်ခုံအနေအထား၊ လက်ဝါးပြင်၏ အပျော့အမာ၊ အရောင်အဆင်း၊ လက်ဝါးပုံသဏ္ဌာန်၊ လက်မပုံ၊ လက်သည်း လက်ဖျားထိတ်ခရု၊ လက်ဗွေ စသည်တို့ကို ကြည့်ရှူ၍လည်းကောင်း လူတစ်ယောက်၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အခြေအနေတို့ကို ရာနှုန်းပြည့်နီးပါးဖြင့် မှန်ကန်အောင် ဟောပြောနိုင်ပေသည်။
ထို့ပြင် လူတစ်ဦး လက်ရေးလက်သား၊ တတ်မှုကို ကြည့်ရှု၍ လူ၏ အကျင့်စရိုက်နှင့် စိတ်နေ စိတ်ထားကို လေ့လာသိရှိနိုင်ပေသည်။ အနောက်နိုင်ငံ လက်ရေးလက်သားကို ကြည့်ရှု၍ လူကဲခတ်ခြင်း ပညာရပ်ကို ῾ဂရပ်အိုလော်ဂျီ ᾽ ( Graphology) ဟု ခေါ်လေသည်။
လက္ခဏာပညာဖြင့် မဟုတ်ဘဲ လက်ကောက်ဝတ်သွေးကြောကို စမ်းရုံမျှဖြင့် ရေဂါရှိမရှိ လူ၏ အခြေ အနေမှန်ကို  ဆေးပညာရှင်များ ပြောကြားနိုင်သည်။
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ဆေးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ဂျီအီးဟိန်း ဆိုသည့် ပုဂ္ဂိုလ်က လက်၏ အခြေအနေကို အကဲခတ်ကြည့်ရှုရုံမျှဖြင့် ခန္ဓာကိုယ်၏ ရောဂါ ဝေဒနာအားလုံးကို သိရှိနိုင်သည်ဟုဆိုသည်။ နှလုံးရောဂါကု ပါရဂူတစ်ဦးကလည်း လက်ဝါးပြင်၏ အရောင်နှင့်ချွေးထွက်ပုံကို စမ်းသပ်ရန် ကိရိယာ တစ်မျိးကိုပင် တီထွှင်ပေးခဲ့လေသည်။
လက်သည် ဆေးပညာ၌ အသုံးဝင်သည်မဟုတ်။ လူ့ယဉ်ကျေးမှု အရပ်ရပ်၌ လည်း လက်သည် အသုံးဝင်သော အစိတ်အပိုင်းဖြစ်သည်။ လက်သည် လူ့သမိုင်းကို တစ်မျိုးတစ်ဖုံ ပြောင်းလွှဲနိုင်ပေသည်။
လူအချင်းချင်း မေတ္တာရှိသည့်သဘောကိုလည်း လက်ဖြင့်ပင် ပြသကြသည်။ အနောက်တိုင်း ယဉ်ကျေးမှုအရ လက်ချင်းဆွဲ၍ နှုတ်ဆက်သည်။ အစ္စလာမ်ဘာသာဝင်များက လက်ချင်းယှဉ်၍ သော်လည်း ကောင်း။ နဖူးပေါ်လက်တင်၍သော်လည်းကောင်း တစ်ဦးကိုတစ်ဦး နှုတ်ဆက်ကြသည်။ မေတ္တာပို့ကြသည်။ တပ်မတော်အသီးသီး၌လည်း အရိုအသေပေးမှုနှင့် တာဝန်အား လေးစားမှုတို့ကို လက်ဖြင့်ပင်ပြသကြသည်။
လက်ဆွဲနှုတ်ဆက်သည့် ဓလေ့မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈ဝဝ ကျော် ၉ဝဝ ခန့်က ပင် စတင် ပေါ်ပေါက်ခဲ့သည်။ လက်ဆွဲနုတ်ဆက်သည့် သဘော အရင်းအမြစ်မှာ အေးချမ်းပါစေ ဟူ၍ ဆုမွန်တောင်း ဆိုခြင်းဖြစ်သည်။
῾ အေးချမ်းပါစေ ᾽ ဟူသော အဓိပ္ပာယ် အတိတ်နိမိတ် ကိုကောက်ယူသည်မှာလည်း အကြောင်းမဲ့ မဟုတ်ပေ။ ထိုခေတ် ထိုအချိန်က နေထိုင်သူများသည် စစ်တိုက်၊ ဓါးခုတ်၊ လှံထိုးမှုတွင် လက်စွပ်အိပ်များကို အသုံးပြုသည်။ အတိုက်အခိုက် ပြေငြိမ်းသောအခါမှသာ လက်စွပ်အိတ်ကို ချွတ်ကြရသည်။ ဤသို့ လက်စွပ်အိတ်ကို ချွတ်ခွင့်ရလျှင်ရခြင်း လက်သက်သက်ကို ကိုင်တွယ်ကြည့်ရှုနိုင်ခြင်း ဖြစ်သည် ဟူသော သဘောဖြင့် ၀မ်းမြောက်ကြသည်။ စိတ်၏ အေးချမ်းမှုကို ခံစားကြရသည်။ တစ်နည်းအားဖြင့် လက်သက် သက်ကို ကြည့်ရှူကိုင်တွယ် ကြည့်ရှုနိုင်သည့်အချိန်အခါသည် စစ်မဲ့ငြိမ်းချမ်းရေးကာလမျိုး၌သာ ဖြစ်နိုင်ပေသည် မဟုတ်ပါလော။
မြန်မာ့ယဉ်ကျေးမှု ဓလေ့၌လည်း လက်ကိုကြာဖူးသဖွယ် ပူးယှက်၍ တစ်ဦးကိုတစ်ဦး နှုတ်ဆက် သည့်အလေ့ ရှေးအခါက ပင်ရှိခဲ့သည်။
ထိမ်းမြားမင်္ဂလာအမှု၌လည်း ῾ လက်ထပ်᾽ ဆိုသော စကားကို သုံးကြသည်။ သုံးသည့်အတိုင်းလည်း သတို့သားနှင့် သတို့သမီးတို့ကို နှစ်ဦးယှဉ်ထိုင်စေပြီးနောက် မြေဇာမြက်၊ ပန်းနံ့သာရည်ထည့်ထားသော ငွေဖလား သို့မဟုတ် ခွက်ကြီးတစ်ခုတွင် လက်တစ်ဖက်စီ နှစ်ထားရသည်။ လက်နှစ်ထားစဉ် လက်ထပ်ပေး သူက မင်္ဂလာအရာမြောက်ကြောင်း ဂါထာတို့ကို ရွတ်ဆိုပေးသည်။ ဂါထာဆုံးလျှင် သတို့သမီးလက်ပေါ်သို့ သတို့သားလက်အုပ်ကာ ပ၀ါစည်းထားရသည်။ ပြီးလျှင် လင့်ဝတ္တရား ၊ မယားဝတ္တရားများကို ပြောဆိုသွန်သင် ဆုံးမသည်။ ဤ သို့ဖြင့် မင်္ဂလာအရာ ပြီးမြောက်သည်။
ရှမ်းအမျိုးသားတို့၏ မင်္ဂလာလက်ထပ်ပုံမှာ သတို့သားနှင့် သတို့သမီးတို့၏ လက်တို့ကို ချည်ဖြူကြိုးနှင့် ချည်နှောင်ပေးရသည်။ ကြိုးချည်ပေးသူနှစ်ဦးက သတို့သားနှင့် သတို့သမီးများအတွက် ဆုမွန်ကောင်းတောင်း၍ ပစ္စည်းများဖြင့် ῾လက်ဖွဲ့᾽ လေ့ရှိကြသည်။ ကြွရောက်လာသော ဧည့်သည်များကလည်း လက်ဖွဲ့ကြသည်။
ရခိုင်တိုင်းရင်းသားတို့ လက်ထပ်ပုံမှာ မင်္ဂလာလက်ထပ်ထိမ်းမြားပွဲကို စတင်သောအခါ ῾အညွန့်᾽ ရှိသူ အမျိုးသမီးက ချည်ခင်ကိုကိုင်ပြီး သတို့သားနှင့် သတို့သမီးလက်ကို သုံးပတ်။ငါး ပတ်၊ ခုနှစ်ပတ် စသည်ဖြင့် ပတ်ရသည်။ အညွန့်ရှိသော အမျိုးသမီးဆိုသည်မှာ လူပျိုအပျို လက်ထပ်ပြီး ယခုတိုင် မောင်နှံစုံ အတူတကွ နေထိုင်လျှက် သားသမီး တစ်ဦးတစ်ယောက်မျှ ပျက်စီးခြင်းမရှိသေးသော အိမ်ထောင်ရှင် အမျိုးသမီးဖြစ်သည်။
ရေအိုးစင်နှစ်လုံး၊ သတို့သား၏ အိပ်ရာလိပ်နှင့် သေတ္တာတို့အပြင် မင်္ဂလာထမင်းပွဲကို အထက်ပါအတိုင်း ချည်ခင်ဖြင့် ရစ်ပတ်သည်။ ဤသို့ပြုလုပ်သည်ကို ῾မြားသည်᾽ ဟုခေါ်သည်။ ယင်းနောက် မင်္ဂလာထမင်းကို လက်စုံစားကြသည်။ ထို့နောက် သတို့သားနှင့် သတို့သမီးတို့သည် စားသောက်ပြီးနောက် ရေဖလားတွင် အတူတကွ လက်ဆေးကြရသည်။ ဤသို့ဖြင့် မင်္ဂလာအရာ ပြီးမြောက်တော့သည်။
သို့ကလို ရိုးရာဓလေ့ထုံးတမ်းများအတိုင်း မပြုလုပ်ဘဲ ရုံးတက်လက်ထပ်မည်ဆိုပါကလည်း လက်မပါလျှင်မပြီးချေ။ လက်မှတ်ထိုးခြင်း သို့မဟုတ် လက်ဗွေပုံစံနှိပ်မှ မင်္ဂလာအရာမြောက်ပေသည်။
လက်ဗွေပုံစံဟူရာ၌ ကမ္ဘာလုံးရှိလူဦးရေ အမြောက်အမြားကို လက်ဗွေပုံစံဖြင့် ခွဲခြားနိုင်သည်။ ရုပ်ရည်ချင်း ထပ်တူထပ်မျှ တူချင်တူမည်။ လက်ဗွေပုံစံကား မတူကြပေ။ ထိုကဲ့သို့ တစ်ဦး၏ လက်ဗွေပုံစံနှင့် အခြားသူတစ်ဦး၏ လက်ဗွေပုံစံတို့ မတူသည်ကို သိရှိလာသည်နှင့် မှုခင်းများ နည်းပါးစေရန်အတွက် မှူခင်း တပ်ဖွဲ့များသည် ထိုအချက်ကို အသုံးပြုခဲ့ကြလေသည်။
ရာဇဝတ်မှုကျူးလွန်သူများကို တွေ့ ရှိသောအခါ ထိုသူများကို ဓါတ်ပုံရိုက်ယူလေ့ရှိပြီးလျှင် ထိုသူတို့၏ လက်ဗွေပုံစံများကိုလည်း နှိပ်ယူမှတ်တမ်းတင်ထားလေ့ရှိကြသည်။ ထိုသို့ပြုလုပ်ခြင်းမှာ နောင်အခါ ရာဇတ်မှု များ ထပ်မံဖြစ်ပွားခဲ့ပါမူ ထိုသူဟုတ်မဟုတ်ကို ထင်ရှားစွာ သိသာစေရန်အတွက်ဖြစ်သည်။ ခိုးယူတိုက်ခိုက်သည့် နေရာများ၌ အမှတ်တမဲ့ ကျန်ရစ်ခဲ့သော လက်ဗွေပုံစံများနှင့် လူဆိုး၏လက်ဗွေ ပုံစံများကို တိုက်ဆိုင်ကြည့် နိုင်သဖြင့် ထိုအမှုအခင်းဖြစ်ပွားမှုတွင် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးနိုင်လေသည်။
တရားဥပဒေနှင့် စပ်လျဉ်းသည့် စာချုပ်များ၌ လက်ဗွေပုံစံနှိပ်ခြင်းကို အသုံးပြုခဲ့သော ပထမဆုံးနိုင်ငံ သည် တရုတ်နိုင်ငံဖြစ်သည်။ ရှေးခေတ်မှ ယနေ့တိုင် စာမတတ်သူများကို လက်မှတ်အစား လက်ဗွေပုံစံကို နှိပ်ယူကြလေသည်။
မည်သို့ဆိုစေ လက်ဗွေပုံစံစနစ်သည် ယနေ့တိုင် ကမ္ဘာသုံးဖြစ်နေပေရာ လက်ဗွေကို လူတိုင်းလက်မ လွှတ်နိုင်ကြတော့ပေ။
တဖန် ဂီတလောကသို့ ခြေဦးလှည့်ကြည်ပါက လက်နှင့်မကင်းသည်ကို တွေ့ရပေမည်။ ဂီတသည် လူ၏စိတ်ကို အမျိုးမျိုးပြုမူနိုင်သည်။ ဆွေးအောင်လုပ်နိုင်သည်။ လွမ်းအောင်လည်းဖန်တီးနိုင်၏။ သာယာ ကြည်နူး နှစ်သက်မှုကို ဖြစ်စေနိုင်သည်။ စိတ်အားတက်ကြွအောင်လည်း သွေးထိုးပေးနိုင်သည်။ သို့သော် သီချင်းသက်သက် သီဆိုကြားနာရရုံဖြင့် ဆွေးမှု၊ လွမ်းမှု၊ ကြည်နူးမှု၊ စိတ်အားတက်ကြွမှု စသည့် ရသတို့ ဖြစ်ပေါ်မလာနိုင်။ လက်ကလေးဖက်၍ တူရိယာသံကလေး ဖြည့်စွက်ပေးပါမှ စိတ်၏ခံစားမှု အရသာပေါ် လာမည်ဖြစ်ပေသည်။ ဤတွင် လက်၏အရာရာ စွမ်းဆောင်နိုင်ပုံကို သိသာနိုင်သည်။ တယောထိုးထိုး၊ စောင်းပင်တီးတီး၊ စန္ဒယားပင် နှိပ်နှိပ်၊ ဒုံမင်းပင် ခတ်ခတ် မည်သည့် တူရိယာကို အသုံးပြုပြု လက်မပါ လျှင်မပြီးနိုင်ပေ။
လက်သည် ခန္ဓာကိုယ်တစ်ခုလုံးတွင် အချုပ်ဖြစ်ကြောင်းကို အမျိုးမျိုးပြခဲ့ပြီ။ သို့သော် ရေးသားဖော်ပြရန် မကုန်သေးပေ။ စိတ်သဘောထားနှင့် အကျင့်စရိုက်ကို လေ့လာအကဲခတ်ရာ၌ မျက်နှာအမူအရာကို ကြည့်၍ အကဲခတ်ခြင်းထက် လူတစ်ယောက် အမှတ်တမဲ့ လက်မ၊ လက်ချောင်းတို့၏ လှုပ်ရှားပုံကို ကြည့်ရှု၍ အကဲခတ်ခြင်းက ပိုမိုခရီးရောက်ပေသည်။ အကြောင်းသော် မျက်နှာသည် ဟန်ဆောင်၍ အမူအရာ ပြောင်းလွဲနိုင်သည်။ လက်၏လှုပ်ရှားမှု အမူရာသည် မသိစိတ်နှင့် နွယ်ငင်ဆက်စပ်နေသဖြင့် ပြောင်းလွဲ၍ မရပေ။ ထို့ကြောင့် လက်မှတ်အတု၊ လက်ရေးအတုများကို လွယ်ကူစွာ ခွဲခြားနိုင်ပေသည်။
ကမ္ဘာကျော် မျက်မမြင်၊ နားမကြား၊ စကားမပြောနိုင်သည့် မစ္စက်ဟယ်လင်ကဲလာသည် ကမ္ဘာကျော် ပုဂ္ဂိုလ်ထူးများ၏ စိတ်နေသဘောထားကို လက်ကိုစမ်းသပ်ကြည့်ရုံမျှဖြင့် တိကျစွာ အဖြေပေးနိုင်သည်။
နားမကြားသူများအတွက် တီထွှင်ထားသော လက်ဟန်ခြေဟန်ပြ ဘာသာစကားသည် သိပ္ပံနည်း ပညာဆိုင်ရာ လူအများစိတ်ဝင်စားလာသော လုပ်ငန်းတစ်ရပ်ဖြစ်နေပေပြီ။ လွန်ခဲ့သော အနှစ်၂ဝမှ စတင်၍ ဘာသာဗေဒပညာရှင်များက လက်ဟန်ပြ ဘာသာစကားမှာ နားမကြား၊ စကားမပြောနိုင်သူများအတွက် အလွန်အသုံးဝင်သော ပညာရပ်အဖြစ် သိရှိနားလည်ခဲ့ကြသည်။ လက်ဟန်ပြမှု တစ်ခုစီတိုင်းကို အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ ၄င်းလက်ဟန်ပြ ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၌ ῾ အမေရိကန် လက်ပြဘာသာစကား᾽ (American Sing Language ASL ) ဟုခေါ်ဝေါ်ကြသည်။
မျက်မမြင်ဒုက္ခိတများ စာပေသင်ကြားနိုင်ရန် ῾ လက်စမ်းစာပေ᾽ ကိုတီထွှင်ခဲ့သူကား ပြင်သစ်နိုင်ငံသား ῾ လူဝီဘရေး᾽  Louis Braile ဆိုသူဖြစ်သည်။ ပို၍အံ့သြဖွယ်ကောင်းသည်မှာ လူဝီဘရေး ကိုယ်တိုင်ပင် ဘ၀၀ဋ်ကြွေးမကင်း၍ မျက်မမြင်ဘ၀သို့ ရောက်နေရသူဖြစ်သည်။ ဘရေး၏ လက်စမ်းစာပေမှာ မျက်စိမမြင် သူများအား စာရွက်ပေါ်တွင် လက်ဖြင့်စမ်းသပ်နိုင်သော ဖောင်းကြွနေသော အဖုကလေးများ ပြုလုပ်၍ သင်္ကေတဖြင့် သင်ကြားသောနည်းပင်ဖြစ်သည်။ ဘရေးနည်း၌ သင်္ကေတ ၆၃ မျိုးရှိ၍ ထိုသင်္ကေတများသည် အေ၊ ဘီ၊ စီ ( A.B.C) စသော ရောမအက္ခရာအားလုံးအကျုံးဝင်သည်။ ထိုမျှမက သံယုဂ်နှင့် ပုဒ်မ စသည်တို့ကိုလည်း သင်္ကေတအားဖြင့် ပါဝင်၏။ ဘရေး၏နည်းမှာ စက္ခုအာရုံဖြင့်  စာဖတ်သည့်အခါ ဖောဋ္ဌဗ္ဗာရုံတည်း ဟူသော လက်နှင့်တွေ့ထိခြင်းဖြင့် စာရေးစာဖတ်ခြင်းဖြစ်သည်။
အားကစားလောက၌လည်း လက်မပါလျှင်မပြီးချေ။ အလေးမ၊ ဓါးခုတ်၊ လက်ဝှေ့၊ စားပွဲတင်တင်းနစ်၊ ဘော်လီဘော၊ ကျွမ်းဘား၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်၊ တုတ်ထောက်ခုန်၊ စစ်တုရင်၊ သေနတ်ပစ်၊ မြားပစ် စသည့် အားကစားနည်းများသည် လက်၏ခွန်အားနှင့် အချိန်အဆများပေါ်တွင် တည်မှီနေသည်မဟုတ်ပါလား။
ထိုနည်းတူ ပန်းချီပန်းပု၊ အကစသည့် သုခုမ ပညာရပ်များနှင့်ဇာထိုး၊ ပန်းထိုး၊ ရက်ကန်းခတ် ၊ တောင်းယက်၊ အိုးလုပ် စသည့် လက်မှုပညာရပ်များ၌ လက်၏အရေးပါပုံကို လေ့လာကြည့်ပါက သိနိုင် ပေသည်။
ရေကြော၊ မြေကြောတိုပကို ရှုံ့နိုင်သောခေတ်ကြီးတွင် စာကြောကိုရှုံ့နိုင်သော အတတ်ပညာတစ်ခုမှာ ῾လက်ရေးတို᾽ ပညာရပ်ပင်ဖြစ်သည်။ လူတစ်ယောက်၏ နှုတ်မှ ကရားရေလွှတ်တတွတ်တွတ် ပြောသွားသော စကားများကို  သာမန်လက်ရေးဖြင့် လိုက်ရေးကြည့်သော် စာတစ်ကြောင်းမျှလောက်ကိုသာ မီအောင်ရေး နိုင်ပေမည်။ ထို့ကြောင့် စကားပြောသူ၏ အရှိန်အတိုင်းလုံးစေ့ပတ်စေ့ အမီလိုက်၍ ရေးနိုင်စေခြင်းငှာ လက်ရေးတိုစနစ်ကို တီထွှင်ခဲ့ကြသည်။
ကမ္ဘာ့ခေတ်မီ လက်ရေးတိုနည်းစနစ်ကို တီထွှင်ခဲ့သူကား အင်္ဂလန်ပြည် ဝေးလ်ရှိုင်းယားနယ်သား အိုက်အက်ပစ်တမင်း  Isaac Pitman ဆိုသူဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရေးတိုနည်းစနစ်ကို တီထွှင်သူ များ၌ ဦးအုန်းဖေ၊  ဦးသိန်းမောင်၊ ဇွဲဦးအုန်းချိန်၊ ဦးဌေးမောင်၊ ရွှေဘို ဦးဘငြိမ်း တို့မှာ ထင်ရှားပေသည်။
အထက်လူနှင့် အောက်လူခွဲခြားရာ၌ မြန်မာတို့သည် ῾ လက်အောက်ငယ်သား᾽ ဟူသော အသုံးအ နှုန်းဖြင့် ခွဲခြားသည်။ မြန်မာဝေါဟာရများအနက် ῾ လက် ᾽ ပါသော အသုံးအနှုန်းတို့ကို ပေါင်းရုံး၍ဖော်ပြရသော် ῾ လက်ကိုင်တုတ်᾽၊ ῾ လက်ထောက်᾽၊ ῾ လက်အောက်ခံ᾽၊῾ လက်ပမ်းပေါက်ခတ်᾽၊῾လက်ခံ᾽၊ ῾လက်စသိမ်း᾽၊ ῾ လက်စွမ်းလက်စ᾽၊ ῾လက်စွဲ᾽၊῾လက်စောင်းထက်᾽၊῾ လက်လွှဲလက်ပြောင်း᾽၊ ῾လက်ဆင့်ကမ်း᾽၊ ῾လက်ဆောင်᾽၊ ῾လက်ဖွဲ့᾽၊῾လက်ဆော့᾽၊῾လက်တက်᾽၊῾လက်တန်း᾽၊῾လက်ထက်ပွား᾽၊῾လက်ပူးလက်ကြပ်᾽၊῾လက်ထောက်ချ᾽၊ ῾လက်ပန်းကျ᾽၊῾လက်အမြှောက်᾽၊῾လက်ပွန်းတတီး᾽၊῾လက်ဖွဲ့ထိုး᾽၊῾လက်မတင်ကလေး᾽၊῾လက်မရွံ့သား᾽၊  လက်မွန်မဆွ᾽၊῾လက်လီလက်ကား᾽၊῾လက်မှိုင်ချ᾽၊῾လက်ရင်းကြေး᾽၊῾လက်ရွေးစင်᾽၊῾လက်ဝှေ့᾽၊῾လက်နက်မဲ့᾽၊ ῾လက်လွှတ်᾽၊῾လက်လျော့᾽၊῾လက်နက်᾽၊῾လက်ရေးတို᾽၊῾လက်နှိပ်စက်᾽၊῾လက်ဝဲ᾽၊῾လက်ဝတ်ရတနာ᾽၊လက်ဝတ်လက်စား᾽၊῾လက်ယာ᾽၊῾လက်ရေးမူ᾽၊῾လက်မှတ်᾽ စသည်တို့ဖြစ်လေသည်။

အထက်ဖော်ပြပါ မြန်မာအသုံးအနှုန်းများမှာ မှတ်မိသရွေ့ အနည်းအကျဉ်းသာဖြစ်သည်။ လက်၏ စွမ်းရည်မှာ အံ့ချီးဖွယ်ဖြစ်သကဲ့သို့ မြန်မာ့လက်သုံးစကား အသုံးအနှုန်းများမှာလည်း ကြွယ်ဝများပြား လှပေတော့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts