>Myin Yi Thet U Thar – Articles

>

ဒို့ခေတ်ကြမှ ညံ့ကြတော့မှာလား – အပိုင်း (၁)
မြင်းရည်တက်ဦးသာ
အောက်တိုဘာ ၅၊ ၂၀၁၁



လွန်ခဲ့တဲ့ (၅) နှစ်လောက်က မိတ်ဆွေတယောက်ကတိုက်တွန်းလို့ ပျက်သုဉ်းတော့မယ့်ရွှေနိုင်ငံခေါင်းစဉ်နဲ့ ပြိုလဲနေတဲ့နိုင်ငံမှာ (Failed States) တွေအကြောင်း ဆောင်းပါးရေးခဲ့ဖူးပါတယ်။ အဲသည့်မတိုင်ခင်ကတည်းကိုက အမေရိကန်သမတ ဂျော့ဒဗလျူဘုရှ်က Failed States နိုင်ငံများဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ပြောခဲ့ပြီး Failed States နိုင်ငံများရဲ့ အဆင့်အတန်းကို သတ်မှတ်ပြဌာန်းခဲ့ပါတယ်။ အဲသည့်အချိန်ကစပြီး အမေရိ ကန်နိုင်ငံခြားရေးမူဝါဒရေးဆွဲသူများဟာ Failed State နိုင်ငံ များရဲ့ ဖြစ်ပေါ်တိုးတက်မှုများကို ဂရုပြုအလေးထားလာခဲ့တာ လက်ရှိသမတ ဘားရက်အိုဘားမားလက်ထက်တိုင်ဖြစ်ပါတယ်။

မေးစရာရှိတာက Failed State ဆိုတာ ဘာကိုပြောတာလဲ? သူ့ကို ဘယ်လိုအရာတွေနဲ့ သတ်မှတ်မှာလဲ? ဆိုတာပါ။ ရှင်းပါတယ်။ Failed State ဆိုတဲ့အတိုင်း ပြိုလဲနေတဲ့နိုင်ငံများပါ။ နိုင်ငံတော် (The State) တခုဖြစ်လာရင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံရေးတည်ငြိမ်မှုကောင်းမွန်တဲ့စီမံအုပ်ချုပ်ရေးစနစ်၊ အေးချမ်းသာယာနေမှု၊ မဆင်းရဲမှုနဲ့ လူ့အဖွဲ့အစည်းဝင်များ အပေါ် ထိခိုက်နစ်နာစေသော လူသားဆိုင်ရာ ဘေးအန္တရာယ်များမကျရောက်မှု စတဲ့အင်္ဂါရပ်များ (Basic Functions) ခိုင်မာဖွံ့ဖြိုးကောင်းမွန်နေဖို့လိုအပ်တယ်လို့ဆိုပါတယ်။ ဒီယေဘုယျလက္ခဏာများချို့ယွင်းနေတာ ဒါမှမဟုတ် ပျောက်ကွယ်သွားတာမျိုးဖြစ်လာရင် ဒီဖြစ်လာ တဲ့နိုင်ငံတွေကို ပြိုလဲနေတဲ့နိုင်ငံများ (Failed States) လို့ ပညာရှင်များက သတ်မှတ်ကြပါတယ်။

Foreign Policy လို နိုင်ငံတကာယုံကြည်လေးစားရတဲ့ Institution တွေ အပါအဝင် ကမ္ဘာ့ပညာရှင်တွေက နိုင်ငံတနိုင်ငံရဲ့ Failed State ဖြစ်ပေါ်နေမှုကို တိုင်းတာရာမှာ အညွှန်းကိန်း (၁၂) ခုနဲ့ တိုင်းတာကြပါတယ်။ အဲဒါတွေကတော့ …

(၁) Demographic Pressure – ဖွား၊ သေ စသည့် လူဦးရေ၊ အခြေအနေဆိုင်ရာ ပြဿနာများ၊
(၂) Refugees and IDPs – ဒုက္ခသည်နှင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများ၊
(၃) Group Grievance – အုပ်စုမကျေနပ်မှုများ၊
(၄) Human Flight – လူဦးရေပြောင်းရွှေ့မှု၊
(၅) Uneven Development – တဖက်စောင်းနင်းတိုးတက်ဖြစ်ထွန်းမှု၊
(၆) Poverty and Decline – ဆင်း ရဲမွဲတေမှုနှင့် နိမ့်ကျယုတ်လျော့မှု၊
(၇) Legitimacy of the State -နိုင်ငံတော်၏ တရားဝင်မှု၊ (၈) Public Services – ပြည်သူလူထု၏ ဝန်ဆောင်မှု၊
(၉) Human Rights and Rule of Law – လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုး မှု၊
(၁၀) Security Apparatus – လုံခြုံရေးဝန်ထုပ်ဝန်ပိုး၊
(၁၁) Factionalized Elites – ဂိုဏ်းကွဲ၊ အုပ်စုကွဲအဖွဲ့များ၊
(၁၂) External Intervention – ပြင်ပစွက်ဖက်မှုများဖြစ်ပါတယ်။

သည်အညွှန်းကိန်းတခုချင်းစီရဲ့ ရမှတ်ပေါင်း အနည်းအများပေါ်မူတည်ပြီး နိုင်ငံတနိုင်ငံရဲ့ Failed State အဆင့်ကို သတ်မှတ်ပါတယ်။

နိုင်ငံ ၁၉၇ နိုင်ငံရဲ့ ပြိုလဲနေတဲ့နိုင်ငံအဆင့်များကို အကြမ်းဖျဉ်း အဆင့် (၅) ဆင့်ခွဲထားပါတယ်။

(က) အခြေအနေအဆိုးဆုံး ပြိုလဲနေတဲ့အဆင့် (နိုင်ငံ ၂၀)၊
(ခ) အတော်အတန်ပြဿနာကြုံတွေ့နေရတဲ့အဆင့် (၄၂ နိုင်ငံ)၊
(ဂ) သတိပြုရမည့်အဆင့် (၈၈) နိုင်ငံ၊
(ဃ) ပြဿနာရှိသောအဆင့် (၃၅) နိုင်ငံ၊
(င) အခြေအနေအကောင်းဆုံးအဆင့် (၁၂ နိုင်ငံ) လို့ ခွဲထားပါတယ်။

အခြေအနေအကောင်းဆုံးအဆင့်သတ်မှတ်ခံရတဲ့နိုင်ငံတွေကတော့ ဖင်လန်၊ နော်ဝေ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဒိန်းမတ်၊ နယူးဇီလန်၊ အိုင်ယာ လန်၊ လူဇင်ဘတ်၊ သြစတြေးလျ၊ ကနေဒါ၊ နယ်သာလန်တို့ ဖြစ်ပါတယ်။

သက္ကရာဇ် ၂၀၁၁ Failed State Index Data များကို လေ့လာကြည့်မယ်ဆိုရင် ရှေ့ဆုံးက တန်းစီနေတဲ့ အခြေအနေ အဆိုးဆုံးပြိုလဲနေတဲ့နိုင်ငံ ၂၀ (ဇယား (က)) မှာ မြန်မာနိုင်ငံဟာ Guinea Bissau နဲ့ အပြိုင် အဆင့် (၁၈) မှာ နေရာယူနေပါ တယ်။ လွန်ခဲ့တဲ့ (၇) နှစ်ကျော်လောက်က ကျနော်မှတ်မိသလောက်ဆိုရင် အဆင့် (၂၃) မှာ ရှိနေခဲ့ပါသေးတယ်။ ဒီရှေ့ဆုံးကတန်းစီနေတဲ့ အခြေအနေအဆိုးဆုံးနိုင်ငံ (၂၀) မှာ အာရှ က အာဖဂန်နစ္စတန်က အဆင့် (၇)၊ အီရတ်က အဆင့် (၄) နဲ့ ပါကစ္စတန် အဆင့် (၁၂) ကလွဲရင် လက်တင်အမေရိက ဟေတီအဆင့် (၁၅) မှတပါး ကျန် (၁၅) နိုင်ငံဟာ အာဖရိကတိုက်က အဆင်းရဲ အမွဲတေဆုံးသောနိုင်ငံတွေဖြစ်ပါတယ်။ သိကြတဲ့အတိုင်းပဲ အာဖဂန်တို့၊ အီရတ် တို့ဆိုတာ စစ်ပွဲတွေ အကြီးအကျယ်ဖြစ်နေတဲ့နိုင်ငံများပါ။ ပါကစ္စတန်ဆိုရင်လည်း စစ်သွေးကြွတွေ၊ မူဆလင်အစွန်းရောက်ဝါဒီတွေ အကြီးအ ကျယ်လှုပ်ရှားနေတဲ့နိုင်ငံဖြစ်တာမို့ ပျက်သုဉ်းနိုင်ငံအဆင့်မှာ ရှေ့ဆုံးကရောက်နေတယ်ထားပါတော့။ ကျနော်တို့နိုင်ငံလို အင်မတန် ရေခံမြေခံကောင်းပြီး စားရေရိက္ခာပေါကြွယ်ဝတဲ့နိုင်ငံဟာ ဘာ့ကြောင့်ပျက်သုဉ်းနိုင်ငံအဆင့်မှာ ရှေ့ဆုံးကို ရောက်နေရတာလဲဆိုတာ စဉ်းစားရင်း ရင်ထဲမှာ မချိအောင်ခံစားရပါတယ်။

ဇယား (က)
အခြေအနေအဆိုးဆုံးပြိုလဲနိုင်ငံ (၂၀)



Failed State Index Data 2011 ဇယား (က) က ဖော်ပြထားတဲ့ အညွှန်းကိန်းများအရ အခြေအနေအဆိုးဆုံးပြိုလဲနေတဲ့ နိုင်ငံ (၂၀) စာရင်းမှာ ဆိုမာလီးယား၊ ဆူဒန်၊ ကွန်ဂိုဒီမိုကရက်တစ်သမတနိုင်ငံ၊ ဟေတီ၊ ဇင်ဘာဘွေ၊ အာဖဂန်နစ္စတန်၊ ဗဟိုအာဖရိက၊ အီရတ်၊ အိုင်ဗရီကို့စ်၊ ဂီနီ၊ ပါကစ္စတန်၊ ယီမင်၊ နိုင်ဂျီးရီးယား၊ နိုင်ဂျာ၊ ကင်ညာ၊ ဘရွန်ဒီ၊ မြန်မာ၊ Guinea Bissua၊ အီသီယိုးပီးယား တို့ဟာ အစဉ်လိုက်တန်းစီထားပါတယ်။ ဆိုးဝါးလှတယ်လို့ နာမည်ကြီးလှတဲ့ အာဏာရှင်တွေအုပ် ချုပ်တဲ့ ယူဂန်ဒါ၊ မြောက်ကိုရီးယား၊ အီရန်တို့ဆိုတာတောင် အဆင့် (၄၀) နဲ့ (၆၀) ကြားမှာ ရှိနေပါတယ်။ ကျနော်တို့ ခပ် ရွယ်ရွယ်က အငတ်ဘေးကြုံနေရတဲ့နိုင်ငံလို့ လူသိများတဲ့ အီသီယိုးပီးယားတောင် တန်းစီဇယားမှာ ကျနော်တို့နောက်က အဆင့် (၂၀) မှာ ရှိတာမို့ ရှိရှိသမျှဇာတိပုညဂုဏ်မာနများ လျှောကျရပါတော့တယ်။

ဒီနေရာမှာ ကျနော်တို့နိုင်ငံဟာ ASEAN (၁၀) နိုင်ငံအတွင်းမှာရှိနေတာမို့ ကျန် ASEAN (၁၀) နိုင်ငံ (ဇယား ခ) နဲ့ နှိုင်းယှဉ်ကြည့်ဖို့ လိုမယ်ထင်ပါတယ်။ Ten Countries, One Community ဆိုတဲ့ Motto အရ မြန်မာ့ရှေ့ရေးဟာ ASEAN ရဲ့ အနာ ဂတ်အလားအလာများနဲ့ တသားတည်းရှိနေတာမို့ကတကြောင်း၊ အခုတလော ASEAN စီးပွားရေးအသိုင်းအဝိုင်းအကြောင်း၊ ၂၀၁၄ မှာ မြန်မာနိုင်ငံက ASEAN ဥက္ကဌအဖြစ်တာဝန်ယူဖို့အကြောင်းတွေ နားနဲ့မဆံ့အောင် ကြားနေရတာမို့က တကြောင်း၊ ကျန် (၉) နိုင်ငံရဲ့ Failed State အညွှန်းကိန်းများကို မြန်မာနိုင်ငံရဲ့ ဂုဏ်ရောင်ပြောင်လှတဲ့အညွှန်းကိန်းများနဲ့ နှိုင်းယှဉ်ကြည့်လိုက်တော့ လဲသေချင်လုမတတ် စိတ်ညစ်သွားရပါတယ်။

ကျန် ASEAN (၉) နိုင်ငံထဲမှာ အနီးကပ်ဆုံးလိုက်နေတာက အဆင့် (၃၈) နဲ့ ကမ္ဘောဒီးယားဖြစ်ပါတယ်။ အနီးစပ်ဆုံးဆိုတာတောင် အဆင့် (၁၈) မြန်မာနဲ့ကြားမှာ (၂၁) နိုင်ငံ ကြားခံနေပါသေးတယ်။ လာအိုက အဆင့် (၄၆)၊ ဖိလစ်ပိုင်က အဆင့် (၅၀)၊ အင်ဒိုနီးရှားက အဆင့် (၆၄)၊ ထိုင်းက (၇၈)၊ ဗီယက်နမ်က အဆင့် (၈၈)၊ မလေးရှားက အဆင့် (၁၁၁)၊ ဘရူနိုင်းက အဆင့် (၁၂၂) နဲ့ စင်္ကာပူက အဆင့် (၁၅၇) ဖြစ်ပါတယ်။

ဇယား (ခ)
အာဆီယံနိုင်ငံများ၏ ပြိုလဲနိုင်ငံအဆင့်ပြဇယား



Failed State ဖြစ်ဖို့အတွက် အခြားအကြောင်း (၂) ရပ်ရှိတယ်လို့ ပညာရှင်တွေက ဆိုပါသေးတယ်။ နိုင်ငံရပ်ခြားအစိုးရတွေက နိုင်ငံ တော်မတည်ငြိမ်အောင် လောင်စာထိုးပေးနေလျှင်လည်းဖြစ်တတ်ပြီး အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်ဖို့တာဝန်ရှိတဲ့အစိုးရတွေက တာဝန်မကျေလျှင်လည်း ဖြစ်တတ်တယ်လို့ဆိုပါတယ်။ ၂၀၁၁ ရဲ့ Failed State Index Data အညွှန်းကိန်းများမှာ ဖော်ပြထားချက်များအရ External Intervention ပြင်ပစွက်ဖက်မှုအညွှန်းကိန်းမှာ Failed State အခြေအနေအဆိုးဆုံးတန်းစီဇယားရဲ့ ပထမ (၆၅) နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ နံပတ် (၅၈) ပဲရှိပါတယ်။ ကမ္ဘောဒီးယား (၇.၄) နဲ့ လာအို (၇.၂) နဲ့ နှိုင်းယှဉ်ကြည့်ရင် မြန်မာဟာ External Intervention Index မှာ (၆.၇) ပဲရှိ တော့ ပြင်ပစွက်ဖက်မှုအညွှန်းကိန်းမှာ မြန်မာက နည်းတောင်နေပါသေးတယ်။ မြန်မာနိုင်ငံက အဆိုးဝါးဆုံးညွှန်းကိန်း (၃) ခုကတော့ Uneven Development နဲ့ Legitimacy of the State, Human Rights and Rule of Law တို့ဖြစ်ပါတယ်။ နှိုင်းယှဉ်ချက်အရဆိုရင် မြန်မာက အဲသည့် (၃) ခုမှာ အညွှန်းကိန်း (၉)၊ (၉.၇)၊ (၉.၀) အသီးသီးရှိပြီး ကမ္ဘောဒီးယားက (၆.၈)၊ (၈.၅)၊ (၈.၀) နဲ့ လာအိုကတော့ (၅.၇)၊ (၈.၀)၊ (၇.၇) အသီးသီးဖြစ်ပါတယ်။ သည်အညွှန်းကိန်း (၃) ခုဟာ အချုပ် အခြာအာဏာယူထားတဲ့အစိုးရတွေရဲ့ အခြေအနေကို ဖော်ပြတဲ့အညွှန်းကိန်းများဖြစ်ပါတယ်။

အိမ်နီးချင်းမိတ်ဆွေနိုင်ငံများရဲ့ အခြေအနေကောင်းတွေကို ဝန်တိုစိတ်မပွား မုဒိတာထားရမှာဖြစ်ပေမယ့် ကိုယ့်နိုင်ငံအခြေအနေ မကောင်းတာတွေးပြီး အခြေအနေအဆိုးဆုံးပြိုလဲနေတဲ့နိုင်ငံဖြစ်သွားရတဲ့အကြောင်းအရင်းတွေကို မစဉ်းစားပဲမနေနိုင်ခဲ့ပါ။ လွတ်လပ်ရေး ရပြီးကာစကဆိုရင် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး အခြေအနေများဟာ ကျန်အာရှနိုင်ငံများနဲ့နှိုင်းစာရင် ရှေ့ဆုံးကရှိပါတယ်။ ၁၉၅၀ ကျော် ၆၀ ခုနှစ်များလောက်ကဆိုရင် စင်္ကာပူ၊ ထိုင်း၊ မလေးရှား စတဲ့နိုင်ငံတွေက ကျောင်းသူ၊ ကျောင်းသားတွေဟာ ရန်ကုန်တက္ကသိုလ်မှာ ပညာဆည်းပူးခွင့်ရဖို့ အပြင်းအထန်ကြိုးစားခဲ့ရတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၄၀) လောက်က မြန်မာနိုင်ငံရောက်လာတဲ့ အာဏာ သိမ်းခေါင်းဆောင် ထိုင်းဝန်ကြီးချုပ်တယောက်ဆိုရင် မြန်မာနိုင်ငံအခြေအနေကိုကြည့်ပြီး ထိုင်းနိုင်ငံဟာ မြန်မာပြည်ကိုမှီဖို့ အနှစ် (၂၀) ကြိုးစားရဦးမယ်လို့ ပြောသွားခဲ့ဖူးပါတယ်။

ဗမာတွေအတိတ်က ရွှေထီးဆောင်းခဲ့ကြတာ ရေးလို့ကုန်မှာမဟုတ်ပါ။ တရုတ်နဲ့အိန္ဒိယလို နိုင်ငံကြီးနှစ်နိုင်ငံကြားမှာ သမိုင်းတလျောက် နိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းနိုင်ခဲ့တဲ့ ရှေးဘိုးဘွားတို့ရဲ့ကျေးဇူးကို အထူးသတိရအောက်မေ့ရပါတယ်။ တပြိုင်တည်းမှာပဲ ဒို့ခေတ်ကျမှ ညံ့ကြတော့မှာလားလို့ တွေးမိပါတော့တယ်။

အပိုင်းလိုက် ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts