>Win Myat – 2 digit cancer killing Burmese people

>

နှစ်လုံးကင်ဆာ လှိုက်စားခံရတဲ့ ဘ၀တွေ
ဝင်းမြတ်၊ ရန်ကုန်
စက်တင်ဘာ ၁၉ ၊၂၀၁၀
ထိုင်းရုပ်သံ စာတန်း အဆုံးအဖြတ် အစ နဲ့ အဆုံး
အချိန်ကနေ့လည် ၁၂ နာရီထိုးဖို့ ဆယ့်ငါးမိနစ်အလို။ မိုးကောင်းကင် လဖက်ရည်ဆိုင်ရဲ့ နောက်ဖက်က မီးစက်နှိုးသံကြားလိုက်ရပြီး ဆိုင်ထဲက ရုပ်မြင်သံကြား ပွင့်လာတယ်။ ဖိုက်မူဗီချန်နယ်က အက်ရှင်ဇာတ်လမ်းတစ်ပုဒ် တီဗီဖန်သားပြင်ပေါ် ရောက်လာတယ်။
ဆိုင်ထဲမှာ နေရာလွတ်မရှိတော့ လောက်အောင် လူတွေပြည့်လာတော့ နောက်ရောက်လာတဲ့သူတွေက အစီအရီ ထပ်ထားတဲ့ ပလတ်စတစ် ထိုင်ခုံအပုလေးတွေကို ကိုယ်စီဆွဲယူပြီး ရုပ်မြင်သံကြားနဲ့ အနီးဆုံးနေရာမှာ နေရာယူလိုက်ကြတယ်။ ပရိတ်သတ်တွေထဲမှာ ကျားမကြီးငယ် အစုံပါတယ်။ ဆေးပေါ့လိပ် ဖွာနေတဲ့ အမျိုးသမီးတွေ၊ ပိုက်ဆံရေတွက်ရင်း စာရွက်တစ်ရွက်နဲ့အလုပ်ရှုပ်နေတဲ့ သူတွေ၊ လသားအရွယ်ကလေးငယ်ကို ရင်ခွင်မှာပိုက်ထားတဲ့ သားသည်မိခင် ၊ ဆိုက်ကားကိုဆိုင်နဲ့မလှမ်းမကမ်းမှာ ရပ်ထားပြီး ဆိုင်ထဲမှာ ရေနွေးကြမ်းကို အငမ်းမရ သောက်နေတဲ့ ဆိုက်ကားဆရာတွေ…။
သူတို့အားလုံးမှာတူညီတဲ့ တချက်က ရုပ်မြင်သံကြားကို စူးစိုက်ကြည့်နေကြခြင်းပါပဲ။
၁၂ နာရီထိုးဖို့ ငါးမိနစ်အလို။
ဖန်သားပြင်ပေါ်က အက်ရှင်ဇာတ်လမ်းနေရာမှာ ထိုင်းရုပ်သံလိုင်းတစ်လိုင်းက ၀င်ရောက်နေရာယူလာပါတယ်။ ဆိုင်ထဲကလူအများစုက ထိုင်းဘာသာစကားကို နားမလည်ပေမယ့် ဖိုက်မူဗီက အက်ရှင်ကားထက် ပိုပြီးစိတ်ဝင်တစား ကြည့်နေကြတာတွေ့ရတယ်။ မြန်မာစံတော်ချိန် ၁၂ နာရီထိုးတဲ့အချိန်မှ ထိုင်းရုပ်သံလိုင်းတလိုင်းဖြစ်တဲ့ ချယ်နယ် ၉ မှာထွက်ပေါ်နေတဲ့ ဘန်ကောက်စတော့ရှယ်ယာ ဈေးကွက် အရောင်းအ၀ယ်ပမာဏ၊ အညွှန်းကိန်း  အစရှိတဲ့ ကိန်းဂဏန်းတွေ ကိုအသက်ရှုဖို့ မေ့နေတဲ့ အသွင်မျိုးနဲ့ စိတ်လှုပ်ရှားစွာစောင့်ကြည့်နေကြတယ်။
သူတို့ တမနက်တာ ဦးနှောက်အင်အား၊ ငွေအားစိုက်ထုတ်ပြီးလောင်းထားတဲ့ ကိန်းဂဏန်းတွေကို အခုလာမယ့် စက္ကန့်ပိုင်း ရု့ပ်သံဖန်သားပြင်မှာ ဖြတ်သန်းသွားတဲ့ အရာက အဆုံးအဖြတ်ပေးမှာမို့လို့ပါပဲ။
“ ၆၉ တဲ့ဟေ့”….
“ဟာ ၀မ်းချိန်းပဲ”
“ဟုတ်ရဲ့လား”
“ဟေး”…
ဆိုင်ထဲကလူတွေအသံမျိုးစုံထွက်လာကြတယ်။ ဆိုင်နောက်ဘက်ခပ်လှမ်းလှမ်းက အမျိုးသားတစ်ယောက်ပဲ လက်ခုပ်တီးလို့ ပျော်လို့ရွှင်လို့ ဆိုင်ထဲကထွက်သွားတယ်။ ကျန်တဲ့လူအများစုက စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့သူနဲ့ စကားမပြောနိုင်တဲ့သူနဲ့  တွေဝေကျန်ခဲ့ကြတယ်။
“၀မ်းချိန်း” ဆိုတာက အင်္ဂလိပ်ဘာသာနဲ့ one change  ဂဏန်းနှစ်လုံးအနက် ၁ လုံးပြောင်းပြီး ထွက်လာတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ လသားကလေးငယ်ကို ပိုက်ထားတဲ့အမျိုးသမီးကတော့ တီဗီဖန်သားပြင်ကို မျက်တောင်ပုပ်ခတ် ပုပ်ခတ် လုပ်ရင်း မယုံသလိုမျက်လုံးတွေနဲ့ကြည့်နေပြီး ဆိုင်ထဲမှာပဲ ကျန်နေခဲ့တယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စတော့ရှယ်ရာဈေးကွက်က ဈေးနှုန်းတွေကိုမူတည်ပြီး နှစ်လုံးထီလို့ခေါ်တဲ့ လောင်းကစားဈေးကွက်ဟာ မြန်မာလူထုတွေအပေါ်ကို ကင်ဆာရောဂါလိုစွဲကပ်နေတယ်။ အလုပ်အကိုင်နဲ့ ၀င်ငွေခက်ခဲတဲ့အခြေအနေမှာ ထွက်ပေါက်တစ်ခုအဖြစ် မျှော်လင့်ချက်တစ်ခုအဖြစ်နဲ့ နှစ်လုံးထီကို လူတွေက အလောင်းအစား ပြုကြပေမယ့် တကယ်တမ်း သူတို့ပြန်ရလိုက်တာက အကြွေးသံသရာနဲ့ စားဝတ်နေရေး အခက်အခဲတွေပဲ ဖြစ်ပါတယ်။
“ဒီနေ့ ဘာတစ်လုံးကောင်းလဲ… ဘယ်ဂဏန်းကြိုက်လဲ… ဘာထွက်သွားလဲ…”
စတဲ့ စကားသံတွေကို ဈေးထဲမှာ၊ ရပ်ကွက်ထဲမှာ မနက်မိုးလင်းကနေ ညနေအထိ
ကြားနိုင်ပါတယ်။
နှစ်လုံးထီထွက်တဲ့အချိန် တွေမှာ ထွက်တဲ့ဂဏန်းကိုသိချင်ရင် နီးစပ်ရာ လူတစ်ယောက်ယောက်ကိုသာ လှမ်းပြီးမေးလိုက်။ အဖြေတစ်ခုခုတော့ရနိုင်ပါတယ်။ သည်နေရာမှာ နှစ်လုံးထီဝါသနာမပါတဲ့သူကတောင် နားလည်မှုပေးတတ်ပါတယ်။ မြန်မာလူထုအများစုဟာ ၀င်ငွေနည်းပါးတဲ့ အလုပ်အကိုင်တွေကိုသာလုပ်ကိုင်ကြရပြီး နှစ်လုံးထီလောင်းကစားကို စွဲမက်သူတွေက သူတို့ရရှိလာတဲ့ ၀င်ငွေရဲ့ သုံးပုံတစ်ပုံ နဲ့ တစ်ဝက်နီးပါးလောက်ကို နှစ်လုံးထီလောင်းကစားမှာသုံးစွဲတတ်ကြတယ်။
လူတွေရဲ့ ဘ၀မျှော်လင့်ချက် ၂ လုံး ထီ
