သတင်းဆောင်းပါး မောင်မောင်စိုး

မောင်မောင်စိုး – NCA နှင့် Failed State – အပိုင်း (၁)

မောင်မောင်စိုး – NCA နှင့် Failed State – အပိုင်း (၁)
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၁၅
• တကျော့ပြန် အပစ်ရပ်ရေး
လက်ရှိတိုင်းရင်းသားအဖွဲ့များနှင့်ပြုလုပ်နေသော အပစ်ရပ်ရေးအား တကျော့ပြန်အပစ်ရပ်ရေးဟု ဆိုရမည်။ တကယ်တော့ လက်ရှိတိုက်ပွဲဖြစ်နေသော အဖွဲ့အတော်များများနှင့် မြန်မာစစ်အစိုးရခေါင်းဆောင်များ  အပစ်ရပ်ရေးသဘောတူထားသည်မှာ ၁၉၉၀ ပတ်ဝန်းကျင်ကတည်းက ဖြစ်သည်။

သို့သော် ပြသနာရှင်းမရသည်မှာ နိုင်ငံရေးအရ မဖြေရှင်းနိုင်ခဲ့၍ဖြစ်သည်။ ထို့ပြင် လက်ရှိတိုက်ပွဲများ ပြန်လည်ဖြစ်ပွားရခြင်း တွင် မြန်မာစစ်ဖက်မှ ကတိကဝတ်ပျက်ကွက်ခြင်းသည်လည်း အကြောင်းတချက်ဖြစ်သည်။ မူလကတိကဝတ်အရ အပစ် ရပ်ထားသောအဖွဲ့များအနေနှင့် အရပ်သားအစိုးရတက်လာသောအခါမှ နိုင်ငံရေးဆွေးနွေးရန်ဖြစ်သည်။ သို့သော် ၂၀၀၉ တွင် မြန်မာစစ်ဖက်ခေါင်းဆောင်များက သဘောထားပြောင်းလဲ၍ နယ်ခြားစောင့်တပ်ဖွဲ့ရေး ပြည်သူစစ်ဖွဲ့ရေးဖြစ်လာသော အခါ ပဋိပက္ခများဖြစ်ပွားခဲ့သည်။

UWSA/NDAA တို့နှင့် တိုက်ပွဲများပြန်မဖြစ်ခဲ့သော်လည်း ကျန်အဖွဲ့များနှင့် တိုက်ပွဲပြန်ဖြစ်ခဲ့သည်။ မြန်မာစစ်ခေါင်းဆောင် များမှ အပစ်ရပ်ရေးမှသည် နိုင်ငံရေးဆွေးနွေးပွဲသို့သွားမည့် ကတိကဝတ်ကိုဖျက်ကာ နယ်ခြားစောင့်တပ်ဖွဲ့ရေးပြည်သူ့စစ် ဖွဲ့ရေးကို အင်အားသုံးလုပ်ဆောင်လာသည်မှစ၍ စစ်ရေးပဋိပက္ခများ ပြန်လည်စတင်ခဲ့သလို တဖက်နှင့်တဖက် ယုံကြည်မှု ပါပျက်ပြားသွားခဲ့ရာ ယခုတကြိမ်ပြန်လည်ဆွေးနွေးပွဲသည်ပို၍ ခက်ခဲသည့်အခြေအနေသို့ ရောက်လာခဲ့သည်။ယုံကြည်မှု ပျက်ပြားခဲ့သည်ဖြစ်ရာ စိတ်ချသေချာသည့် ကတိကဝတ်များပို၍ လိုလာပြီး ပို၍ကြန့်ကြာလာစေခဲ့သည်ဟု ဆိုရမည်။

တကမ်တမ်းဆိုလျှင် နိုင်ငံရေးအရမဖြေရှင်းဘဲ အင်အားသုံးဖြေရှင်းခြင်းဖြင့် အဖွဲ့တချို့အား BGF ပြည်သူ့စစ်အဖြစ်ပြောင်း ဖွဲ့နိုင်ခြင်း၊ အချို့အား လက်နက်အပ်စေခြင်း အင်အားသုံးမောင်းထုတ်နိုင်ခြင်းတို့ကြောင့် မြန်မာစစ်ဖက်အတွက် အောင်မြင် မှုတစုံတရာ ရခဲ့သည်ဟုဆိုနိုင်သော်လည်း ဖြေရှင်းရမည့်ပြဿနာ တသီတတန်းကျန်ခဲ့သည်ကိုတော့ အသိအမှတ်ပြုရန် လို အပ်ပေသည်။

၂၀၀၉ ကအင်အားသုံး၍ မောင်းထုတ်နိုင်ခဲ့သည့် MNDAA ကိုးကန်အဖွဲ့ ပြဿနာသည် ပြီးပြတ်မသွားဘဲ ၂၀၁၅ တွင် တကျော့ပြန်စစ်ပွဲများဖြစ်ခဲ့ပြီး မြန်မာ့စစ်သမိုင်းတွင် စစ်စားရိတ်အများဆုံးစစ်ပွဲဖြစ်ခဲ့သည်။ ထို့ပြင် ၎င်းစစ်ပွဲသည် ယခုတိုင် လည်း မပြီးမပြတ်နိုင်သေးပေ။

၂၀၀၅ ခုနှစ် အင်အား ၃၀၀ မှ ၅၀၀ ကြားရှိ PSLO/PSLA ပလောင်အဖွဲ့အား ဖိအားသုံးလက်နက်အပ်နှံနိုင်ခဲ့သော်လည်း ၂၀၁၂ မှစ၍ PSLF/TNLA ဟူသောအမည်သစ်ဖြင့် ပလောင်လက်နက်ကိုင်အဖွဲ့ ပြန်လည်ပေါ်ပေါက်လာပြီး ယနေ့အချိန်တွင် အင်အားထောင်အချို့ရှိသောအဖွဲ့ဖြစ်လာပြီး မြန်မာစစ်ဖက်နှင့် နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေသည်။

ထို့ပြင် ယခင်ကမရှိသည့် AA ရခိုင်တပ်မတော်လို အဖွဲ့သစ်များလည်း ပေါ်ပေါက်လာသည်။ သို့ဖြစ်ရာ ပြဿနာကို အင်အား သုံးဖြေရှင်းခြင်းသည်ပြဿနာကို မပြေလည်စေသည့်ပြင် နောက်ဆက်တွဲပြဿနာ တသီတတန်းကို ထွက်ပေါ်လာစေ သည်။ ထို့ပြင် တဖက်နှင့်တဖက် ယုံကြည်မှုပျက်ပြားပြီး ယုံကြည်မှုပြန်လည်တည်ဆောက်ရသည်မှာ ပို၍ခက်ခဲလာသည်ကို တွေ့ရပေသည်။

သို့ဖြစ်ရာ အပစ်ခတ်ရပ်စဲရေးများ အကျော့ကျော့မပြန်ရစေရန် ခိုင်မာသော ကတိကဝတ်နှင့် ယုံကြည်မှုတည်ဆောက်ခြင်းနှင့် အင်အားမသုံးဘဲ ပြဿနာဖြေရှင်းခြင်းတို့ အထူးလိုအပ်ပေလိမ့်မည်။

• နေပြည်တော်ထိပ်သီးတွေ့ဆုံပွဲ
အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များအနေနှင့်ကိုးကြိမ်မြောက် UPWC နှင့် SD ဆွေးနွေးပွဲတွင်NCA အချောသတ်နှင့်ပတ်သက်၍ သဘောတူပြီးခဲ့သော်လည်း ပါဝင်လက်မှတ်ထိုးမည့်အဖွဲ့များနှင့်ပတ်သက်၍ သဘောတူညီချက်မရခဲ့ရာ နေပြည်တော်တွင် သမတ ဦးသိန်းစိန်နှင့် တိုင်းရင်းသားအဖွဲ့များမှ ထိပ်သီးများတွေ့ဆုံညှိနှိုင်းခြင်းဖြစ်သည်။

တိုင်းရင်းသားအဖွဲ့များဖက်မှ SD/NCCT ကိုယ်စားပြု ၁၇ ဖွဲ့လုံး ပါဝင်လက်မှတ်ရေးထိုးလိုသည်။ အစိုးရဖက်ကတော့ ထို၁၇ ဖွဲ့မှ ၆ ဖွဲ့အားချန်လှပ်၍ ကျန် ၁၁ ဖွဲ့ အစိုးရနှင့် သီးခြားလက်မှတ်ထိုးထားသော ၄ ဖွဲ့ပေါင်း ၁၅ ဖွဲ့နှင့်သာ ထိုးလိုသည်။ နေပြည်တော်ထိပ်သီးတွေ့ဆုံမှုသည် ချန်ထားသော ၆ ဖွဲ့ပြဿနာဆွေးနွေးခြင်း ဖြစ်သည်။

အစိုးရဖက်က ကျန်အဖွဲ့များကို တဆင့်ချင်း ပါဝင်စေ၍ ရသည်။ လုပ်ငန်းစဉ်ပြဿနာဟု ကြည့်သည်။ တိုင်းရင်းသားအဖွဲ့များ ဖက်မှ အားလုံးပါဝင်ရေးသည် မူပြဿနာဟု ယူဆသည်။ နှစ်ဖက်ကြည့်မြင် ရပ်တည်ပုံ မတူခဲ့ကြသည်ကို တွေ့ရသည်။

၂၀၁၅ စက်တင်ဘာ ၉ ရက်နေ့ နေပြည်တော်တွေ့ဆုံပွဲတွင် အစိုးရဖက်မှ

၁။ ဦးသိန်းစိန် – သမတ
၂။ ဦးအောင်မင်း – UPWC
၃။ ဦးသိန်းဇော် – UPWC
၎။ ဦးစိုးသိန်း – ဝန်ကြီး
၅။ ဦးရဲထွဋ် – ဝန်ကြီး
၆။ ဦးဝင်းထွန်း – ဝန်ကြီး
၇။ ဦးခင်မောင်စိုး – ဝန်ကြီး
၈။ ဒုဗိုလ်ချုပ်ကြီး ရဲအောင်
၉။ ဦးအောင်သိမ်း – ဒုဝန်ကြီး
၁၀။ ဦးထွန်းထွန်းဦး – ဒုရှေ့နေချုပ်

အထူးဖိတ်ကြားထားသူ

၁။ ဦးခင်ဇော်ဦး
၂။ ဦးသန်းဌေးတို့ တက်ရောက်ကြသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ

၁။ ဦးအင်ဘန်လ – KIO ဒုဥက္ကဌ
၂။ စဝ်ဆေထင် – SSPP/SSA နာယက
၃။ နိုင်ထောမွန် – NMSP ဥက္ကဌ
၎။ ဦးအေဘယ်တွီ – KNPP ဥက္ကဌ
၅။ စောမူတူးစေဖော – KNU ဥက္ကဌ
၆။ နော်စီဖိုးရာစိန် – KNU SD ခေါင်းဆောင်
၇။ ဒေါက်တာလဂျာ – KIO SD ဒုခေါင်းဆောင်
၈။ ဦးပူဇင်ကျုံး – CNF SD ဒုခေါင်းဆောင်
၉။ ဖဒိုစောကွယ်ထူးဝင်း NCCT / KNU တို့ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ကျန်သည့် ၆ ဖွဲ့ပြဿနာအားဆွေးနွေးဖြေရှင်းရာ MNDAA ကိုးကန့်ပြဿနာအား သမတမှ တိုက်ရိုက်ဆက် သွယ်ဖြေရှင်းမည်။ TNLA အား အစိုးရမှ သီးခြားအပစ်ရပ်လက်မှတ်ထိုးပြီးနောက် NCA တွင် ပါခွင့်ပြုမည်။ AA ပါဝင် ရေးအား နည်းနာရှာသွားမည်။ ကျန် ၃ ဖွဲ့အားနိုင်ငံရေးဆွေးနွေးပွဲအဆင့်တွင် ပါဝင်ခွင့်ပြုမည်ဟု သမတက အကြောင်းပြန်သည်ဟု ဆိုပါသည်။ NCA လက်မှတ်ထိုးရေးအား သမတမှ စက်တင်ဘာ ၂၉ ရက်ထိုးရန် ကမ်းလှမ်းသော်လည်း အတည်မပြုနိုင်ဘဲ တိုင်းရင်းသားအဖွဲ့များမှ အောက်တိုဘာလလယ်ခန့်မှဖြစ်မည်ဟု ပြန်ကြားကြောင်းသိရသည်

သို့ဖြစ်ရာ ကိုးကန့်ကိစ္စအား သမတမှ မည်သို့တိုက်ရိုက်ကိုင်တွယ်မည်ကိုလည်းကောင်း၊ TNLA အနေနှင့် လာမည့် NCA တွင် အချိန်မှီပါဝင် လက်မှတ်ထိုးနိုင် မထိုးနိုင်အားလည်းကောင်း၊ AA အား အခိုင်အမာ မည်သို့နည်းလမ်းရှာသွားမည်ကိုလည်းကောင်း NCA လက်မှတ်ထိုးမည့်ရက်အားလည်းကောင်း၊ ရှင်းလင်းပြတ်သားစွာ ညှိနှိုင်းနိုင်ခြင်းမရှိဘဲ မတင်မကျဖြစ်ခဲ့ သည်ဟု ဆိုရမည်။ သိုဖြစ်ရာ တွေ့ဆုံပွဲမှ နှစ်ဖက်သဘောတူ ကြေငြာချက်ထွက်မလာသည်ကို တွေ့ရသည်။ ထို့ပြင် စက် တင်ဘာ ၁၀ ရက်တွင် တိုင်းရင်းသားခေါင်းဆောင်များနှင့် ဒုကာချုပ်တွေ့ဆုံမည်ဟု မျှော်လင့်ထားကြသော်လည်း တွေ့ဆုံမှု မရှိခဲ့ပေ။

သို့ဖြစ်ရာ နေပြည်တော်ထိပ်သီးတွေ့ဆုံပွဲမှ နှစ်ဖက်ကျေနပ်လောက်သည့် အဖြေမရဟု ဆိုရပေမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts