တူမောင်ညို – စာရွက်ပေါ်တွင် အပစ်ရပ်ကြတော့မည် လော
(မိုးမခ) ဧပြီ ၁၊ ၂၀၁၅
ပြီးစလွယ်မြန်မြန် သဘောတူကြသည်၏ နောက်ကွယ်တွင် တစုံတရာအကြောင်းအချက် ပုန်းအောင်းနေပါလိမ့်မည်။
ပူပူနွေးနွေးလက်ညှိုးထိုးပြချင်သည့် သာဓကတစ်ခုမှာ ပညာရေးလေးပွင့်ဆိုင် သဘောတူညီချက်ကိုပဲ ကြည့်ကြပါ။ ဒရော သောပါး သဘောတူခဲ့သည်များကို အစိုးရပိုင်သတင်းစာတွင် သရုပ်ဖျက်၍လိမ်လည်ကောက်ကျစ်စွာဖော်ပြခဲ့ကြသည်။ လွှတ်တော်တွင်း မှာလည်း နင်းခြေဖျက်ဆီးခဲ့သည်။ လက်ပံတန်းတွင် အကြမ်းဖက်ဖြိုခဲ့သည်။ ပင်မကျောင်းသားသပိတ်မှ ကျောင်းသားခေါင်းဆောင်များ ကို ဖမ်းဆီးထားပြီး ၊ ကျောင်းသားခေါင်းဆောင်တဦးကိုမူ အမှု ၃၈ မှုဖြင့် တရားစွဲဆိုထားသည်။
ဤသဘောထားနှင့်အပြုအမူမှာ လက်နက်ဆို၍ အပ်တိုတချောင်းမျှ မရှိသော ကျောင်းသားလူငယ်များအပေါ်တွင်ဖြစ်ပါသည်။ နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင်၍ တော်လှန်နေခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအပေါ်တွင် မည်သို့ သဘော ထားမည်နည်း။
အပစ်ရပ်စာချုပ်ချုပ်ဆိုရေးဆွေးနွေးညှိနှိုင်းနေပါသည်၊ သဘောတူညီချက်များ ရရှိနေပါပြီဟု ပြောဆိုနေချိန်မှာပင် သေနတ်သံ အမြောက်သံတွေ ထွက်ပေါ်နေဆဲဖြစ်ပါသည်။ စစ်မျက်နှာသည် ကျယ်ပြန့်နေပါသည်။ ကျောက်တော်မှာပင် သေနတ်သံ ထွက်နေသည် မဟုတ်ပါလား။ ကိုက်ထိပ်၌ လေယာဉ်ပျံဖြင့်ဗုံးကြဲနေသည်မဟုတ်ပါလား။ လောက်ကိုင်မှာလည်း လက်နက်ကြီးပစ်ခတ်သံတွေ မြည်ဟီး နေဆဲဖြစ်ပါသည်။
တကယ်တော့ အပစ်အခတ်ရပ်ရေးဆိုသည်မှာ သက်ဆိုင်သူများနိုင်ငံရေးကိစ္စတွေ အေးအေးဆေးဆေးဆွေးနွေးနိုင်ရေး အတွက် ကနဦးလိုအပ်ချက်၊ ပတ်ဝန်းကျင်ကောင်းတစ်ခုဖန်တီးပေးရေးသာဖြစ်ပါသည်။ ဆွေးနွေးနေစဉ် ယာယီအားဖြင့် သက်ဆိုင် သူ များက ပိုနေမြဲ ကျားနေမြဲ မိမိကွပ်ကဲထားသည့် တပ်ဖွဲ့များ၏ လှုပ်ရှားမှုကို ရပ်ဆိုင်းထားသည့် ဖြစ်စဉ်မျှ သာဖြစ်ပါသည်။
တကယ့်ငြိမ်းချမ်းရေးဆိုသည်မှာမူ နိုင်ငံရေးပြဿနာအားလုံးကို ဆွေးနွေးပြီးပြတ်ပြေလည်မှသာပေါ်ပေါက် လာနိုင်သည့်အရာ ဖြစ်ပါသည်။ ရေရှည်တည်တံ့နိုင်မည့် ငြိမ်းချမ်းရေးအတွက် မည်သည့်အခြေခံအချက်၊ မည်သည့် အာမခံချက်မျှ မရှိသေးပါ။
အပစ်ရပ်စာချုပ်(NCA) သဘောတူလက်မှတ်ရေးထိုးနိုင်ကြပြီဟုဆိုခြင်းမှာ ရန်ကုန်မြို့က လျှပ်စစ်မီးနှင့်တူမည်ထင်ပါသည်။
မီးပျက်သွားသည့်အခါ အများပြည်သူထံမှာ “ဟာကနဲ” အသံကြီးထွက်ပေါ်လာပြီး၊ မီးပြန်လာသည့်အခါ “ဟေးကနဲ” အော် ဟစ်ကြသည်မဟုတ်ပါလော။ယခု အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုနိုင်သည်မှာလည်း ယင်းကဲ့သို့သဘောမျိုးပင်ဖြစ်ပါသည်။
(NCA) စာချုပ် ချုပ်ဆိုနိုင်သည်မှာ မီးပျက်နေရာမှ မီးပြန်လာ၍ “ဟေးကနဲ”အော်ဟစ်လိုက်ကြသည့် သဘောပင်ဖြစ်သည်။ မတူသည့်အချက်မှာ လျှပ်စစ်မီးပျက်သွားသဖြင့် ထိခိုက်ဆုံး ရှုံးနိုင်သည်မှာ ချက်ရင်းတန်းလန်း ထမင်းအိုးဟင်းအိုးမျှသာ ပျက်စီးသွား နိုင်မည် ဖြစ်သော်လည်း အပစ်အခတ်ရပ်စဲ ရေးပျက်ပြားသွားသည့် အခါ၌မူ ဒေသခံပြည်သူများ အသက်အိုးအိမ်စည်းစိမ်များ အကြီး အကျယ် ထိခိုက်နစ်နာကြရ မည်ဖြစ်သည်။ တကယ်တော့ ပြည်သူများ၏ အသက်အိုးအိမ်များ၊ အောက်ခြေတပ်ဗိုလ်တပ်သားများ၏ အသက်၊ ခန္ဓာကိုယ်များကိုရင်း၍ ဆွေးနွေးပွဲ ခန်းမထဲကနေ အပေးအယူလုပ်နေကြခြင်းဖြစ်ပါသည်။
သို့ဖြင့် လျှပ်စစ်မီးကလည်း အချိန်မရွေးပျက်လိုက်/ပြန်လာလိုက် ခဏခဏဖြစ်နေသဖြင့် ကြာတော့ရိုးအီသွားတော့သည်။ မီးပျက်သွား၍ “ဟာကနဲ” အော်ဟစ်မည့်သူမရှိတော့သလို၊ မီးပြန်လာသည့်အတွက်လည်း “ဟေးကနဲ” အော်ဟစ်ကြမည့်သူပင်မရှိတော့ ချေ။
အပစ်အခတ်ရပ်စဲရေးဆိုသည်မှာလည်း ရန်ကုန်လျှပ်စစ်မီးကဲသို့ပင်ဖြစ်နေပါသည်။ ခဏကြာလျှင် ပြန်ပျက်ချင် ပျက်သွားနိုင် သည်။ မည်သူမျှ ကံသေကံမ အာမခံနိုင်မည်မဟုတ်ပါ။ ပျက်သွားပါက အကြောင်းပြချက် ပေးစရာလည်း အလွယ်တကူပင်ရှိပါသည်။
အထူးသဖြင့် စစ်တပ်က အလျော့မပေးစတမ်း ဆုပ်ကိုင်ထားသည် “ငြိမ်း မူ ၆ ရပ်” ကို စွဲကိုင်ထားသမျှ တည်တံခိုင်မြဲသည့် နိုင်ငံရေး ပြေလည်မှုမရရှိနိုင်ပါ။ ရေရှည်အာမခံချက်ရှိသည့် ငြိမ်းချမ်းရေး မရရှိနိုင်ပါ။
ယခုလည်း စာရွက်ပေါ်မှာ၊ ပါးစပ်ထဲမှာသာ အပစ်အခတ်ရပ်ကြခြင်းဖြစ်ပါသည်။ လက်တွေ့စစ်မြေပြင်တွင်မူ သေနတ်သံတွေ၊ အမြောက်သံတွေ မြည်ဟီးနေဆဲဖြစ်ပါသည်။