“နှစ်လုံးထီကလေး ရှိနေတော့ တစ်နေ့နှစ်ကြိမ် မျှော်လင့်ချက်ရှိနေတယ်။ ထိုးပြီဆိုကတည်းကတော့ ပေါက်ဖို့ထိုးတာပေါ့။ မပေါက်တာကတော့ တစ်ပိုင်းပေါ့လေ”
လို့ ဒေါပုံမြို့နယ်မှာနေထိုင်တဲ့ ကိုထွေး (၃၅နှစ်)က ပြောပါတယ်။ သူက တစ်ရက်ကို ကျပ် တထောင် ခန့်နေ့စဉ် နှစ်လုံးထီ ထိုးလေ့ရှိသူဖြစ်ပါတယ်။
၈၁ နှစ်အရွယ်ရှိတဲ့သူ့အဖိုးကတော့ ၀င်ငွေမရှိပေမယ့်လည်း သားသမီး မြေးမြစ်တွေ ပေးတဲ့ မုန့်ဖိုးထဲကနေ နေ့စဉ် နှစ်လုံးထီ ထိုးတယ်လို့ ဆိုပါတယ်။
အဘိုးဦးကျင်ထွေးက
“ တစ်ခါတစ်လေမှာ တော့ပေါက်ပါတယ်။ မပေါက်လဲ အပျော်သဘောပေါ့။ တွက်ရ ချက်ရတာ ၀ါသနာပါတယ်။ မွေးဂဏန်းအနေနဲ့ အိမ်နံပတ်ကို အပတ်စဉ်ထိုးတယ်။ တစ်ခါပေါက်ဖူးတယ်”
လို့ နှစ်လုံးထီ အတွေ့အကြုံကို ပြောပြတယ်။
တစ်ချို့အိမ်ထောင်ရှင်အမျိုးသမီးတွေက ဈေးဝယ်ထွက်လာရင်း သူများတွေပြောနေတဲ့ နှစ်လုံးထီဂဏန်းတွေကို ကြားပြီး ပါလာတဲ့ဈေးဖိုးငွေကို လောင်းကစားလုပ်လိုက်တာကြောင့် မပေါက်တဲ့အခါ စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေ့ကြရပါတယ်။
တစ်ချို့တွေက စားစရာမရှိပေမယ့် ပေါင်နှံချေးငှားပြီး နှစ်လုံးထီထိုးဖို့ အားထုတ်ကြတယ်လို့ သာကေတာ မြို့နယ်က ငွေအတိုးချသူတစ်ဦးက ပြောပါတယ်။
ငွေအတိုးချသူ မ၀င်းအိ (၂၈ နှစ်) က
“တစ်ချို့တွေက နှစ်လုံးထီထိုးဖို့ ငွေလာချေးကြတယ်။ မပေါက်တာတွေများတော့ ကြွေးပြန်မဆပ်နိုင်ဘူး။ သူတို့က ရှိသမျှငွေချေးတဲ့သူတွေဆီက လိုက်ချေးထားတာ။ တစ်ယောက်တည်းဆီက မဟုတ်ဘူး။ ပစ္စည်းရှိတဲ့သူကတော့ ပစ္စည်းတွေထိုးပေးလိုက်ရတာပေါ့။ မရှိတဲ့သူကတော့ အိမ်ပါရောင်းပြီး ပြောင်းပြေးတော့တာပဲ”
လို့ ပြောပါတယ်။
နှစ်လုံးထီထိုးသူကို ငွေချေးမိလိုက်တာကြောင့် သူမအနေနဲ့ ငွေကျပ် လေးသိန်းကျော်အထိ ဆုံးရှုံးခဲ့ဖူးတယ်လို့ဆိုပါတယ်။ ၀င်ငွေနည်းတဲ့ ကျပန်းအလုပ်သမားတွေကလည်း ကိုယ့်မှာရှိတဲ့ ငွေလေးကို အဆရှစ်ဆယ် ပွားမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ နှစ်လုံးထီကို ထိုးကြတယ်။ အစိုးရက တရားဝင်ဖွင့်ပေးထားတဲ့ ထီတွေက ပေါက်ဖို့အလှမ်းဝေးပြီး နှစ်လုံးထီကတော့ ပေါက်ဖို့နီးစပ်တယ်ဆိုတဲ့ အယူအဆနဲ့ထိုးကြတာပါ။
အလုပ်အကိုင်မရှိတဲ့ ရက်တွေမှာဆိုရင် နှစ်လုံးထီထွက်ပြီးသား စာရင်းတွေ၊ ချိုင်းလို့ခေါ်တဲ့ နှလုံးထီ ခန့်မှန်းစာရွက်တွေနဲ့ အလုပ်ရှုပ်နေတတ်ကြပါတယ်။ သာကေတမှာနေထိုင်တဲ့ ကျပန်းအလုပ်သမား တစ်ဦးဖြစ်သူ ဦးစိုးက
“ထွက်ပြီးသားဂဏန်းတွေကို ပြန်ကြည့်ပြီး ဖြစ်နိုင်ချေတွေကို တွက်တာပေါ့။ ပေါက်တဲ့အခါလည်း ပေါက်ပါတယ်။ လွဲတဲ့အခါလည်းလွဲတာပေါ့”
လို့ ပြောပြီး နှစ်လုံးထီထွက်ပြီးသား စာရွက်တွေနဲ့ တိုက်ဆိုင်တွက်ချက်ပြပါတယ်။
အနိမ့်အမြင့်မရှိတဲ့ ဘ၀၊ တသမတ်ထည်း အလုပ်လုပ်လိုက်၊ ရတဲ့ဝင်ငွေလေးနဲ့ စားလိုက် သုံးလိုက်နေရတဲ့ ဘ၀မျိုးမှာ ချဲထီဟာ ဘ၀ရေလှိုင်းရဲ့ အမြင့်ပိုင်းကို ဆွဲတင်သွားနိုင်မလားဆိုတဲ့ လူတွေရဲ့ မျှော်လင့်ချက်တခုလို ဖြစ်နေပါတယ်။
တသမတ်ထည်း သွားနေတဲ့ ဘ၀ထက် အနိမ့်အမြင့်ရှိတာ၊ စွန့်စားရတာကိုနှစ်သက်တာဟာ လူ့သဘာဝလို့ ဆိုခဲ့ရင် ချဲထီဟာ အဲလိုအနိမ့်အမြင့်တွေဆီ ခေါ်သွားနိုင်တဲ့ ယာဉ်တခုပါ။ အမြင့်ကို ခေါ်ဆောင်သွားတဲ့ အကြိမ်ထက် လှိုင်းရဲ့ အနိမ့်ပိုင်းကိုခေါ်ဆောင်သွားတဲ့ အရေအတွက်က များနေသလားဆိုတာကို ချဲထီထဲ စိတ်ပါလက်ပါ နစ်မြုပ်နေသူတွေ မစဉ်းစားနိုင်ကြတော့တာ တွေ့ရပါတယ်။
အမြဲတမ်း စင်ပေါ်က ဒိုင်များနဲ့ အစီအမံများ
တခါတလေမှာ ပေါက်တဲ့သူတွေများပြီး လျော်ရမယ့် ငွေပမာဏများတဲ့အခါ ဒိုင်တွေထွက်ပြေးကြပါတယ်။ နှစ်လုံးထီဟာ တရားမ၀င်လောင်းကစားဖြစ်နေလို့ ဘယ်ကိုမှတိုင်ကြားလို့ မရပါဘူး။ သည်လိုအခြေအနေမျိုးတွေမှာ နှစ်လုံးထီထိုးသားတွေက ဒိုင်ကိုရန်ရှာပြီး လူသတ်မှုတွေအထိတောင် ဖြစ်ခဲ့တာတွေ ရှိပါတယ်။
ကိုယ့်ဘ၀ရဲ့ လှိုင်းအမြင့်ကို ရောက်ပြီလို့ ထင်မှတ်ချိန်မှာ အဲဒီ အိပ်မက်ကို ဖျက်ဆီးတဲ့ ချဲဒိုင်ကို အညှိုးတကြီး ရန်ပြုကြတဲ့ အဖြစ်မျိုးပါ။ တစ်ချို့ဒိုင်တွေက ငွေပမာဏအများကြီး လျော်ရမယ့်အခြေအနေတွေမှာ ကိုယ်နဲ့ရင်းနှီးဆက်ဆံနေတဲ့ ရဲတွေကို အကူအညီတောင်းပြီး ရဲဖမ်းခံရတဲ့ ပုံစံ အယောင်ပြတတ်ကြပါတယ်။ အသက်အန္တရာယ်အထိဖြစ်နိုင်တဲ့ အခြေအနေတွေဆိုရင် ဒိုင်ကြီးတွေက ထောင်ထဲဝင်ပြီး ထောင်ထဲကနေ နှစ်လုံးထီအလုပ်ကို ရဲတွေရဲ့အကူအညီနဲ့ လုပ်ကိုင်တတ်ကြပါတယ်။
