ဗိုလ်ထက်မင်း – ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေးမဟာဗျုဟာ နည်းဗျူဟာ အစီအစဉ် တိုက်တွန်းချက် – အပိုင်း (၂)

 

ဗိုလ်ထက်မင်း – ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေးမဟာဗျုဟာ နည်းဗျူဟာ အစီအစဉ် တိုက်တွန်းချက် – အပိုင်း (၂)

(မိုးမခ) ဇန်န၀ါရီ ၃၁၊ ၂၀၁၆

 

၁၄။ ချက်နိုင်ငံနဲ့မတူတာက – ၀န်ထမ်းရေးရာခန့်ထားရေးက မြန်မာနိုင်ငံမှာ ပြည်ထဲရေးဝန်ကြီးရဲ့လက်အောက်မှာ မရှိတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဖြစ်ပြီး ဥက္ကဌကတော့ ဒေါက်တာမောင်မောင်သား၊ ယခင်နိုင်ငံခြားရေးဒုဝန်ကြီးဖြစ်ခဲ့သူ ဦးကျော်သူဖြစ်ကာ သူ့ရဲ့အဆင့်အတန်းဟာ ဝန်ကြီးထက်မြှင့်ထားပါတယ်။ ဝန်ကြီးဌာနတွေရဲ့ အပေါ်မှာရှိပြီးPower line up အရ တရားသူကြီးချုပ်နဲ့ ရှေ့နေချုပ်ပြီးရင် သူ့က နေရာယူပါတယ်။ ယခင်နအဖလက်ထက်မှာ အတွင်းရေးမှူး (၁)က သင်တန်းဆင်းပေးရပါတယ်။ ဒါပေမဲ့ လက်ရှိဦးသိန်းစိန် လက်ထက်မှာ သိပ်ပြီးနေရာမပေးတာတွေ့ရပါတယ်။ ကျောင်းဆရာဆရာမများ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ အခြား ဝန်ထမ်းများအတွက် အလုပ်အကိုင် (အရာရှိအဆင့်) ရာထူးတိုးမြှင့်ရေး၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်လိုမျိုး ဝန်ထမ်းအကြီးအကဲခန့်အပ်ရေး၊ ဝန်ထမ်းမူဝါဒများကို ဝန်ထမ်းရွေးချယ်ရေးအဖွဲ့က ကိုင်တွယ်ရပါတယ်။

၁၅။ ယန်းဖရောလစ်က ချက်နိုင်ငံအတွေ့အကြုံ ဆက်ပြောပါတယ်။  ပြုပြင်ပြောင်းလဲရေးဝါဒီတွေဟာ အာဏာသင်္ကေတတစ်ခုဖြစ်တဲ့ ပြည်ထောင်စု ပြည်ထဲရေးဌာနအပေါ် အခြေခံအားဖြင့် ဗဟိုပြုခဲ့ပါတယ်။ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လုပ်ကိုင်ခွင့် အာဏာထဲမှာ အနိမ့်ဆုံးအားဖြင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတာဝန်တွေ ပါဝင်ပါတယ်။ (ကားလိုင်စင်၊ မှတ်ပုံတင်တာ၊ နိုင်ငံသားတွေကို မှတ်ပုံတင်တာနဲ့ နိုင်ငံကူး လက်မှတ်နဲ့ ပတ်သက် ဆက်နွယ်နေတဲ့ ကိစ္စမျိုးတွေကို ဆိုလိုတာ ဖြစ်ပါတယ်) ။ ချက်ကိုစလိုဗက်ကီးယား ပြည်ထောင်စု ပြိုကွဲသွားပြီး ချက်သမ္မတနိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီး ဌာနကို ထူထောင်ခဲ့ပြီးတဲ့နောက်မှာ သူတို့ဟာ လုံးလုံးလျားလျား ကွဲပြားခြားနားတဲ့ အနေအထားတစ်ရပ်နဲ့ ရင်ဆိုင်ကြုံ့တွေ့ ခဲ့ရပါတယ်။ နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားရဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှုရဲ့ အရေးပါမှုကို အားသစ်လောင်း ပေးခဲ့ပါတယ်။ အကြောင်းကတော့ အာဏာလွှဲပြောင်းအပြီးမှာ အစိုးရမူဝါဒကို အရင်းခံ မူလအားဖြင့် ရဲက လုပ်ဆောင် အကောင်အထည်ဖေါ်တာ မဟုတ်တော့ဘဲ၊ အစိုးရ အုပ်ချုပ်ရေးယန္တရားရဲ့ လွှမ်းမိုးမှူက အစားထိုး နေရာယူလာပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနဟာ သူရဲ့ အခွင့်ထူးခံ အနေအထားကို လက်လွတ် ဆုံးရှုံးခဲ့ရပြီး အဲဒါကို ဘဏ္ဍာရေးဝန်ကြီးဌာနက လွှဲပြောင်း ရယူသွားခဲ့ပါတော့တယ်။ လူအများအပြားဟာ အဲဒီအချက်ကို အခုအထိ သဘောမပေါက် ကြသေးဟန်တူတယ်လို့ ဆိုပါတယ်။

၁၆။ သူကသတိပေးရာမှာ အာဏာကို ဒေသန္တရ အုပ်ချုပ်ရေးအာဏာပိုင်များထံ ကမူးရှူးထိုး မဆင်မခြင် ၊ လွှဲပြောင်း ပေးတာမျိုးကို ရှောင်ရှားသင့်ပါတယ်။ အဲဒီလို လွှဲပေးခြင်းဟာ ထူးခြားတဲ့ နိုင်ငံရေးအရ လူကြိုက် များမှုကို ရရှိစေပြီး ဖြစ်သင့်တယ်လို့ ဆိုသော်လည်းအဲဒါကို အလျင်စလို လုပ်ရင်တော့ အောက်အဆင့် တွေမှာ ပုံစံဟောင်း ဗျူရိုကရေစီ ယန္တရားအသစ်တွေ ထူထောင်ပေးလိုက်သလို ဖြစ်သွား နိုင်ပါတယ်။

 

အဲဒီလုပ်ငန်းကို တာဝန်ယူလုပ်ဆောင်ခဲ့ကြသူတွေရဲ့ ပုဂ္ဂိုလ်ရေးအစဉ်အလာအကျိုးဆက်အဖြစ် အဲဒီယန္တရားတွေအပေါ် လွန်လွန်ကဲကဲ သြဇာညောင်းမှုနဲ့ သူတို့တွေရဲ့ အလွယ်တကူ ပုံသွင်းမှုကို ခံခဲ့ကြရပါတယ်။ အထူးသဖြင့် လက်သင့်ရာ စားတော်ခေါ် ဝါဒနဲ့ မိသားစုဝင်အချင်းချင်း တစ်ဦးကို တစ်ဦး ကူညီရိုင်းပင်းတဲ့ ဝါဒတို့လို အနုတ်လက္ခဏာဆောင်တဲ့ သြဇာအရှိန် အဝါတွေ ဖြစ်ပါတယ်။ အဲဒီ အခြေအနေက တရားဥပဒေ စိုးမိုးရေး ငြိမ်ဝပ်ပိပြားရေးနဲ့ သက်ဆိုင်တဲ့ ဒေသန္တရအဆင့်ဆိုင်ရာ ပြဿနာ တွေ ထွက်ပေါ်လာစေခဲ့ပါတယ်။ သြဇာအရှိန်အဝါကြီးတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့  ကိုယ်ကျိုးရှာအုပ်စုတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာဒေသမှာ အာဏာကို လုယူသိမ်းပိုက်နိုင်စွမ်းနဲ့ အဲဒီ အာဏာကို လုံးလုံးလျားလျား ထိန်းချုပ်ထားနိုင်စွမ်း ရှိလာခဲ့ကြပါတယ်။ အဲဒီလိုမျိုး အခြေအနေတွေ မြင့်တက်လာတဲ့အခါ အဲဒီနိုင်ငံရေး၊ စီးပွားရေး နယ်ပယ်တွေမှာ မာဖီးယားဂိုဏ်း ခေါင်းဆောင်ကြီး တွေလို တန်ခိုးထွားလာသူတွေရဲ့ သြဇာအရှိန်အဝါကို ဟန့်တားဖို့နဲ့ သူတို့ကိုရုံးတင်တရားစွဲဆိုနိုင်ဖို့ကိစ္စဟာ သိပ်ကိုခက်ခဲစေတယ်လို့ ယန်းဖရောလစ်က ပြောပါတယ်။

၁၇။ ဖွံ့ဖြိုးပြီးဒီမိုကရေစီနိုင်ငံအချို့ရဲ့ တရားဥပဒေစနစ်ကို ပုံတူကူးယူပြီး အဲဒါကို အတုယူ၊ အသုံးချတာက ပိုပြီး လျော်ကန် သင့်မြတ်လိမ့်မယ်ဆိုပြီး တချို့က တဖက်သတ် ဆွဲကိုင်ထားကြဆဲ ရှိနေသေးတယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ သူတို့နိုင်ငံက အခြေအနေဟာ တစ်မူထူးခြားမှု ရှိတဲ့အတွက် အဲဒီနိုင်ငံတွေရဲ့ နမူနာအတိုင်း သုံးလို့ မဖြစ်နိုင်ဘူး ဆိုတာ အဲဒီလူတွေ မေ့လျော့ နေကြဟန် ရှိပါတယ်။ ဒ့ါအပြင် အဲဒီ လုပ်ရပ်မျိုးဟာ ဥပဒေပြု အဖွဲ့အစည်းတွေကို ဖွဲ့စည်းတည်ထောင်ဖို့ အထူးတလည် အားထုတ်မနေရတော့ဘဲ  ကျွမ်းကျင်တဲ့ ဘာသာပြန် အုပ်စုလေး တစ်စုလောက်ကို အလုပ်ပေးလောက်ရုံနဲ့ ပြီးမြောက် သွားမယ်လို့ ယူဆသလို ဖြစ်နေတယ်။ သူဆိုလိုတာက ဒီမိုကရေစီနိုင်ငံတွေရဲ့ တရားဥပဒေကို ကော်ပီယူခိုင်းယုံသက်သက်နဲ့ မဖြစ်နိုင်ဘူးလို့ ထောက်ပြတာ ဖြစ်ပါတယ်။

၁၈။ မြန်မာနိုင်ငံအခြေအနေနဲ့နှိုင်းယှဉ်တင်ပြရရင် ချက်နဲ့မတူညီတာက နိုင်ငံရဲ့အုပ်ချုပ်ရေးယန္တရားကို  ရဲ ကိုတာဝန်မပေးဘဲ အထွေထွေအုပ်ချုပ်ရေးဌာန(ထွေ/အုပ်)ကို တာဝန်ပေးထားပါတယ်။ တိုင်း/ ပြည်နယ်/ ခရိုင်၊  မြို့နယ်အဆင့်ဆင့် အတွင်းရေးမှူး၊ ဥက္ကဌ ရာထူးအထိ ရှိတာမို့ အဲဒီဌာနကဝန်ထမ်းတွေကို အခြားဌာနက ဝန်ထမ်းတွေက “အထွေထွေဆိုတဲ့အတိုင်း အားလုံးကို အုပ်ထားတယ်” လို့နောက်ပြောင်ခေါ်ကြပါတယ်။ တပ်က သွတ်သွင်းထားရာမှာ ယခင်က ညွှန်ချူပ်၊ ဒုညွှန်ချုပ်၊ ညွှန်မှူးတွေကို ဗိုလ်မှူးကြီးအဆင့်ထားရှိရာမှ တိုင်းနဲ့ ပြည်နယ်မှာ ညွှန်မှူးအဆင့်ကို တပ်မှ ဗိုလ်မှူးအဆင့်ထိ တဆင့်တိုး တာဝန်ထမ်းဆောင်စေကာ တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးများအဖြစ် (အရပ်ခေါ်-မင်းကြီး) နယ်ဘက်အုပ်ချုပ်ရေးယန္တရားကို ထိန်းချုပ် ခဲ့ပါတယ်။ နောက်ပိုင်း ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့်တွေမှာ (ထွေ/အုပ်)ဌာနမှ အရာရှိများ (အရပ်သားအရာရှိ)က ဥက္ကဌများ အဖြစ်တာဝန်ယူ ဆောင်ရွက်လာတာရှိလာပြီး ရပ်ကွက် ကျေးရွာအဆင့်သာ လူထုက ရွေးချယ်ပေး ရတာတွေ့ရပါတယ်။ ရဲ ကိုတော့ မြိုနယ်၊ ခရိုင်၊ တိုင်းနဲ့ ပြည်နယ်တွေမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် တာဝန်ပေးထားတာမို့ ပြည်ထဲရေးရဲ့ အခန်းကဏ္ဏဟာ အရေးပါဆဲဖြစ်ပြီး ချက်နိုင်ငံနဲ့ပုံစံအနေအထားအကြမ်းဖျင်းနီးစပ်ပါတယ်။ ချက်နိုင်ငံနဲ့တူတာက အောက်ခြေမှာ သြဇာအရှိန်အဝါကြီးတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ ကိုယ်ကျိုးရှာ အုပ်စုတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ ဒေသမှာ အာဏာကို လုယူသိမ်းပိုက်နိုင်စွမ်းနဲ့ အဲဒီ အာဏာကို လုံးလုံးလျားလျား ထိန်းချုပ်ထားနိုင်စွမ်း ရှိခဲ့တယ်လို့ဆိုထားရာ ခရိုနီတွေက (ထွေ/အုပ်) ဝန်ထမ်းများကို ကိုင်ထားပါတယ်။

 

ဖြစ်စဉ်တခု ပြောရရင် ရေးမြို့နယ် အရက်လိုင်စင်ကို လာဘ်ပေးရယူပြီး အရက်တုပါ ရောကြိတ်နေတဲ့ ကုန်သည် ဦးထွန်းမြင့်ဆိုသူဟာ သူရဲ့ပြိုင်ဘက် တက်လာသူတွေကို မညှာတာဘဲ ခရိုင်အဆင့် (ထွေ/အုပ်) ဒုညွှန်မှူးတစ်ဦးကနေ ထိုလူတွေကို နှိပ်ကွပ် ခိုင်းတဲ့အထိ ပါဝါ အလွှဲသုံးစားလုပ်ခိုင်းတဲ့ ဖြစ်စဉ်ရှိဘူးပါတယ်။

၁၉။ ဂျန်ရမ်လ်ဟာ ကွန်မြူနစ်အစိုးရကို ဆန့်ကျင့်တဲ့ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (Civic Forum) တွင် လှုပ်ရှားမှုများစွာပါဝင်ခဲ့မှုကြောင့် တက္ကသိုလ်ပညာ သင်ယူခွင့် မရရှိဘဲ ၁၉၉၀ ပြည့်နှစ် ဧပြီလတွင် ချက်ကိုစလိုဗက်ပြည်ထောင်စု သမ္မတနိုင်ငံ ဒုတိယပြည်ထဲရေးဝန်ကြီးအဖြစ် လည်းကောင်း၊၁ ၉၉၂ မှ ၁၉၉၆ ထိ ပြည်ထဲရေး ဝန်ကြီး အဖြစ်လည်းကောင်း၊ ၁၉၉၈ ခုနှစ် နိုဝင်ဘာတွင် ချက်သမ္မတနိုင်ငံ ဆီးနိတ်၊ အထက်လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာမှ ၂၀၀၄ ခုနှစ် နိုဝင်ဘာအတွင်း ဆီးနိတ် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူရဲ့ အတွေ့အကြုံတွေကို အောက်ပါအတိုင်း ရှင်းပြထားပါတယ်။

၂၀။ သူပြည်ထဲရေးဌာနကို အဖွဲ့ဝင်တွေနဲ့အတူ ရောက်ရှိလာတဲ့အချိန်မှာ နိုင်ငံတော်လုံခြုံရေး ဌာန (StB)  ရဲ့ စာရွက်စာတမ်း အထောက်အထားတွေ ဖျက်ဆီးခြင်းခံရမယ့် ဘေးကနေ ကင်းဝေးအောင် လုပ်ဆောင်ဖို့  အချိန်အတော်ကို နောက်ကျသွားခဲ့ပြီလို့သိရပါတယ်။ ဘာလို့လဲဆိုတော့ တော်လှန်ရေး ပြီးဆုံးသွားတဲ့နောက်ပိုင်း ရက်သတ္တပတ်ပေါင်းများစွာ အဲဒီဝန်ကြီးဌာနကို ကိုင်တွယ်ဖို့ ဝန်ကြီးအသစ် မခန့်ထားနိုင်ခဲ့ခြင်းရဲ့ဆိုးကျိုးလို့သူက ဆိုပါတယ်။ ဒါပေမယ့် သူ အဲဒီကို အချိန်မှီရောက်သွားလို့ ပြိုင်ဘက်အဖွဲ့အစည်း မှန်သမျှ ချေမှုန်းပစ် လေ့ရှိတဲ့ ကွန်မြူနစ်ပါတီရဲ့ လုပ်ရပ်အကြွင်းအကျန်သဲလွန်စတွေကိုတော့ သိရှိ ခံစားခွင့် ရရှိသွားခဲ့ပါတယ်။ ဝန်ကြီးဌာနရဲ့ ဖွဲ့စည်းပုံက -“ နိုင်ငံသားတိုင်းဟာ ဆိုရှယ်လစ်ပြည်ထောင်စုရဲ့ တကယ့်ရန်သူ ဒါမှမဟုတ်  ရန်သူဖြစ်ဖို့ အလားအလာရှိသူများ ဖြစ်တယ်” ဆိုတဲ့ ခံယူချက်အပေါ်မှာ တည်ဆောက်ထားပါတယ်။

၂၁။ ဒါကြောင့်လည်း တိုင်းသူပြည်သားတွေကို မယုံသင်္ကာတဲ့မျက်စေ့နဲ့ အမြဲစောင့်နေကြတယ်လို့သူက ပြောပါတယ်။ အဲဒီမှာ တံမျက်စီးလှည်းတဲ့ အမျိုးသမီးတိုင်းဟာ နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့ (StB) ဝင်အဖြစ်နဲ့  ရာထူးတစ်ခု မဟုတ် တစ်ခု ယူထားကြပါတယ်။ နိုင်ငံသားတိုင်းအပေါ်မှာ ထားရှိနိုင်တဲ့ ဒီဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်နဲ့ အာဏာမှာလည်း အကန့်အသတ်မရှိတာကို သူတွေ့ရပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေ တိုးချဲ့ထားတဲ့ ဖိနှပ်ချုပ်ချယ်ရေး ယန္တရားတွေ၊ စစ်တပ်ဦးစားပေး အခွင့်ထူးခံတွေ၊ လူသိမခံတဲ့အရာရှိတွေ၊ လျှို့ဝှက်ချက်အများအပြား စတာတွေက ပြည်ထဲရေးဌာနကို ဝန်းရံ ပံ့ပိုးပြီး ဆိုရှယ်လစ်စနစ်ကို အကာအကွယ်ပေးထားကြောင်း ကွန်မြူနစ်ခေတ်မှာ ပေါ်လွင် ခဲ့ပါတယ်။ သူ ပြည်ထဲရေး ဌာနမှာ ဒုတိယဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ်က အဓိပ္ပာယ်မရှိတဲ့အစီရင်ခံစာပေါင်းများစွာ ဆက်တိုက် ရရှိခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီစာထဲမှာ ပါတဲ့ အချက်အလက်တွေကို အပြင်မပေါက်ကြားစေခဲ့တာ ထူးခြားတယ်လို့ဆိုပါတယ်။

၂၂။ ပြည်ထဲရေးဝန်ကြီးဌာနဟာ အစိုးရရဲ့ လျှို့ဝှက်စစ်တပ်လို တာဝန်ထမ်းဆောင် နိုင်ရေးအတွက် တောင်
တွေရဲ့ကြားမှာ ခံတပ်သဖွယ် တည်ဆောက်ထားတာပြီး အဆောက်အဦပေါင်းများစွာလည်း သူ တွေ့ရပါတယ်။  လျှို့ဝှက်ကိစ္စတွေကို ဆောင်ရွက်ရတဲ့ နေရာဆိုတော့ တစ်ခါတစ်ရံမှာ ရဟန်းတွေ တရားထိုင်တဲ့ နေရာနဲ့တောင် တူနေသေးတယ်လို့သူက မွှန်း လိုက်ပါတယ်။ သူတို့ရဲ့ ဌာနချုပ်တွေကိုသာမာန် အစိုးရရုံးတွေနှင့် မရောထွေး၊  မစပ်ယှက်ဘဲ သီးခြားလျှို့ဝှက်စွာ ရပ်တည်လှုပ်ရှား ဆောင်ရွက်ကြပါတယ်။ ရုံးအဆောက်အဦး တည်ဆောက်သည်မှအစ သီးခြား ကမ္ဘာလေးသဖွယ် လူသူမရောက်တဲ့နေရာများမှာ တည်ဆောက်ထား တတ်ကြပါတယ်။ နောက်ပိုင်းမှာ အဲဒါတွေကို ရပ်ဆိုင်းတဲ့ အနေနဲ့ အဲဒီ အဆောက်အဦးတွေကို မူလပိုင်ရှင်များထံ ပြန်လည်အပ်နှင်းခဲ့ပါတယ်။ တစ်ချို့ကိုလည်း ဒေသန္တရ အဖွဲ့အစည်းများထံလွှဲပြောင်းပေးခဲ့ရတယ်လို့ဆိုပါတယ်။

၂၃။ မြန်မာနိုင်ငံနဲ့မတူတာက အမျိုးသားထောက်လှမ်းရေးအဖွဲ့(NIB) ဆိုတာရှိခဲ့ပြီး ဘယ်ဝန်ကြီးဌာန လက်အောက်မှာမထားဘဲ အာဏာရှင်နဲ့ တိုက်ရိုက်လုပ်ပါတယ်။ ချက်နိုင်ငံနဲ့တူတာကတော့ စစ်ကြောတဲ့စခန်းကို ဆွေမျိုးသားချင်းလိုက်လို့မရအောင် လူသူကင်းတဲ့ ရန်ကုန်မြို့နဲ့ အလှမ်းဝေးတဲ့နေရာမှာ ထားပါတယ်။ အဲဒီ အတိုက်အခံအဖွဲ့တွေကို နှိပ်ကွပ်တဲ့နေရာမှာ ရေကြည်အိုင်လို့နံမည်ကြီးတဲ့နေရာဖြစ်ကာ ထိုခေတ်ကာလက မြို့ပြစည်ပင် မတိုးချဲ့သေးတာမို့ အဲဒီနေရာဟာ ရန်ကုန်နဲ့ ၁၄ မိုင်ခန့်ဝေးတဲ့ ဝါယာလက် အလွန်မှာရှိပြီး၊ အနီးရှိ ကျိုက်ကလဲ့ဘုရားကို ကျားတက်ဖူးတဲ့အထိ လူသူအရောက်နည်းခဲ့ပါတယ်။ နောက်ပိုင်း(M.I) က ရေကြည်အိုင်ကို လွှဲယူခဲ့ပါတယ်။ နေပြည်တော်(ကြပ်ပြေး)ကို ရန်ကုန်မှ အစိုးရရုံးတွေ ရွှေ့လို့ ဝန်ထမ်းတွေ ငြီးငြူလို့မဆုံးပါ။

၂၄။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အန္တရာယ်အကြီးဆုံး အချက်ကတော့ လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝကို  ချုပ်ကိုင်ပြီး ကွန်မြူနစ်အုပ်ချုပ်ရေးယန္တရားရဲ့ လုံခြုံရေးသရုပ်ကို ပီပြင်အောင် ဖော်ဆောင်ခြင်းလို့ ဂျန်ရမ်လ်က ထောက်ပြပါတယ်။ ဒါ့အပြင် သတင်း အချက်အလက် စုဆောင်းခြင်း၊ ပြည်သူပြည်သားများကို အန္တရာယ်ပြုမဲ့  ရာဇဝတ်မှုများကို စုံစမ်းခြင်း၊ လူထုကို ဖိနှိပ်ချုပ်ချယ်မှုများကို တိုက်ရိုက်ဆောင်ရွက်ခြင်း၊ ရန်သူလို့သတ်မှတ်သူများကို ထောက်လှမ်းခြင်း၊ အထိန်းအကွပ်မရှိ ညှင်းပမ်း နှိပ်စက်ပြီး သိလိုတာကို စစ်မေးခြင်း စတာတွေကို ဆောင်ရွက်နိုင်ဖို့လည်း ပြည်ထဲရေးဝန်ကြီးဌာနမှ လုပ်ပိုင်ခွင့်အပြည့် ရှိသေးတာသူတွေ့ရပါတယ်။ နိုင်ငံတော် လုံခြုံရေး အဖွဲ့အနေနဲ့ လူအများအပြားကို ဖြန့်ကျက်ပြီး သတင်းရအောင် စုံစမ်းထောက်လှမ်းတာမျိုးလည်း တွေ့ရပါတယ်။ နိုင်ငံတော်အုပ်ချုပ်ရေးယန္တယားကို ထိန်းချုပ်ထားတတ်တဲ့ ထောက်လှမ်းရေးအဖွဲ့၊ ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ လုံခြုံရေးတပ်ဖွဲ့များနှင့် လျှိှု့ဝှက်ရဲအဖွဲ့တွေဟာ ပြည်သူလူထုအပေါ် လူတစုအာဏာတည်မြဲရေးအတွက် နှိပ်ကွပ် ဖိနှိပ်တတ်ကြပါတယ်။ ကွန်မြူနစ်ပါတီအပါအ၀င် အာဏာရှင်စနစ်တည်မြဲရေးအတွက် လက်တဆုပ်စာလူတန်းစား အကျိုးစီးပွားအား အဲဒီအဖွဲ့အစည်းများက အကာအကွယ်ပေးခဲ့ကြပါတယ်။ အာဏာရှင်တွေဟာ အန္တာရာယ်ပြုမဲ့ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး စစ်ကြောရေးစခန်းမှာ စစ်ဆေးကာ အဖွဲ့အစည်းဖြစ်က  မတရားအသင်းအဖြစ် ကြေညာပြီး အရေးယူခဲ့တယ်လို့ သူက ဆိုပါတယ်။

၂၅။ လူတစ်ဦးချင်းစီအတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး၊ တက္ကသိုလ်တက်ရောက်ရေး၊ အလုပ်အကိုင် ရရှိရေး စတာတွေကို ဒီဝန်ကြီးဌာနက လူတွေက အဆုံးအဖြတ်ပေးတာမျိုးလည်း ရှိသလို ဝန်ကြီးဌာန
လက်အောက်မှာ ကိုယ်ပိုင် စစ်တပ်ထားရှိပြီး အတွင်းရန်သူများကို နှိမ်နင်းခြင်း၊ နယ်ခြားကတဆင့် လူဝင်လူထွက်ကို ထိန်းချုပ်ခြင်း စတာတွေကို ဆောင်ရွက်တာတွေလည်း ရှိခဲ့တယ်လို့  သူက ဆိုပါတယ်။ ဂျန်ရမ်လ်
ဆက်ပြောရာမှာ ပြည်ထဲရေးဝန်ကြီးဌာနမှာ လုပ်ပိုင်ခွင့်တွေ အများကြီး ရှိသလို တိုင်းသူပြည်သားတွေကို ဖိနှိပ်  ခြေမှုန်းမှုကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရေးအတွက်လည်း အစစအရာရာ ပြည့်စုံအောင် ဖန်တီးပေးထားရတာတွေလည်း ရှိပါသေးတယ်။ ဥပမာ – နိုင်ငံခြားကလာတဲ့ စာမှန်သမျှကို ၁၉၈၉ ခုနှစ် နိုဝင်ဘာလအထိ  ဖွင့်ဖောက်တာမျိုး သူကပြောပါတယ်။ စာအိတ်တွေကို လီတာ ၂၀ လောက် ရှည်လျားတဲ့ စားပွဲပေါ်မှာ ဖြတ်သန်းစေပြီး ဖွင့်လှစ်ခါအထဲမှာ ပါတာတွေကို စစ်ဆေးတော့တာဖြစ်ပါတယ်။ တော်လှန်ရေးကာလ ရောက်လာတဲ့အခါမှာတောင် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ အရာများ ဖေါ်ထုတ်စစ်ဆေးရာမှာ အဲဒီ နာမည်ကျော် စားပွဲကြီးကို ဆက်လက် အသုံးပြု နေရဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ သိလာတဲ့အခါမှာ အဲဒီ စနစ်ကြီးကို အပြီးအပိုင် ဖျက်သိမ်းခဲ့တဲ့အပြင် ဝန်ထမ်း အားလုံးကိုလည်း ဖယ်ရှားပစ်ခဲ့ပါတယ်။

၂၆။ ဘယ်လိုဘဲဖြစ်ဖြစ် သမ္မတဟာဗဲယ်က သူ့ကို ပြည်ထဲရေးဌာန ဒုတိယဝန်ကြီး ရာထူးပေးပြီးလုံခြုံရေးနဲ့ ထောက်လှမ်းရေးကိစ္စတွေ ဆောင်ရွက်ဖို့ တာဝန်ပေးခဲ့စဉ်က ဌာနတစ်ခုလုံးဟာ အရင်အတိုင်းပဲ တည်ရှိနေသေးတာမို့သူဟာ တုန်လှုပ်တာတွေ ဖယ်ဖျောက်ပြီး အဲဒီအနိဌာရုံတွေကို ကွယ်ပျောက်သွားအောင်လုပ်ဆောင်ခဲ့ရပါတယ်။ အဲဒီလုပ်ရပ်မှာ အရင်ကကျင့်သုံးခဲ့တဲ့ လှုပ်ရှားမှုအများအပြားကို ရပ်ဆိုင်းပြီးကျန်တာတွေကို တရားဝင်အောင် ပြည်သူများထံ အစီရင်ခံ တင်ပြခဲ့ရတာ စတာတွေ သူလုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီတုံးက လျှို့ဝှက်ရဲတပ်ဖွဲ့ကို တပ်ဆင်ပေးထားတဲ့ လက်နက်အားလုံး ရုပ်သိမ်းပြီး တာဝန်တွေလည်း ရပ်ထားခဲ့ပါတယ်ဆိုတဲ့ အချက်ဟာ မှန်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ရှေ့ဆက်လုပ်ရမဲ့ သူ့တာဝန်ကတော့ ခက်ခဲပါတယ်။ ဝန်ကြီးဌာနအဟောင်းကို ပယ်ဖျက်ပြီး သန့်ရှင်းထိရောက်တဲ့ ရဲတပ်ဖွဲ့ကို ထူထောင်၊ ထောက်လှမ်းရေးအဖွဲ့ ထူထောင်နိုင်ရေးအတွက် အခြေခံမူချမှတ်ပြီး ဒီမိုကရေစီ တရားဥပဒေအရ အုပ်ချုပ်ရေးအဖွဲ့ကို ထူထောင်ရတာမို့ပင်ပန်းရကြောင်း သူကဆိုသွားပါတယ်။

၂၇။ မြန်မာနိုင်ငံမှာလည်း ရဲသတင်းတပ်ဖွဲ့၊ တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့၊ တိုင်းစစ်ဌာနချုပ်ရဲ့ စစ်
ဦးစီးဌာန(ထောက်လှမ်းရေးဌာန) တွေမှာ ကျောင်းသားဖိုင်၊ ဘုန်ကြီးဖိုင်၊ မြေအောက်လှူပ်ရှားမှူ(ယူဂျီ)၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ တဖွဲ့ချင်းဖိုင်၊ နိုင်ငံရေးပါတီများထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို  NLD ဖိုင်နဲ့ ၊ ဒေါ်အောင်ဆန်းစုကြည်အမည်နဲ့ သီးခြားဖိုင် ဖွင့်သလို အခြားပါတီများကိုလည်း ဖိုင်သီးခြားစီ ဖွင့်လှစ်ခဲ့ပါတယ်။

ဒါအပြင် လတ်တလောဖြစ်ပွားခဲ့တဲ့ လက်ပန်းတန်း ကျောင်းသားဆန္ဒပြလှူပ်ရှားမှူများကဲ့သို့ ထူးခြားဖြစ်စဉ်များအလိုက် အထူးဖိုင်ဆိုပြီး ဖိုင်တွေကို အနီရောင်ကြက်ခြေခတ် သတ်မှတ်ထားနိုင်ပါတယ်။ တခါတရံဖိုင်တွေဟာ များပြားလွန်းတာကြောင့် အရေးတကြီးဆုံးဖြတ်ပေးရမဲ့ကိစ္စတွေကို လူကြီးသိစေမဲ့သင်္ကေတအဖြစ် ဖိုင်ထောင့်စွန်းတွေမှာ အလံအနီကဒ်ပြား ထိုးပေးထားပါတယ်။ ဒါအပြင် ထောက်လှမ်းရေးသင်္ကေတအခေါ် ပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ အဆောက်အဦ၊ လူပုဂ္ဂိုလ်၊ သံယာတော်သပိတ် ဆင်နွဲနိုင်မဲ့ ဘုန်ကြီးကျောင်း၊ ကျောင်းသားသမဂ္ဂမှာ ပါဝင်တဲ့အမည်တွေကို မှတ်ပုံတင် စာရင်းပြုစုထားပြီး၊ ယခုဆိုရင် နိုင်ငံရေးလှူပ်ရှားမှူကို ဆောင်ရွက်ကြတဲ့ လူထုလူတန်းစား လူမှုရေးအဖွဲ့အစည်းတွေပါ ဖိုင်ဖွဲ့ ထားလောက်ပါတယ်။ တခါတရံ အရေးကြီးလို့ သတ်မှတ်ထားတဲ့ပစ်မှတ်ကို အမြဲတမ်းစောင့်ကြည့်ပြီး လှုပ်ရှားလာပါက နောက်ယောင်ခံကာ စဉ်ဆက်မပြတ် သတင်းပို့စနစ်ပြုလုပ်ပြီး ထိန်းချုပ်တာမျိုးလုပ်ပါတယ်။

 

ဥပမာ – ဒေါ်အောင်ဆန်းစုကြည် အပြင်ထွက်ပြီဆိုရင် ဆက်ခရီးသွားလို့ မရအောင် ရထားခေါင်းတွဲ ရွေ့ပစ်လိုက်တာမျိုး၊ ညောင်တုံးလမ်းပြင်နေတာမျိုးနဲ့ ပိတ်ဆို့ထားကာ နောက်ဆုံးကားကို မရွေ့ပြီး လာတဲ့လမ်းအတိုင်း အင်အားသုံး ပြန်မောင်းတာခိုင်းမျိုး လုပ်ခဲ့တာလည်းရှိပါတယ်။ ရေပန်းစားသုံးနေကြ စကားလုံးကတော့ REPORT ဆိုတဲ့ အစီရင်ခံစာမျိုးနဲ့ လူထုနဲ့ စစ်တပ်ကိုတောင် ခြိမ်းချောက်ခဲ့တာဘဲ ဖြစ်ပါတယ်။