ငြိမ်းချမ်းအေး – ပညာရပ်ဝန်း စိမ်းလန်းမှ တိုင်းပြည် အနာဂတ် စိမ်းလန်းမည်
(သည်လေဒီးစ် နယူးစ် ဂျာနယ်) ဒီဇင်ဘာ ၂၊ ၂၀၁၄
“ပညာရှာ လူငယ်များ ကျန်းမာ စိမ်းလန်းရေး ရယ်၊ အရေးကြီးတဲ့နေ့တွေကွယ်၊ သူတို့ အနာဂတ် ကို လေးစား..”။
YouTube Music Video: http://youtu.be/_0r_bAWKoAc
ငယ်စဉ်က ရုပ်သံမှာ မိုးဦးပေါက် မေ၊ ဇွန် ရာသီ မိုးစက်တွေနဲ့အတူ အန်တီ အယ်လ်ခွန်းရီ ရဲ့ အသံသာ နဲ့ သီချင်းလေး တပုဒ် အမြဲ ကြားရလေ့ ရှိတယ်။ ဦးလှိုင် (ကဗျာဆရာ သုခမိန်လှိုင်) ရေးတဲ့ “စိမ်းလန်းရေး” သီချင်းလေးပါ။ သီချင်း စာသား တွေဟာ နားစည်ကို ရိုက်ခတ်၊ နှလုံးသားနဲ့ ခံစားမိရင်းကနေ တဆင့်တက် နုနယ်တဲ့ ဦးနှောက် ကို အတွေးတွေ အများကြီး ဖြစ်စေခဲ့တယ်။ ဦးလှိုင် က ဆိုတယ်။ “လူငယ်များ စိမ်းလန်းရေး” တဲ့။ “အမှန်ဆိုရင် ခုံမင်အောင်ကွယ် လုပ်ပြရမယ်၊ ဒီလို အရွယ်ကတည်းက လမ်းရွေးပေးပါ” တဲ့။
စဉ်းစားရင်း တွေးရင်း ကြက်သီးမွေးညင်း တွေ ထခဲ့မိတယ်။ နားမှာ စိမ်းလန်းရေး အသံတွေ ညံခဲ့တယ်။ ဒါပေမဲ့ ကြီးပြင် ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကြီးကတော့ မစိမ်းလန်းခဲ့ပါဘူး။ စိမ်းလန်းရေး သီချင်း ကို ခုံခုံမင်မင် သီဆိုတတ်ပေမဲ့ ရှင်သန်ရာ ပတ်ဝန်းကျင် ကတော့ မစိမ်းလန်းခဲ့ပါဘူး။ (ထပ်) ဒါပေမဲ့ မျက်စိ စူးစေတဲ့ အစိမ်းရောင် တမျိုးကတော့ အမြဲ လွှမ်းမိုးနေပါတယ်။ ယူနီဖောင်းဝတ် အစိမ်းတွေ၊ အခု နိုင်ငံရေး ပါတီ ဖြစ်သွားတဲ့ လူမှုရေး အသင်း အမည်ခံ အသင်းကြီးရဲ့ ပုဆိုးစိမ်းဝတ် လူတွင်ကျယ်တွေ။ ကျနော် ဟာ မဆလခေတ် နောက်ဆုံး ဆယ်စုနှစ် မွေး အခြား ရွယ်တူ မျိုးဆက်လိုပါပဲ။
တံတားဖြူ ကနေ တံတားနီ ဖြစ်၊
စာသင်ခန်းမတွေကို သော့ခလောက်ခတ်၊
ကျောင်းဝင်းတွေကို သံဆူးကြိုးကာ၊
ငရဲခန်း အဖြစ် အသုံးချခံရ၊
သမိုင်းဝင် အဆောင်တွေက
ဇိမ်ခန်း ဖြစ်လုလု၊
ဖြစ်ခဲ့တဲ့ ခေတ်မှာ
ကြီးပြင်းခဲ့တဲ့ သူ ပါ။
ဆိုတော့ ပညာ စိမ်းလန်းရေး၊ လူငယ် စိမ်းလန်းရေး တွေ ထား၊ “တက္ကသိုလ်မြေနေဝင်မှာစိုးတယ်” ကိုင်ဇာ့ သီချင်းဟောင်း ကိုသာ အော်ခဲ့ရပါတယ်။
အစမ်းသပ်ခံ ပညာရေး စနစ် အမျိုးမျိုးကြား၊ ကျောင်းဖွင့် တခါ ပိတ်တချီ ကြားမှာ ကြီးပြင်းခဲ့တယ်။ ကျောင်းသားကို တောထုတ်မရ၊ ထောင်သွင်းလည်း မဆန့်၊ မနိုင်တော့ မြို့ပြင်ထုတ်ခြင်းကို ကြုံခဲ့ရတယ်။ ကျောင်းသား ထူထူ စုမိမှာကို အင်မတန် အလာဂျီ ဖြစ် ကြောက်သူများရဲ့ မြို့ရွာအနှံ့ ကျောင်းတွေထောင် လူစုခွဲခြင်းခံခဲ့ရတယ်။ တက်ခွင့်ရခဲ့တဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် တည်နေရာက မြို့နဲ့ ဘယ်နှစ်မိုင် ဝေးရမယ်၊ ကျောင်းသားတွေ ရုတ်ရုတ်ရက်ရက် လုပ်ရင် အလွယ်တကူ စစ်တပ် ဝိုင်းနိုင်အောင် တပ်တခုခုနဲ့ ဘယ်လောက် နီးရမယ် ဆိုတဲ့ သီအိုရီ အခြေခံ တွက်ချက်ပြီး ဆောက်ထားတဲ့ ကျောင်းပါ။
တက္ကသိုလ် ပထမနှစ် တက်ချိန် နယ်မြေခံ စစ်ထောက်လှမ်းရေး က “နိုင်ငံရေး မလုပ်နဲ့၊ လူမသတ်နဲ့၊ ကျန်တာ ကြိုက်တာလုပ် ငါတို့ ရှင်းပေးမယ်” ဆိုပြီး လူမိုက်လုပ်ခွင့် အာဏာ အပ်နှင်းခြင်း ခံခဲ့ရဖူးပါတယ်။ ကျောင်းသား နဲ့ ပညာရေး စနစ်ကို တလွဲ ဆံပင်ကောင်းစေခြင်း အကျိုး “မဖြေတဲ့သူနဲ့ သေတဲ့လူပဲ ကျတယ်” ဆိုတဲ့ စာမေးပွဲစနစ်၊ “မြင်မြင်သမျှ ပါမောက္ခ၊ တွေ့သမျှလူ ပါရဂူ” စာချိုးရတဲ့ ဘွဲ့စနစ် စတဲ့ ဝမ်းဖောဝမ်းရောင် ပညာခေတ်ကြီးကို မျက်မြင်တွေ့ခဲ့ရပါတယ်။ ကျောင်းသား ရေးရာ၊ အခွင့်အရေး ဆိုတဲ့ အသံ ဟာ နိုင်ငံရေး ပုဒ်မလိုပဲ နှစ်ရှည်ထောင်ဒဏ်ထိနိုင် အပြစ်ကြီးတာမို့ လေသံမျှ မဟဝံ့တဲ့ စနစ်ကို ကြောက်စိတ်၊ အငုံ့စိတ်နဲ့ ဖြတ်သန်းခဲ့ရပါတယ်။
တက္ကသိုလ်ကျောင်းသား ဘဝ ဖြစ်ရကျိုးနပ်စေဖို့ စာသင်ခန်း ပြင်ပ ကျောင်းသားရေးရာ လှုပ်ရှားမှုအဖြစ် ကာယ၊ စိတ္တ ဖွံ့ဖြိုးရာ ဖွံ့ဖြိုးကြောင်း စာပေဟောပြောပွဲတွေ၊ ဘောလုံးပွဲတွေ တနိုင်တော့ ဆော်သြ ခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ကိုယ့် ပါမောက္ခချုပ် သာ “ခင်ဗျား.. အလုပ်ပြုတ်သွားချင်လို့လား..” ဆိုပြီး ဒေသမှာ စစ်ဘုရင်ငယ်လို တန်ခိုးထွားတဲ့ စစ်တိုင်းမှူး ဗိုလ်ချုပ်ရဲ့ ခေါ်ငေါက်ခံရခြင်းနဲ့ အဆုံးသတ်ခဲ့ရတယ်။
ကျနော် အထက့် မျိုးဆက် တဆက်၊ ရွယ်တူ တဆက် နဲ့ မရှေးမနှောင်း ကပ်လျက် အငယ် တဆက် ဟာ အဲ့သလို ပညာ သားလျှောပျက်၊ လွတ်လပ်မှု ဆိတ်သုဉ်း မစိမ်းလန်းတဲ့ လူငယ်ဘဝ ကျောင်းသားနေ့ရက်တွေကို ခါးခါးသီးသီး ဖြတ်သန်းခဲ့ရပါတယ်။
တိုင်းပြည်မှာလည်း စနစ်ဆိုး လူဆိုးများရဲ့ ဒဏ်ကြောင့် ငြိမ်းချမ်းရေး ပင်စည် မရှင်သန်နိုင်ခဲ့၊ တရားမျှတမှု အသီးအပွင့် မစားသုံးနိုင်ခဲ့၊ ဖွံဖြိုးတိုးတက် ချမ်းသာမှု အကိုင်းအခက် မကြီးထွားနိုင်ခဲ့ပါ။ ဒီလိုနောက်ခံ စနစ် မှာ လူငယ်အများစုရဲ့ အနာဂတ် မဲ့ခဲ့တယ်၊ လမ်းပျောက်ခဲ့တယ်။ ကံအကြောင်းလှသူ လက်တဆုပ်စာ သာ ဘဝ အနေအထား လှခဲ့တယ်။
ဘွဲ့ရ ပညာတတ်များ ရခဲ့တဲ့ ပညာ ကလည်း ပြန်လည် အသုံးချစရာ နေရာ မရှိ၊ အခွင့်အရေး မရ၊ ထိုက်တန်တဲ့ ချီးမြှင့်မှု မရှိတော့ ပိုမိုကောင်းမွန်တဲ့ ဘဝလုံခြုံမှု အနာဂတ် ရှိရာ ရေကြည်ရာ မြက်နုရာ ရှာရင်း နိုင်ငံခြား မှာပဲ အခက်အခဲ အမျိုးမျိုးကြားက ရပ်တည် ဝမ်းကျောင်းဖို့ ဖြစ်ကြရတယ်။ ကျွန်ပညာရေး ဆိုတာ တိုင်းတပါးသား အုပ်ချုပ်မှ မဟုတ်ဆိုတာကို လက်တွေ့သိခဲ့ရတဲ့ ခေတ်ကြီးကို ရင်ဘတ်ကြီးနဲ့ ခံစား၊ ကျောနဲ့ရင်း ဖြတ်သန်းခဲ့ကြရသူ မစိန်းလန်းတဲ့ ဘဝ နဲ့ လူငယ်အများစု ကို ခေတ်ဆိုးကြီး က မွေးထုတ်ပေးခဲ့ပါတယ်။
ကဗျာဆရာကြီး တင်မိုး (၁၉၃၃-၂၀၀၇) က ၁၉၆၂ စစ်တပ် အာဏာသိမ်း အပြီး ဆယ်စုနှစ်တခုကျော် အကြာ ၁၉၇၆ မှာ မျက်မြင်ခံစားတွေ့ရှိနေရတဲ့ တိုင်းပြည်ကို ကြည့်ပြီး “ကန္တာရနှစ်များ” ခေါင်းစဉ် နဲ့ ကဗျာ တပုဒ် ဖွဲ့ခဲ့ဖူးတယ်။
ဤနှစ်များ.. ပျားတို့သည် မချို၊
မှိုတို့သည် မပေါက်၊
ယာတို့သည် ခြောက်ကုန်၏..။
…
ရွာဦးကျောင်းတွင်
ခေါင်းလောင်းသံ မကြား၊
နားဝမှာ မချို၊
ကိုရင်တွေ မရှိ၊
စာအံသံ နတ္ထိ..၊
…
မြေကြီးလည်း..
မသီးဝံ့ဝံ့၊ အသီးဆွံ့၍
ရှက်ရွံ့အားနာသော မျက်နှာဖြင့်
ငါ့ကို ကြည့်လင့်၏..။
အစရှိသလို ဖွဲ့သီ ခေတ် အနာ ပြည်ပုပ် ကို ဖောက်ထုတ်ပြရင်း နောက်ဆုံး “ရှိုက်သံပြောင်း၍ ခေါင်းလောင်းသံ ဘယ်ခါ ချိုမည်နည်း..” မေးခွန်းထုတ် ခဲ့ဖူးပါတယ်။ ကျနော် တို့ ခေတ်မှာတော့ မစိမ်းလန်းတဲ့ ကန္တာရနှစ်များ ဖြတ်သန်းခဲ့ရမှုဟာ ဆယ်စုနှစ် ငါးစု ကျော်ခဲ့ပါပြီ။ ဆိုတော့ အခြောက်သွေ့ဆုံး၊ မစိမ်းလန်းဆုံး နှစ်များ ကို ကျော်ဖြတ်ခဲ့ရတာပေါ့။ ယနေ့ခေတ် ခေတ်လူငယ် နဲ့ နောင်တခေတ် လူငယ် မျိုးဆက်သစ်ကိုတော့ အဲ့သလို ပညာ မစိမ်းလန်း၊ လူငယ်ဘဝ မစိန်းလန်း၊ လွတ်လပ်မှု မစိမ်းလန်း၊ ဖွံ့ဖြိုးတိုးတက်မှု မစိမ်းလန်းတဲ့ ခေတ်ဆိုး စနစ်ဆိုးကြီး ကို မကြုံတွေ့စေချင်တော့ပါ။
အခု ကျောင်းသားလူငယ်လေးတွေ အမျိုးသားပညာရေးဥပဒေ ကို ဆန့်ကျင် ကန့်ကွက် ဆန္ဒပြခဲ့ကြတာကို လူတချို့ အမြင်စောင်း၊ မကြည်ဖြူ ဆိုချင်၊ ပြောချင်နေကြတယ်။ ပညာလည်း တတ်၊ လုပ်ပိုင်ခွင့် အာဏာ ရာထူး နေရာလည်း ယူထားသူ ပညာရေးဝန်လို၊ သမ္မတ ပညာရေး အကြံပေး လို တာဝန်ရှိသူများကလည်း ဖိနှိပ်လိုသူများ အလိုက် အလိုတူ အလိုပါ ပြောနေ၊ ကျောင်းသားလေးတွေ ဆန္ဒပြတာကို မနှစ်လိုဟန် လေသံတွေက စာနယ်ဇင်း မေးမြန်းခန်း တွေမှာ မဖုံးမဖိနိုင် ထင်ဟပ် ပေါ်နေ၊ ကြားနေရတယ်။ ဝမ်းနည်းဖွယ်ပါ။
အဓိက ကတော့ “ကျောင်းသားလေးတွေ နိုင်ငံရေး အသုံးချခံ မဖြစ်ပါစေနဲ့” ပေါ့။ တကယ်တော့ ကျောင်းသားအရေး ဟာ အနာဂတ် အရေး၊ အနာဂတ် အရေးဟာ နိုင်ငံရေးပါပဲ။ သူ့ကျွန်ဘဝ လွတ်မြောက်ရာ၊ အမျိုးသားလှုပ်ရှားမှုကြီး အခြေတည်ရာ၊ အမျိုးသားနေ့ ပေါက်ဖွားရာ ၁၉၂၀ ကျောင်းသား သပိတ်၊ လွတ်လပ်ရေး မှတ်တိုင် ၁၉၃၆၊ ၁၉၃၈ ကျောင်းသားသပိတ် တွေက အစ လွတ်လပ်ပြီး နောက်ပိုင်း ဒီမိုကရေစီ အရေး၊ ငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး အတွက် စွမ်းဆောင်ခဲ့တဲ့ ကျောင်းသားသမိုင်းဟာ တိုင်းပြည့်ရေးရာ မှာ အမြဲရှေ့တန်းက ရှိခဲ့ပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဟာ စစ်ခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်၊ နိုင်ငံ့ ခေါင်းဆောင် မဖြစ်ခင် ကျောင်းသား ခေါင်းဆောင် ဖြစ်ခဲ့တာပါ။ ဒါဟာ သမိုင်းပါ၊ ဖျောက်ဖျက် မရပါ၊ ငြင်းမရပါ။
ဒီလို နိုင်ငံရေး ပိုဆန်တဲ့ ကိစ္စတွေ ထားပါဦး။ ကျောင်းသားရေးရာ သက်သက်၊ ပညာရေး ကိစ္စ ကိုပဲ ပြောပါမယ်။ အခု လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ပညာရေး ဥပဒေကို ဖတ်ကြည့်ကြပါ။ ဗဟိုချုပ်ကိုင်မှုများ၊ မလွတ်လပ်တဲ့ ချုပ်နှောင်မှုတွေ တွေ့ရပါမယ်။ အနိမ့်ဆုံး အဆင့် ကျောင်းသားရေးရာ သမဂ္ဂ ဖွဲ့စည်းခွင့် မျိုးကိုတောင် အာမ မခံပါဘူး။ ဒီလို ပိတ်ဆို့ထားတဲ့ ရေခံမြေခံ မှာ ပညာရပ်ဝန်း မရှင်သန်၊ မစိမ်းလန်းနိုင်ကြောင်း ပြီးခဲ့တဲ့ မျိုးဆက်များ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းဆိုးက သက်သေပြခဲ့ပြီးပါပြီ။ ဒါကိုလည်း အခု သင်ခန်းစာ မယူ ပိတ်ဆို့ချင်နေကြတုန်းပါပဲ။ ပန်းပင်တွေ ရှင်သန်စေချင်ရင် ပေါင်းသင်၊ ရေလောင်း ရေခံမြေခံကောင်းကောင်း နဲ့ မြေတောင်မြှောက်ပေးဖို့ လိုသလို လွတ်လပ်မှု နေရောင်ခြည် အလင်းဓာတ်ကိုလည်း ပေးရပါတယ်။ ဒါမှ စိမ်းလန်းစိုပြေတဲ့ ပန်းမန်စုံ ဥယျာဉ် ရပါမယ်။
ကျောင်းသားလေးတွေကို လွတ်လပ်ခွင့် ပေးလိုက်ပါ။ ချုပ်နှောင်မှု တွေ ဖြေလျှော့ ပေးလိုက်ပါ။ ပညာရပ်ဝန်း ကို စိမ်းလန်းစေပါ။ ဒါဟာ အနာဂတ် ကို လွတ်လပ်ခွင့် ပေးခြင်းပါ။ မျိုးဆက်သစ်ကို လွတ်လပ်စေခြင်းပါ။ အကျိုးဆက် အနေနဲ့ တိုင်းပြည် လည်း ဖွံ့ဖြိုးတိုးတက် ချမ်းသာ၊ အနာဂတ် စိမ်းလန်း လာပါမယ်။
နိဂုံးချုပ်ရရင် ယနေ့ လူငယ်မျိုးဆက်သစ်ကို ပညာရပ်ဆိုင်ရာ ဆန်းသစ်တွေးခေါ်မှု အသီးအပွင့်တွေ၊ ရှာဖွေဖော်ထုတ်နိုင်မှု သုတေသန တွေ၊ အနုသုခုမနဲ့ အားကစား ကဏ္ဍပေါင်းစုံ ဝေဆာနေတဲ့၊ စိတ္တ ကာယ နှလုံး အဘက်ဘက် ကုံလုံကြွယ်ဝ ရင့်ကျက် တိုးတက် ဖြစ်ထွန်းပြီး ကျင့်ဝတ်၊ သိက္ခာ၊ သီလ၊ သမာဓိ၊ ပညာ ပြည့်စုံစေဖို့ အားပေးတဲ့ စိမ်းလန်းတဲ့ တက္ကသိုလ် အသိုင်းအဝန်းမျိုး၊ စိမ်းလန်းတဲ့ ပညာ အသိုင်းအဝန်းမျိုး ရရှိ ‘စံ’ စားစေချင်ပါတယ်။ အရင်မျိုးဆက်များ မရခဲ့သမျှ “လွတ်လပ်၊ ငြိမ်းချမ်း၊ ညီညွတ်၊ မျှတ၊ စိမ်းလန်း” လောကပါလတရားတွေ အနာဂတ် မျိုးဆက် ရရှိ ခံစားစေချင်ပါတယ်။ ပညာရပ်ဝန်း မလွတ်လပ်၊ မစိမ်းလန်း သမျှ တိုင်းပြည် အနာဂတ်လည်း မစိမ်းလန်းနိုင်ကြောင်းကို တာဝန်ရှိသူ အပေါင်း လက်ခံ နားလည်သင့်ပါပြီ။ ပညာရှာ လူငယ်များ ရဲ့ ကျန်းမာ စိမ်းလန်းရေး အနာဂတ် ကို လေးစားစေချင်ကြောင်းပါ ခင်ဗျာ။
ငြိမ်းချမ်းအေး
နိုဝင်ဘာ ၂၀၊ ၂၀၁၄
Follow @ Facebook: https://www.facebook.com/nyeinchanaye81
(အောက်တိုဘာ (၂၁) ရက်၊ သောကြာနေ့ ထုတ် သည်လေဒီးစ် နယူးစ် ဂျာနယ်၊ အတွဲ (၂) အမှတ်စဉ် (၄၀) တွင် မူလ ပုံနှိပ်ခဲ့သည်။ မိုးမခ တွင် ထပ်မံ ဖော်ပြသည်။ ဆောင်းပါး ပါ အာဘော်ကို ဝေဖန် ထောက်ပြရန် nyeinchanaye81@gmail.com သို့ စာရေး နိုင်သည်။)