၂၀၀၉ ခုနှစ်အတွင်းက ဘိုကလေးမြို့မှာ လောင်းကစားဒိုင်ကြီး တစ်ဦး ငွေမလျော်နိုင်တာကြောင့် ထောင်ထဲဝင်သွားပါတယ်။ ဘိုကလေး-ဖျာပုံကားလမ်းပိုင်းမှာရှိတဲ့ ရဲဘက်စခန်းကိုရောက်အောင် ထောင်အာဏာပိုင်တွေကို ငွေပေးပြီး အဲသည့်ရဲဘက်စခန်းကနေ
နှစ်လုံးထီလောင်းကစား အလုပ်တွေကို စီမံခန့်ခွဲခဲ့ပါတယ်။ ရဲတွေကိုယ်တိုင်က နှစ်လုံးထီဒိုင်တွေဆီကနေ ပုံမှန်လိုင်းကြေးကောက်ပြီး ရပ်တည်နေကြတဲ့အတွက် ပုံမှန်အခြေအနေတွေမှာ ဥပဒေအရ အရေးယူမှုတွေ မလုပ်ကြပါဘူး။
ဒိုင်ရဲ့ငွေအလျော်အစား အနည်းအများကိုမူတည်ပြီး လိုင်းကြေးကလည်း အမျိုးမျိုးရှိပါတယ်။ ရပ်ကွက်ထဲမှာတစ်အိမ်တက်ဆင်း နှစ်လုံးထီလိုက်ရောင်းတဲ့ ကော်မရှင်စားတွေဆီကနေ တစ်ရက်ကို လိုင်းကြေးအဖြစ် ကျပ်ငါးရာ၊ တစ်ထောင်ကနေ ဒိုင်အဆင့်ဆင့်ပေါ် မူတည်ပြီး ငွေကျပ်သိန်းဂဏန်းအထိ တောင်းယူတတ်ကြပါတယ်။ လိုင်းကြေးမပေးတဲ့ဒိုင်တွေကိုတော့ ဖမ်းဆီးအရေးယူပါတယ်။ တခါတလေကျရင် ရဲက (သူကိုယ်တိုင်လည်း မထိုးထားဘဲနဲ့) ဒီတပတ် သူထိုးတဲ့ ဂဏန်းပေါက်တယ်၊ လျော်လိုက်ပါဆိုပြီး ဆုငွေ လာထုတ်တာမျိုးတွေ ရှိပါတယ်။
တစ်ခါတစ်ရံမှာ စီမံချက်အနေနဲ့ ခရိုင်အဆင့်၊ တိုင်းအဆင့်က ဆင်းဖမ်းမယ်ဆိုရင် လိုင်းကြေးပုံမှန်ပေးထားတဲ့ ဒိုင်တွေကို နယ်မြေခံရဲတွေက ကြိုတင်သတင်းပေးထားပြီး ရှောင်ခိုင်းထားပါတယ်။
ရဲကို လိုင်းကြေးပေးနေသရွေ့တော့ အိုကေပဲ။ သူတို့ရှိနေတာ ပိုတောင် လုံခြုံသေးတယ်”
လို့ မိုးကောင်းကင်လဖက်ရည်ဆိုင်ထဲက နှစ်လုံးထီ ဒိုင်တစ်ဦးကပြောပြတယ်။ သူဘေးနားက လိမ္မော်ရောင်ဆိုင်ကယ်ပေါ်မှာ အရပ်ဝတ်နဲ့ရဲနှစ်ယောက်ရှိပါတယ်။ ဒိုင်တွေကလည်းဆိုင်ထဲမှာပဲ ငွေတွေရေတွက်ပြီး အလျော်အစားစာရင်းဇယားတွေနဲ့ အေးအေးလူလူ တွက်ချက်နေကြပါတယ်။
သည်နေ့ မပေါက်တဲ့သူတွေကတော့ နောက်နေ့ဆိုတဲ့ မျှော်လင့်ချက်တွေရှိချင်လည်းရှိမှာပါ။ နှစ်လုံးထီကို စိတ်မကုန်မချင်း သူတို့ပိုင်ဆိုင်သမျှတွေကို နှစ်လုံးထီက တစတစနဲ့ ဖဲ့ခြွေသွားဦးမှာပါ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts