ဇင်လင်း – ရှစ်လေးလုံးအရေးတော်ပုံ၊ စနစ်နှစ်ရပ် ပဋိပက္ခ နှင့် လူထုခေါင်းဆောင်
သြဂုတ် ၁၉၊ ၂၀၁၄
သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပွားခဲ့သည်မှာ ယခုနှစ် သြဂုတ်လတွင် (၂၆)နှစ်ပြည့်ပေပြီ။ ဤ အရေးတော်ပုံကို မြန်မာ့ မျက်မှောက်သမိုင်း၏ အချိုး အကွေ့ကြီးတခု အဖြစ်မှတ်တမ်းတင်ကြသည်။ အဘယ်ကြောင့်ဆိုသော် လူထုအရေးတော်ပုံကြီး အတောအတွင်း လူကို လူလို မမြင်သော မဆလ စစ် အာဏာရှင် စနစ်အား ခုတ်ပိုင်း ဖြိုလှဲနိုင်ခဲ့သည်။ လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူရေးဆိုသည့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအသိအမြင်များ ကို အရေး တော်ပုံက ရှင်သန်စေခဲ့သည်။ စစ်အာဏာရှင်စနစ်ကို စိန်ခေါ်အန်တုနိုင်စွမ်းရှိသော လူထုခေါင်းဆောင်တယာက်ကိုလည်း အရေးတော်ပုံက မွေးဖွားပေးခဲ့သည်။
ဤနေရာ၌ ပိုမို အရေးပါသည့် ထူးခြားချက်တခုမှာ အရေးတော်ပုံ၏ သက်ရောက်မှုအရှိန်ကြောင့် မြန်မာ့နိုင်ငံရေး အတွေးအခေါ် အလှည့်အပြောင်းသိသာစွာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထို အလှည့်အပြောင်းက စစ်ဝါဒ၊ စစ်အာဏာရှင်ဝါဒ၊ ‘ပုရိသ ပဓါန၀ါဒ’ လွှမ်းမိုးနေမှုကို တပ်လှန့် စိန်ခေါ်လိုက်သည့် အသံလည်းဖြစ်သည်။ ပုရိသ၀ါဒ သို့မဟုတ် စစ်ဒဿန၀ါဒအား စိန်ခေါ်သူအဖြစ် ရှစ်လေးလုံးအရေးတော်ပုံက မွေးထုတ်ပေးလိုက်သူ မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပင်ဖြစ်သည်။ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုဖြင့် နိုင်ငံတကာက ဂုဏ်ပြုလိုက်သောအခါ၊ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာတနိုင်ငံတည်းနှင့်သာ သက်ဆိုင်သည့် ပုဂ္ဂိုလ်တဦးမျှ မဟုတ်တော့ သကဲ့သို့၊ “ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာစစ်အာဏာရှင်တို့၏ ပဋိပက္ခ” သည် လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသက်သက်မျှဟု ပြော၍ မရတော့ပေ။
မြန်မာနိုင်ငံတွင် ယောက်ကျားသားစစ်ဗိုလ်များ ထင်ရာစိုင်းကြီးစိုးနေသည်မှာ အတော်ကြာနေပြီဖြစ်သည်။ လူ့အဖွဲ့အစည်း၏ ဦးဆောင်မှု အခန်းကဏ္ဍများတွင် မိန်းမသားများကို ကန့်သတ်ချုပ်ချယ် နေရာမပေးဘဲ ခွဲခြားဆက်ဆံခဲ့သည်မှာ ကြာလှပြီ။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီအထိ၊ ရှေ့နေချုပ်၊ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ ပါမောက္ခချုပ်ကဲ့သို့သော ရာထူး မျိုးမှာပင် အမျိုးသမီးများကို နေရာပေးခြင်း မရှိခဲ့ပေ။ ဒု ၀န်ကြီး၊ ၀န်ကြီးဆိုသည့် ရာထူးမျိုးကတော့ ပို၍ ဝေးပါသေးသည်။။ ဤ သည်မှာ စစ်အာဏာရှင်များ၏ ပဒေသရာဇ်ဆန်ဆန် အတွေးအခေါ်များကြောင့်ဖြစ်သည်။ ယင်းသို့သော အခြေအနေအချိန်အခါမျိုးတွင် ပြည်သူက ‘ဒေါ်အောင်ဆန်းစုကြည်’ အား လူထု ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းမှာ အရေးကြီးသည့် အတွေးအခေါ် အလှည့်အပြောင်းဟုဆိုထိုက်သည်။
ဤ အလှည့်အပြောင်းကို လက်မခံနိုင်သော စစ်အာဏာရှင်ကြီးတစုက ယနေ့ထက်တိုင် ပဒေသရာဇ်အတွေးအခေါ်ဟောင်းဘက်မှ ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။ ၂၀၀၈ စစ်အာဏာဦးစားပေး ဖွဲ့စည်းပုံတွင် အမျိုးသမီးများကို ပဓါနကျသည့် ခေါင်းဆောင်မှု နေရာ များ ရယူခွင့်မရှိအောင် ပြဋ္ဌာန်းဟန့်တားထားသည်။ ဤ လုပ်ရပ်မှာ ‘ဒေါ်အောင်ဆန်းစုကြည်’ကိုသာမက အမျိုးသမီး နိုင်ငံသား အားလုံးကိုပါ ခွဲခြားနှိမ့်ချလိုက်ခြင်း ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို နှစ်ပေါင်းများစွာ ငြင်းဆန် လက်မခံခဲ့ခြင်းသည်လည်း၊ ယင်း အတွေးအခေါ်ဟောင်းကြောင့်ဟု ပင်ဆိုရမည်။ အမျိုးသမီးများအား မူဝါဒရေးရာချမှတ်ရာတွင် ပါဝင်ခွင့် မရအောင် ပိတ်ပင် ဟန့်တားနေသူများမှာ ပဒေသရာဇ်အတွေးအခေါ်ဟောင်းလက်ခံသူ လက်ကျန် စစ်အာဏာရှင်များပင်ဖြစ်သည်။
ထို လက်ကျန် စစ်အာဏာရှင်များသည် အတွေးအခေါ်အလှည့်အပြောင်း သမိုင်းဖြစ်စဉ်ကို အချည်းအနှီး ခုခံအန်တုနေပေသည်။ “အမျိုးသမီးများအပေါ်ခွဲခြားဖိနှိပ်မှုများ ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်” The Convention on the Elimination of All Forms of Discrimination against Women (CEDAW) ကို နိုင်ငံပေါင်း(၁၃၀)၏ ထောက်ခံမှုဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် (၃၄ / ၁၈၀) အရ ၁၉၇၉ ဒီဇင်ဘာ (၁၈) မှာ အတည်ပြုထားပြီးဖြစ်သည်။ ယင်း သဘောတူညီ ချက်ကို မြန်မာနိုင်ငံကလည်း လက်မှတ် ရေးထိုးထားပြီးဖြစ်၍ လိုက်နာကျင့်သုံးရမည့် တာဝန်ရှိသည်။ လက်မှတ်ရေးထိုးထားသော အဖွဲ့ဝင်နိုင်ငံသည် အမျိုးသမီးများကို အမျိုးသားများနှင့် တန်းတူ အခြေခံနိုင်ငံသားရပိုင်ခွင့်၊ အခြေခံလူ့အခွင့်အရေးရပိုင်ခွင့်များ ပေးရန် တာဝန်ရှိသည်။ နိုင်ငံ့အရေးအရာကိစ္စများကို စီမံခန့်ခွဲဆုံးဖြတ်ရာတွင် လည်း အမျိုးသမီးများကို တန်းတူပါဝင်ခွင့်ပေးရမည် ဖြစ်သည်။ လက်ရှိ ပါလီမန်လွှတ်တော်များသမဂ္ဂ (IPU) ၏ ၂၀၁၄ ဇွန်လ သုတေသန ပြုချက်အရ နိုင်ငံတကာ ပါလီမန် လွှတ်တော် များတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် (၉၇၆၁) ယောက်ရှိပြီး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်က (၃၄၈၀၃) ဦး ရှိ သောကြောင့်၊ ပါလီမန်လွှတ်တော်များတွင် အမျိုးသမီးကိုယ်စားပြုမှု (၂၁ ဒဿမ ၉)ရာခိုင်နှုန်းရှိသည်။
ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံ (၁၈၉)နိုင်ငံ အနက် နိုင်ငံ (၃၀)တွင် အမျိုးသမီးနိုင်ငံ့ခေါင်းဆောင်များ ဦးဆောင်နေသည် ကိုတွေ့ရသည်။ လွှတ်တော် (၄၁) ခုတွင် အမျိုးသမီး ပါလီမန်လွှတ်တော် ဥက္ကဋ္ဌများ ရွေးချယ်တင်မြှောက်ခံရသည်။ ဤသည်မှာ ယနေ့ကမ္ဘာတွင် ဖြစ်ပေါ်နေသော အမျိုးသမီး အခွင့်အရေးဆိုင်ရာသမိုင်းဖြစ်ပေါ်တိုးတက်မှု ညွှန်းကိန်းဖြစ်သည်။ ဤ သမိုင်း ပင်မရေစီးကို စစ်အာဏာရှင်အုပ်စုသည် မိုက်မဲစွာ ခုခံဆန့်ကျင်နေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သာမန် အမျိုးသမီး ခေါင်းဆောင်တဦးမျှသာ မဟုတ်ဆိုသည်ကို စစ်ဗိုလ်ချုပ်များ သိဖို့ကောင်းသည်။
ဒေါ်အောင်ဆန်းစုကြည်သည် “ရှစ်လေးလုံးပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ” မှ တင်မြှောက်လိုက်သော လူထုခေါင်းဆောင်ဖြစ် သည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ လက်ခံအသိအမှတ် ပြုခြင်းခံရသော ခေါင်းဆောင်လည်းဖြစ်သည်။ ရှစ်လေးလုံးပြည်သူ့ ဒီမိုကရေစီအရေးတော်ပုံ၏ တောင်းဆိုချက်သည် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု (Political System Change) ဖြစ်သည်။ ‘လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူရေးဆိုသော ဒီမိုကရေစီပိုင်ခွင့်’ ကို တောင်းဆိုခြင်းဖြစ်သည်။ ‘တန်းတူရေး’ ဟုပြောရာ၌ လူမျိုး၊ လူတန်းစား၊ နိုင်ငံရေး ယုံကြည်ချက်နှင့် ကိုးကွယ်သည့် ဘာသာ မျှသာမက၊ ‘လိင်’ ခွဲခြားဆက်ဆံမှု မပြုလုပ်ရေးလည်း ပါဝင်သည်။ လွတ်လပ် ရေး၊ တရားမျှတရေးနှင့် တန်းတူရေးဆိုသော ဒီမိုကရေစီပိုင်ခွင့်များ ဖြစ်ထွန်းတိုးတက်ရေးအတွက် တိုင်းရင်းသား ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်အား သူတို့ ကိုယ်စားလှယ်အဖြစ်ရွေးချယ်ထားခြင်းဖြစ်သည်။
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို သုံးသပ်လျှင်လည်း ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူက တခဲနက် ဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်သည်။ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့၏ ကိုယ်စား တိုင်းပြည်အရေးအရာများကို စီမံအုပ်ချုပ်နိုင်ရန် အခွင့်အာဏာ (Authorization or Mandate) လွှဲအပ်လိုက်ကြခြင်းဖြစ်သည်။ တိုင်းပြည်အေးချမ်းသာယာမှုကို အမှန်လိုလားလျှင် ဒေါ်အောင်ဆန်း စုကြည်၏ အခန်းကဏ္ဍကို စစ်အုပ်စုအနေဖြင့် မသိကျိုးကျွန်မပြုသင့်ပေ။ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာခေါင်းဆောင်များက တစိုက်မတ်မတ်တောင်းဆိုနေသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့နိုင်ငံရေးတွင် ထိပ်တန်းတာဝန် ထမ်းခွင့်ပေးရပေ မည်။ အထူးသဖြင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ ဆယ်စုနှစ် (၂) ခုမျှ အစဉ်တစိုက် တိုက်တွန်းလျှက်ရှိသော နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများမှ တဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းပြည်ငြိမ်းချမ်းရေးကို ရှာဖွေရပေမည်။
ယနေ့ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားပေါင်းစုံလူထုအများစု၏ ထောက်ခံမှုကို ရရှိထားရုံမက၊ နိုင်ငံတကာ ခေါင်းဆောင်များ၏ ယုံကြည် အားထားမှုကိုပါ ရရှိနေသည့် နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်သည်။ ထိုအချက်ကို လက်ရှိ ဦးသိန်းစိန် အစိုးရက မျက်ကွယ်ပြုလျှင် ပြည်တွင်းစစ်ကင်းရှင်း၍၊ နိုင်ငံရေးတည်ငြိမ်သော လူမှုဘ၀ပတ်ဝန်းကျင်ကို ရရှိနိုင်ဖွယ်မရှိပေ။
သို့ဖြစ်၍ စစ်ဗိုလ်ချုပ်များအနေဖြင့် ဥာဏ်အမြော်အမြင်ကြီးမားရင့်ကျက်သော နိုင်ငံရေးခေါင်းဆောင်(Statesman) တစ်ဦး ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အား အောက်လမ်းနည်း အသွယ်သွယ်သုံးကာ မြန်မာ့နိုင်ငံရေးမှ ၀ိုင်းပယ်ရန် အားထုတ်ခြင်းမှာ အံ့ဖွယ်သူရဲ အသိဥာဏ်နုံချာမှုဟု ဆိုရန်မှတပါး အခြားစကား ပင် မရှိတော့။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်က တစိုက်မတ်မတ် မေတ္တာရပ်ခံခဲ့သော်လည်း စစ်အုပ်စုက အမြဲ ဥက္ခောပြုခဲ့သည်။ ၁၉၉၅ သြဂုတ်လ(၁)ရက်နေ့ ည(၉)နာရီတွင် ထုတ်လွှင့်ခဲ့သည့် ထိုင်းနိုင်ငံ “နေးရှင်းသတင်းစာ နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူး” တွင် ဒေါ်စု၏ ရိုးသားဖြောင့်မှန်သော နိုင်ငံရေးယုံကြည်ချက် စေတနာကို တွေ့နိုင်သည်။ အောက်တွင် အင်တာဗျူး ဘာသာပြန် ကောက်နှုတ်ချက် ဖေါ်ပြလိုက်ပါသည်။
နေးရှင်းအယ်ဒီတာ။ စစ်မှန်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံကို အမှန်တကယ် ထူထောင်မယ်ဆိုရင် ဘယ်လို လျော်ကန်သင့်မြတ်တဲ့ မူဘောင်ချရမှာပါ လဲ။
ဒေါ်အောင်ဆန်းစုကြည်။ ပထမဆုံး ‘ယုံကြည်မှုပတ်ဝန်းကျင်’ တခု တည်ဆောက်ကြရမှာပါ။ ဒီ ‘ယုံကြည်မှု’ ဟာ မြန်မာ နိုင်ငံမှာ ကွယ်ပျောက် နေတဲ့ အရာ ဖြစ်ပါတယ်။ ‘ယုံကြည်မှုပတ်ဝန်းကျင်’ တခု မတည်ဆောက်နိုင်သေးသမျှ ‘ထိရောက်မှုရှိတဲ့ ဆွေးနွေးပွဲ’ မျိုး ကျမတို့ စတင်နိုင်မှာ မဟုတ်ပါ ဘူး။ ဆွေးနွေးရေးစားပွဲမှာ ၀ိုင်းထိုင်လိုက်ဖို့ဆိုတာကတော့ လွယ်ပါတယ်။ ဒါပေမယ့် လူတိုင်းက တဦးအပေါ် တဦး သံသယတွေ ပွားနေကြရင် အများ လက်ခံနိုင်တဲ့ သဘောတူညီမှုတခု ရရှိအောင် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တိုင်းရင်းသားတွေ ယုံကြည်စိတ်ချနိုင်တဲ့ အစိုးရတရပ် ရှိတယ် ဆိုတာ ကျမတို့အနေနဲ့ ပြသဖို့လိုပါတယ်။ အဲဒီအစိုးရဟာ တိုင်းရင်းသားတွေရဲ့ မျှော်မှန်းချက်တွေနဲ့ပြဿနာတွေကို စာနာထောက်ထား ကြောင်း လည်းပြသရပါလိမ့်မယ်။ ပြဿနာကို အဲဒီကနေ စပြီး ကိုင်တွယ်ရမယ်ထင်ပါတယ်။ တချို့တိုင်းရင်းသားအင်အားစုတွေအနေနဲ့ ‘ထိရောက်မှုရှိတဲ့ ဆွေးနွေးပွဲ’ တွေ မစတင်မီ သူတို့ဖြစ်စေချင်တဲ့ မူဘောင်ဆိုင်ရာ အကြံပြုစရာတွေ ရှိပြီးဖြစ်နိုင်ပါတယ်။ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ မူဘောင်တခုရရှိဖို့ အတွက် ညှိနှိုင်းဆွေးနွေးကြမယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။
နေးရှင်းအယ်ဒီတာ။ စစ်ခေါင်းဆောင်များနဲ့ဆွေးနွေးတဲ့အခါ တိုင်းရင်းသားလူမျိုးများရဲ့ ပြဿနာကို ဦးစားပေး ကိစ္စအဖြစ် သဘောထားနိုင်ပါမည်လား။
ဒေါ်အောင်ဆန်းစုကြည်။ ပထမဆုံးလုပ်ရမှာက အပြန်အလှန် စကားစတင်ပြောနိုင်ကြဖို့ဖြစ်ပါတယ်။ အဲဒီနောက်မှာ အမှန်အတိုင်းပြောရရင် ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေ ပါဝင်လာဖို့ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ မပါဝင်ခဲ့ရင် အရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးကို ကျမတို့မရနိုင်ပါဘူး။ ဒါကြောင့် ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေ မုချပါဝင်ရမှာပါ။
နေးရှင်းအယ်ဒီတာ။ အဂတိလိုက်စား အကျင့်ဖေါက်ပြားမှုဖြစ်စေတာ ‘အာဏာ’ကြောင့်မဟုတ်။ ‘အာဏာကို လက်လွတ်ဆုံးရှုံးရမှာ ကြောက်ရွံ့ခြင်း’ ကြောင့် ဖြစ်တယ်လို့ ခင်ဗျားရေးတဲ့ ‘ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရေး’ စာအုပ်မှာ ရေးထားတာတွေ့ရပါတယ်။ ခင်ဗျားကိုယ်တိုင်ရော မျက်မှောက်ကာလ မှာ ဘာကို ကြောက်ရွံ့ပါသလဲ။
ဒေါ်အောင်ဆန်းစုကြည်။ ကျမအပေါ်မှာ ယုံကြည်အားထားနေကြတဲ့ ပြည်သူလူထုကို၊ ကျမက စိတ်ပျက်အောင်လုပ်မိမှာ အကြောက်ဆုံးပါပဲ။ လူထုကို စိတ်ပျက်အောင် လုပ်မိမှာထက် ကျမကိုယ်တိုင်က အရည်အချင်းကျဆင်းသွားတာဖြစ်ဖို့က ပိုများပါတယ်။ သူတို့ဖြစ်ချင်တဲ့ အရာတိုင်းကို ကျမအနေနဲ့လုပ်မပေးနိုင်ပေမယ့်၊ သူတို့စိတ်ပျက်အောင်တော့ ကျမလုပ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ကို တခုခု လုပ်ပေးမယ်လို့ ကျမ ကတိပေး ထားတာတော့ မရှိသေးပါဘူး။ ကျမ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်ပါ့မယ်လို့ရိုးရိုးသားသားပြောထားတာပဲရှိပါတယ်။
နိဂုံးချုပ်ရလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ဆရာဦးဝင်းတင် အကဲဖြတ်ဖေါ်ညွှန်းသည့် “မီးလျှံထဲက ကြာ” ဆိုသည့် ဂုဏ်ဒြပ်နှင့် ညီညွတ်လှသည်ဟု ဆိုချင်ပါသည်။ ၁၉၉၉ ခုနှစ်ကုန်ပိုင်းတွင် ဆရာဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု၍ (၃) ကြောင်း ဟိုက္ကုကဗျာတပုဒ် ထောင်တွင်း၌ ရေးဖွဲ့ခဲ့ပါသည်။ ကဗျာအမည်က ‘မီးလျှံထဲက ကြာ’ ဖြစ်သည်။
‘မီးလျှံထဲက ကြာ’
ရဲ ဇွဲ ဥာဏ် စည်း တာ
မကြောက်တရား တေးကဗျာ
မီးလျှံထဲက ကြာ။
‘ ရဲ ’ ဆိုသည်မှာ ရဲရင့်ခြင်း၊ ဇွဲ ဆိုသည်မှာ စွဲမြဲခြင်း၊ ‘ဥာဏ်’ ဆိုသည်မှာ ဥာဏ်အမြော်အမြင်ကြီးခြင်း၊ ‘စည်း’ ဆိုသည်မှာ စည်းကမ်း ကြီးခြင်း စည်းကမ်းသိခြင်း စည်းကမ်းထိန်းခြင်း၊ ‘တာ’ ဆိုသည်မှာ တာဝန်သိခြင်း တာဝန်ယူခြင်း တာဝန်ခံခြင်း ဟု ဆရာက အနက်ဖွင့်ပြပါသည်။ သန့်ရှင်းခြင်း၊ စင်ကြယ်ခြင်း၊ ဖြူစင်ခြင်းတို့ဖြင့် တင့်တယ်လှသော ‘ကြာပန်း’ သည် မီးလျှံတွင်း၌ ပွင့်ရသည်ဖြစ်သော်လည်း၊ တုန်လှုပ်ခြင်းမရှိ၊“ ရဲ ဇွဲ ဥာဏ် စည်း တာ” တည်းဟူသော ဂုဏ်သတ္တိတို့ ဖြင့်ဆက်လက် လန်းဆန်း သင်းပျံ့နေဦးမည်ဖြစ်သည်။
စစ်အာဏာရှင်စနစ် မီးလျှံဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ စွမ်းရည်သတ္တိ တို့ကို ချေမှုန်းရန် အားထုတ် သော်လည်း ပြည်သူလူထု ထောက်ခံမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်သည် ကြီးမြင့်သည်ထက် ကြီးမြင့်လာဖို့သာရှိသည်။ သံမဏိကို ဆေးသားတင် ပေးသကဲ့သို့သာဖြစ်မည်။ ဒေါ်အောင်ဆန်းစုကြည်သည် မိမိ၏ ကိုယ်ပိုင်ဘ၀၊ မိမိ၏ မိသားစု ဘ၀နှင့်တကွ မိမိ၏ စည်းစိမ်ဥစ္စာ ဂုဏ်ပညာတို့ကို တွန့်ဆုတ်ခြင်း အလျဉ်း မရှိဘဲ၊ စွန့်လွှတ်၍၊ မိမိနိုင်ငံနှင့် လူထု အတွက် လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူရေးဆိုသည့် ဒီမိုကရေစီပိုင်ခွင့်များ ရရှိရေး တိုက်ပွဲလမ်းကို ရွေးချယ်ခဲ့သူ ဖြစ်သည်။
အထူးအရေးကြီးသည့် အချက်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံကြီးက မွေးဖွားပေးခဲ့ခြင်းဖြစ်သည် ဆိုသောအချက်ကို မမေ့အပ်ပေ။ ။