သန်းဝင်းလှိုင်

သန်းဝင်းလှိုင် – ဘိုးဝဇီရ (မြန်မာ ၁၂၁၀ – ၁၂၉၈)

ဘိုးဝဇီရ (မြန်မာ ၁၂၁ဝ-၁၂၉၈)
သန်းဝင်းလှိုင်
နိုဝင်ဘာ ၉၊ ၂၀၁၃


ဘိုးဝဇီရမှာမြန်မာသတင်းစာလောကတွင် ပထမဆုံးသောမြန်မာသတင်းစာဆရာကြီးဖြစ်သည်။ ဘိုးဝဇီရသည် ကုန်းဘောင်ခေတ် မင်းတုန်းမင်းတရားကြီးလက်ထက် ၁၂၃၆ခုနှစ်မှ စတင်ထုတ်ဝေခဲ့သောပထမဆုံး မြန်မာသတင်းစာဖြစ်သည့် ရတနာပုံနေပြည်တော် သတင်းစာ ၏ စာရေးတော်(အယ်ဒီတာ)အဖြစ်ဆောင်ရွက်ခဲ့သည်။
ဘိုးဝဇီရ၏ဇာတိမှာ အမရပူရမြို့ပုထိုးတော်ဘုရားကြီးအနီး သရက်သုံးပင်အရပ်ဖြစ်၍ ၁၂၁ဝ ပြည့်နှစ်နှောင်း တန်ခူးလဆုတ်(၄)ရက် ဗုဒ္ဓဟူး နေ့ ပုဂံမင်း၏သေနတ်စာရေးကြီး မင်းလှရာဇာဘွဲ့ခံဦးထွန်းနှင့် ဒေါ်ခိုတို့မှဖွားမြင်သောသားဖြစ်သည်။ ငယ်မည်မှာမောင်လွင်ဖြစ် သည်။
ငယ်စဉ်ကပင်ဥာဏ်ရည်ဥာဏ်သွေးထက်မြက်ကြောင်းမြင်ရသဖြင့် ဖခင်ဖြစ်သူကလည်းထွန်းထွန်းပေါက်ပေါက်ဖြစ်စေရန် လမ်းကြောင်း ပြုစုပျိုးထောင်ပေးသည်။ (၁၃)နှစ်သားအရွယ်တွင် မန္တလေးမြို့ခင်မကန်တိုက်တွင် ကျောင်းသားအဖြစ်ဖခင်ကအပ်နှံသည်။ မောင်လွင် သည်စာပေကျမ်းဂန်များကိုသင်အံ၍ (၁၆)နှစ်သားအရွယ်တွင်သာမဏေဘောင်သို့ကူးခဲ့သည်။
သာမဏေဖြစ်လာသောအခါ ခင်မကန်တိုက်အုပ်ဆရာတော်ဦးပဏ္ဍိတက ကိုရင်မောင်လွင်သည် ဝဇီရလက်နက်ကဲ့သို့ထက်မြက်သော ဥာဏ်ပညာရှိသည်ကိုသိမြင်သဖြင့် ရှင်ဝဇီရဟုဘွဲ့ပေးသည်။ ရှင်ဝဇီရသည်ခင်မကန်တိုက်တွင် သုံးနှစ်မျှပညာဆည်းပူးပြီးနောက် ဒက္ခိဏ ရာမဘုရားကြီးတိုက်သို့ပြောင်းရွှေ့ကာ စွယ်စုံဆရာတော်ကြီးများထံမှ ပိဋကတ်သုံးပုံကိုသင်ယူသည်။ အခြားရဟန်းသာမဏေများကို လည်း စာချပေးသည်။
ရှင်ဝဇီရသည်စာပေကျမ်းဂန်များစွာကို အာဂုံဆောင်နိုင်သည်။ စာပြန်ရာ ရွတ်ဖတ်ရာ၌လည်းသံနေသံထားဋ္ဌာန်ကရိုဏ်းကျနပီပြင်လှသ ဖြင့် ရှင်ဝဇီရစာပြန်သည်ကို အခြားပုဂ္ဂိုလ်များကလာ၍နာယူကြရသည်။ ရှင်ဝဇီရ၏ထက်မြက်သောဥာဏ်ရည်၊ ပြင်းထန်သောဇွဲလုံ့လတို့ ကိုလည်း ဆရာတော်ကြီးများကချီးကျူးကြလေသည်။
ဘုရားကြီးကျောင်းတိုက်တွင် ခြောက်နှစ်ကြာမျှပညာဆည်းပူးပြီးနောက် မန္တလေးတောင်ခြေသစ်ဆိမ့်ဆရာတော်ထံတွင် တစ်နှစ်မျှဆည်း ကပ်နေထိုင်ခဲ့သည်။ ထို့နောက်ခင်မကန်တိုက်သို့ပြန်လည်ပြောင်းရွှေ့ပြီးလျှင် တစ်နှစ်အကြာတွင်လူဝတ်လဲလေသည်။ ရဟန်းဝတ်နှင့်တ သက်လုံးနေမည်ဟု မရည်မှန်းခဲ့သည့်အလျောက် ရဟန်းမခံဘဲလူဝတ်လဲပြီးနောက် ဦးရီးတော်နံ့သာနန်းခုံမင်းဦးနှင်းနှင့်အတူ ရှေ့ပတ်စာရေး အဖြစ် အောက်မြို့ကျေးရွာသို့လိုက်ပါသွားရင်း ဒေသန္တရဗဟုသုတများကို လေ့လာဆည်းပူးခဲ့သည်။
ဆရာတော်ရင်းဖြစ်သော ဦးပဏ္ဍိတနှင့် မြောင်လှမြို့စားဝန်ထောက်တော်မင်းဦးခြိမ့်သည် ဆရာတော်ထံသွားလာဝင်ထွက်နေရာမှ ရှင်ဝဇီရ လူထွက်၏ အရည်အသွေးကိုသတိပြုမိသည်။ ထို့ပြင် ကိုရင်လူထွက်အားလည်းခင်မင်ရင်းနှီးသည်။ ထို့ကြောင်ကင်းဝန်မင်းကြီး၏အကူအ ညီဖြင့် ရတနာပုံသတင်းစာတွင်စာရေးတော်(အယ်ဒီတာ)အဖြစ် တစ်လဒင်္ဂါး၁၅ိနှင့်ခန့်ထားပေးလေသည်။
ဘုရင့်သတင်းစာတွင်ဝင်ရောက်ဆောင်ရွက်ရသောအခါ မောင်လွင် မင်းတုန်းမင်း၏ငယ်နာမည်နှင့်ဆင်တူနေသဖြင့် ကင်းဝန်မင်းကြီးက မောင်ထင်ဟုအမည်ပြောင်းပေးသည်။ သို့သော်ဝဇီရဟူသောအမည်ဖြင့် အခြားသူများကအခေါ်များလေသည်။ ထိုစဉ်ကရတနာပုံသတင်း စာကိုကွပ်ကဲအုပ်ချုပ်သူမှာ ဘာသာခြောက်မျိုးတတ်သော တရုတ်-မြန်မာကပြား ဦးအဟီးဖြစ်သည်။ မောင်ထင်ရောက်လာသောအခါစာ ပေအရေးအသားဘက်ကို မောင်ထင်ကတာဝန်ယူသည်။
မောင်ထင်သည်ရတနာပုံသတင်းစာတွင် ဝင်ရောက်ဆောင်ရွက်ခွင့်ရသောအခါ မိမိလေ့လာဆည်းပူးခဲ့သောပညာရပ်တို့ဖြင့် လက်စွမ်းပြ လေသည်။ သတင်းစာပရိသတ်တို့ကလည်း ရှေးနှင့်မတူ တမူထူးခြားလာသောအရေးအသားတို့ကြောင့် သတင်းစာကိုပို၍အာရုံစိုက်လာ ကြသဖြင့် တစ်လလေးကြိမ်ထုတ်ရတနာပုံသတင်းစာစောင်ရေလည်း တိုးလာသည်။ ကင်းဝန်မင်းကြီး၊ ယောအတွင်းဝန်ဦးဘိုးလှိုင်၊ ဝန် ထောက်တော်မင်းဦးခြိမ့်တို့ကလည်းအားပေးကြ၍ အရေးအသားကိုညွန်ပြသင်ကြားပေးကြသည်။
မောင်ထင်၏လက်စွမ်း တစ်နေ့တခြားထင်ပေါ်လာသဖြင့် တစ်လ၁၅ိကျပ်စားဖြစ်မှ ၆ဝိ စားအထိ တိုးမြှင့်ပေးသနားခြင်းခံရသည်။ မင်းတုန်း မင်းတရားကြီးကိုယ်တိုင် ကလည်း သံတော်ဆင့်ရာထူးအထိ တိုးမြှင့်ပေးရန် ရည်ရွယ်ထားလေသည်။
၁၂၄၀ပြည့်နှစ် နန်းတွင်းအရေးတော်ပုံရှုပ်ထွေးလာသောအခါ မောင်ထင်သည်လက်မောင်းတွင်အနာပေါက်သဖြင့် အလုပ်မှခေတ္တနှုတ် ထွက်၍ ခင်မကန်တိုက်တွင် ဆရာတော်ရင်းထံပြန်နေနေသည်။ အနာပျောက်ကင်းသည့်အချိန်တွင် မင်းတုန်းမင်းတရားနတ်ပြည်စံပြီးဖြစ် ၍ သီပေါမင်းနန်းစံလေပြီ။ ထိုအချိန်တွင် အုပ်ချုပ်သူမင်းမိဘုရားတို့နှင့်တကွ မှူးမတ်တို့ပါရှေ့ကနှင့်မတူတော့ချေ။ နန်းတွင်းအရေးအသား သည်လည်း လွတ်လပ်ခွင့်မရှိတော့ပေ။ ထို့ကြောင့်မောင်ထင်ခေါ်ဘိုးဝဇီရသည် သတင်းစာတိုက်တွင်ဆက်လက်အမှုမထမ်းလိုတော့ဘဲ တ ပည့်လူငယ်တို့အား ကဗျာလင်္ကာပညာရပ်တို့ကို သင်ကြားပို့ချကာအေးရာအေးကြောင်း ရှာကြံလျက် မန္တလေးမှာပင်နေထိုင်လေသည်။
သုံးနှစ်မျှအကြာတွင် စစ်ကိုင်းမြို့နယ် ဆားတောင်မငါးရွာမှ ရဟန်းရှင်လူတို့သည် ဘိုးဝဇီရခေါ် ကိုထင်၏အရည်အသွေးကိုသိကြသဖြင့် ဆားတောင်သို့ပင့်ဆောင်ကြသည်။ ဘိုးဝဇီရသည် ကျမ်းဂန်ဓမ္မသတ်တို့ကိုလည်းကျွမ်းကျင်သဖြင့် ဆားတောင်ရွာတွင်စာပေပို့ချခြင်း၊ တ ရားဓမ္မသတ်ဆုံးဖြတ်ပေးခြင်း၊ မော်ကွန်းများ၊ မေတ္တာစာများရေးသားခြင်းဖြင့်နေထိုင်ခဲ့သည်။ အသက်(၃၆)နှစ်အရွယ်တွင်မကျီးဖြူရွာမှ  လာရောက်ပင့်ဆောင်ကြသဖြင့် လိုက်ပါသွားရပြီးလျှင် မကျီးဖြူရွာကျောင်းဒကာတစ်ဦး၏ သမီးအသက်(၁၈)နှစ်အရွယ်ရှိ မသိန်းခေါ်မိန်းမ ချောတစ်ဦးနှင့်လက်ဆက်လေသည်။
သို့သော်သားမောင်ကျင်ကိုမွေးပြီးသောအခါ ဆားတောင်ရွာသို့ပြန်ပြောင်းပြီးလျှင် ထိုရွာတွင်ပင်နေထိုင်၍ မှုခင်းကြီးငယ်တို့ကို တရားဓမ္မ သတ်ဆုံးဖြတ်ပေးခြင်း၊ ဗေဒင်ဟောခြင်း၊ မော်ကွန်းကျောက်စာရေးခြင်းဖြင့် အသက်မွေးခဲ့ရာအသက်(၇ဝ)ကျော်အထိဖြစ်သည်။ ဘိုးဝဇီရ သည် သားကြီးမောင်ကျင်၊ သားငယ်မောင်မြင့်နှင့်သမီးထွေးမကြီးဟူ၍ သားသမီးသုံးယောက်ထွန်းကားသည်။
ဘိုးဝဇီရသည် ဘုရင့်ရှေ့တော်တွင် ပညာရှိကြီးတစ်ဦး၊ လွှတ်တော်တရားသူကြီးတစ်ဦးအဖြစ် ရည်မှန်းချက်ရှိခဲ့သော်လည်း နန်းတွင်းအ ရှုပ်အထွေးများ၌မရောယှက်လိုသဖြင့် ချောင်ကုတ်နေခဲ့သည်။ ဗြိတိသျှခေတ်တွင် ရန်ကုန်နှင့်မန္တလေးပုံနှိပ်တိုက်များက အတန်တန် တောင်းပန်ပင့်ဆောင်ကြသော်လည်း လူမျိုးခြားအကျိုးမဆောင်လိုသဖြင့် ငြင်းပယ်ခဲ့လေသည်။
အသက်(၈ဝ)ကျော်လျှင် ရဟန်းဘောင်တွင်ရှိနေကြသောသားနှစ်ပါးက ဆားတောင်မှကျောက်ပနန်ရွာသို့ခေါ်ယူထားသဖြင့် ဇနီးမောင်နှံ နှစ်ဦးသည် သီလဆောက်တည်ပုတီးစိပ်ကာ အေးချမ်းစွာနေထိုင်၍ စာပေအရပ်ရပ်တို့ကိုလေ့လာဖတ်ရှုရေးသားလျက်ရှိသည်။ ၎င်းကိုယ် တိုင်ရေးသားသောစာများနှင့် စုဆောင်းထားသောစာပေများမှာ ထင်းရှုးသေတ္တာငါးလုံးမျှရှိသည်။ ထို့နောက်၁၂၉၈ခုနှစ်၊ တပေါင်းလတွင် ပထမဆုံးမြန်မာသတင်းစာဆရာကြီးနှင့်စာဆိုတော်ကြီဘိုးဝဇီရသည် ဘ၀တစ်ပါးသို့ပြောင်းသွားလေသည်။
စာကိုး
(၁) စန်းယုအောင် ဘိုးဇီရ ရန်ကုန်၊ သမ္မတစာပေ၊ ၁၃၁၅ခု။

(၂)သန်းဝင်းလှိုင်၊အကျော်ဇေယျစာဆိုတော်များ၊အားမာန်သစ်စာပေ၊၂ဝဝ၉။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts