>Htain Linn’s article – 76

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၇၆)

မျိုးချစ်စာဆို အမျိုးသားပညာဝန် ဦးဖိုးကျား
ထိန်လင်း
စက်တင်ဘာ ၁၉၊ ၂၀၁၀

ကိုလိုနီပညာရေးစနစ်အတွင်း အချက်အလက် အသုံးအနှုန်းတွေ မှားယွင်းတဲ့ မြန်မာရာဇဝင်ကို စာသင်ကျောင်းတွေရဲ့ ကျောင်းသုံးစာအုပ်များမှာ ပြဋ္ဌာန်းခဲ့ပါတယ်။ မြန်မာစာကလွဲရင် ကျန်တဲ့ဘာသာရပ်တိုင်း အင်္ဂလိပ်လို သင်ရတဲ့အပြင်၊ မြန်မာစာကိုလည်း တတ်အောင်သင်ကြားတဲ့သဘော မဟုတ်ဘဲ အဖြစ်သဘော သင်ကြားခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ ကျွန်ပညာရေးလို့ ခေါ်ဆိုတဲ့ ပညာရေးစနစ်ရဲ့ ဥပမာတစ်ခု ဖြစ်မယ် ထင်ပါတယ်။

သမိုင်းဟာ ဘယ်တော့မှ ရပ်တန့်မနေဘူး ဆိုတဲ့အတိုင်း ကိုလိုနီပညာရေးစနစ်ကို တော်လှန်ပုန်ကန်မှုတွေ ပေါ်ခဲ့သလို အမျိုးသားပညာရေး စနစ်တွေလည်း မွေးဖွားနိုင်ခဲ့ပါတယ်။ အမျိုးသားပညာရေးစနစ် ပေါ်ပေါက်ဖို့ ကြိုးပမ်းတဲ့အချိန်မှာပဲ အင်္ဂလိပ်တွေ ရေးသားထားတဲ့ မြန်မာ့သမိုင်းနဲ့ ရာဇဝင် အမှားတွေကို ပြန်လည်ခြေပ ရေးသားသူတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီလို မျိုးချစ်စာဆိုတွေထဲမှာ အမျိုးသားပညာဝန် ဦးဖိုးကျား လည်း ပါဝင်ပါတယ်။

ဆရာမောင်ထင်က ‘သူတော်ကောင်း ကျား’ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ၁၉၇၂ ခုနှစ်အတွင်း စန္ဒာမဂ္ဂဇင်း မှာ ရေးသားခဲ့ပါတယ်။ ဆောင်းပါးရဲ့အစမှာ ကမ္ဘာပေါ်က ကျားအမျိုးအစားတွေကို ဖော်ပြပြီး လူတွေရဲ့ နာမည်မှာလည်း ‘ကျား’ ဆိုတဲ့ စကားလုံးကို သုံးလေ့ရှိပုံကို ရှင်းပြပါတယ်။ အဲဒီလို ကျားတွေများစွာထဲက သူဖော်ပြလိုတဲ့ ကျားကတော့ သူတော်ကောင်းကျား ဖြစ်ပုံကို အခုလိုအစချီရင်း အမျိုးသားပညာဝန် ဦးဖိုးကျားနဲ့ ပတ်သက်တဲ့ ဘဝပုံရိပ်များကို ဖော်ပြထားပါတယ်။

“ယခု ကျနော် ရည်ညွှန်းပြောဆိုနေသော ပုဂ္ဂိုလ်ကြီးသည် မည်ရွေ့မည်မျှ သူတော်ကောင်း တရားနှင့် ပြည့်စုံပါသနည်း ဟူသောအချက်ကို သူတော်ကောင်းမဟုတ်သော ကျနော်က အဆုံးအဖြတ်ပေးပါလျှင် စော်ကားရာ ကျပါလိမ့်မည်။ ထို့ကြောင့် သူ၏ အကျင့်သီလ စသည်တို့ကို ကျနော် ဉာဏ်မမီဘဲနှင့် မပြောလိုပါ။ သူ့ဘဝ သက်တမ်းတလျှောက်တွင် သူ့ကို လူတကာတို့က အကျင့်သီလ ချွတ်ယွင်းဖောက်ပြန်သည်ဟု မည်သူကမျှ အမနာပ ပြောဆိုခြင်းကို ကျနော် တရံတဆစ်မျှ မကြားဖူးပါ။ ထို့ကြောင့် သူတော်ကောင်းကျားဟု ခေါ်လျှင် လွဲမှားစရာ အကြောင်းမရှိဟု ထင်ပါသည်။ စင်စစ် ကျနော်ကိုယ်တိုင်ကလည်း သူ့ကို သူတော်ကောင်းဟု ယုံကြည်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူသည် စာအရေးအသား၌ တော်လည်းတော်၏၊ ကောင်းလည်း ကောင်း၏ ဖြစ်သောကြောင့်ပေတည်း”

ဒီလို ဆရာမောင်ထင် ဂုဏ်ပြုရေးသားခဲ့တဲ့ ဦးဖိုးကျားဟာ အပြောအဟောကောင်းသူ ဖြစ်သလို စာပေအရေးအသားလည်း ကောင်းမွန်သူ ဖြစ်ပါတယ်။ ဦးဖိုးကျား ကို မြန်မာသက္ကရာဇ် ၁၂၅၂ ခုနှစ် (ခရစ်နှစ် ၁၈၉၁ ခုနှစ်) တန်ခူးလဆန်း ၄ ရက်နေ့က ဟင်္သာတခရိုင် နိဗ္ဗာန်ရွာမှာ အဖ ဦးဖေ၊ အမိ ဒေါ်ဒေါင်းတို့က မွေးဖွားခဲ့ပါတယ်။ မွေးချင်း ၄ ယောက်မှာ တတိယမြောက် ဖြစ်ပြီး ငယ်ငယ်ကတည်းက ပညာရှာလိုစိတ်၊ စူးစမ်းလိုစိတ်တွေ ရှိခဲ့ကြောင်း သိရပါတယ်။ နိဗ္ဗာန်ရွာ၊ အသုတ်ရွာတို့က ဘုန်းတော်ကြီးကျောင်း၊ လောကဓာတ်ကျောင်းများမှာ ပညာသင်ယူခဲ့ပြီး ၅ တန်းအောင်မြင်ပြီးချိန်က စလို့ ကျောင်းသားငယ်တွေကို စာပြန်သင်ပေးရတဲ့ တပည့်ဆရာ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ပုသိမ်မြို့က အင်္ဂလိပ်ကျောင်းမှာ ၁ဝ တန်းအောင်တဲ့အထိ ဆက်လက် ပညာသင်ယူခဲ့ပါတယ်။

လောကဓာတ်ကျောင်းဆိုတာက အရပ်ခေါ် ဝေါဟာရဖြစ်ပြီး ရိုးရိုးဘုန်းကြီးကျောင်းတွေနဲ့ သင်ခန်းစာချင်း မတူတဲ့ကျောင်းတွေ ဖြစ်ပါတယ်။ အစဉ်အလာအရ ဘုန်းကြီးကျောင်းတွေမှာ သင်ပုန်းကြီး၊ နမက္ကရ၊ လောကနီတိ၊ မင်္ဂလသုတ် တို့ကို စတင်သင်ကြားပြီး အဲဒီနောက် (ပါဠိ)သဒ္ဒါ သင်္ဂြိုဟ်၊ ရှေးရိုး ဂဏန်းသင်္ချာ နဲ့ ဗေဒင်ပညာတို့ကို သင်ကြားရပါတယ်။ လောကဓာတ်ကျောင်းမှာတော့ မြန်မာစာအပြင် ခေတ်သစ်ဂဏန်းသင်္ချာ၊ ကျန်းမာရေးပညာ၊ ပထဝီဝင်၊ မြေတိုင်းပညာ၊ ရာဇဝင် စသဖြင့် သင်ကြားရပါတယ်။ ဒါက ကိုလိုနီအစိုးရရဲ့ အစီအမံနဲ့ ပေါ်ပေါက်ခဲ့တဲ့ လောကဓာတ်ကျောင်းရဲ့ စာသင်ကြားပုံဖြစ်ပါတယ်။

ဦးဖိုးကျား ဖြစ်လာမယ့် ကိုဖိုးကျားအနေနဲ့ အထက်တန်းပညာ သင်ယူရတဲ့အခါ မြန်မာစာပေထဲက အသုံးအနှုန်းတွေကို ဆရာတွေက ရှင်းလင်းအောင် မသင်ကြားနိုင်တာ၊ ရာဇဝင်စာအုပ်တွေထဲမှာလည်း မြန်မာဘုရင်တွေ ရိုင်းပျပုံ ရက်စက်ပုံ၊ မြန်မာတွေ အသိဉာဏ်နည်းပုံ စသဖြင့် ချိုးဖဲ့ရေးသားထားတာတွေကို တွေ့ခဲ့ရပါတယ်။ ဒီတော့ စိတ်ထဲက မကျေမချမ်း ဖြစ်မိသလို မြန်မာစာ မြန်မာမှုကို စေ့စေ့စပ်စပ် နားလည်ချင်တဲ့စိတ်၊ မြန်မာ့ယဉ်ကျေးမှုကို ဖော်ထုတ်ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်ခဲ့သလို မြန်မာတွေအပေါ် ချိုးချိုးဖဲ့ဖဲ့ ရေးသားမှုတွေကို ချေပချင်စိတ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီစိတ်တွေရဲ့အင်အားက ဟင်္သာတမြို့နဲ့ ၁၃ မိုင်လောက် ဝေးတဲ့ နိဗ္ဗာန်ရွာက ကျောင်းသားလေးတစ်ယောက်ကို အမျိုးသားပညာဝန်အဖြစ် တာဝန်ယူနိုင်တဲ့ထိ တွန်းပို့ခဲ့တာလို့ ဆိုနိုင်ပါတယ်။

မိဘစရိတ်နဲ့ ကျောင်းတက်ကြတဲ့ ကျောင်းသားတွေကြားမှာ ကိုဖိုးကျားက ကိုယ့်စရိတ် ကိုယ်ရှာပြီး ကျောင်းတက်ရသူဖြစ်ပါတယ်။ ပညာလိုချင်တဲ့စိတ်ကြောင့် ရှေ့ပိုင်းမှာ ကျောင်းသားတပိုင်း ဆရာတပိုင်း ဖြစ်ခဲ့သလို နောက်ပိုင်းမှာလည်း အလုပ်လုပ်ရင်း ကျောင်းတက်တဲ့အပြင် ကျောင်းပိတ်ရက်မှာတောင် ပွဲစား အကူ၊ သွားစိုက်ဆရာ အကူ၊ ဆန်စက်စာရေး စသဖြင့် အလုပ်မျိုးစုံ ဝင်ရောက်လုပ်ကိုင်ရင်း ပညာရှာခဲ့ပါတယ်။ ဒါကြောင့် သူ ၁ဝ တန်းအောင်တဲ့အခါ အသက် ၂၇ နှစ် ရှိပြီဖြစ်ပါတယ်။

ဂျပ်ဆင်ကောလိပ်ကို ကိုဖိုးကျား တက်ရောက်တဲ့အခါ သူဟာ ကျောင်းသားတွေကြားမှာ ထူးခြားထင်ပေါ်သူ ဖြစ်နေပါတယ်။ ဒါက တခြားကျောင်းသားတွေထက် အသက်ပိုကြီးတဲ့အချက်ကြောင့်သာ မဟုတ်ဘဲ ကိုဖိုးကျားရဲ့ အဆင်အပြင်ကြောင့် ဖြစ်ပါတယ်။ ဘိုဆံတောက်နဲ့ ကျောင်းသားတွေကြားမှာ ကိုဖိုးကျားက သျှောင်ထုံးနဲ့ ခေါင်းပေါင်းနဲ့ ဖြစ်ပါတယ်။ ဒီလို ကွဲပြားပေမယ့် သူ ၁ဝ တန်းအောင်လာတဲ့ စကောကရင် ကျောင်းက အသိတွေ ပါလာသလို၊ ကိုဖိုးကျားကိုယ်တိုင်က ဖော်ရွေသူဖြစ်တဲ့အတွက် ခင်မင်သူများခဲ့ပါတယ်။
ကောလိပ်ကျောင်းမှာ ကိုဖိုးကျား ဘဝင်မကျ ဖြစ်ရတာက မြန်မာစာ သင်ကြားပုံဖြစ်ပါတယ်။ ဦးပုည မေတ္တာစာ၊ ဦးသြဘာသရဲ့ ဝေသန္တရာဇာတ်တော်ကြီး အစရှိတဲ့ စာကောင်းပေမွန်တွေကို ပြဋ္ဌာန်းထားပေမယ့် အဲဒီစာတွေကို စာမေးပွဲမှာ မမေးဘဲ စာစီစာကုံးလောက်ပဲ ရေးခိုင်းတဲ့အတွက် စာစီစာကုံးအတွက် အထောက်အကူ ပြုရုံပဲ ပြဋ္ဌာန်းထားတဲ့သဘော ဖြစ်ပါတယ်။ မြန်မာစာဖြေတဲ့သူတွေကို အကုန်အအောင်ပေးတဲ့အတွက် စာစီစာကုံး မရေးနိုင်ရင်လည်း ပူစရာ မရှိတဲ့အပြင်၊ မြန်မာစာစီစာကုံးဘာသာ အစား တခြားဘာသာတွေကို ပြောင်းပြီး ယူနိုင်ပါသေးတယ်။ ဒီလို ဖြစ်နေတဲ့အတွက် ဘဝင်မကျ ဖြစ်ရတဲ့ ကိုဖိုးကျားဟာ သူ့ထက် တစ်တန်းကြီးတဲ့ ကိုမြင့်၊ ကိုဖိုးလတ်တို့နဲ့ သိကျွမ်းလာပါတယ်။ ကိုမြင့်တို့ ကိုဖိုးလတ်တို့ကလည်း ကိုဖိုးကျားလို သျှောင်နဲ့ဖြစ်ပြီး မြန်မာစာ လိုက်စားသူတွေ ဖြစ်ပါတယ်။ သူတို့ကတဆင့် ဆရာလွန်း၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ ရာဇဝင်ဆရာ ဆရာစော တို့နဲ့ သိကျွမ်းလာခဲ့ပါတယ်။
ဒီလို အခြေခံစိတ် နဲ့ ပတ်ဝန်းကျင်တွေကြောင့် ယူနီဘာစီတီ အက်ဥပဒေကို သပိတ်မှောက်တဲ့ ပထမ ကျောင်းသားသပိတ်မှာ ဂျပ်ဆင်ကောလိပ်က သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ကိုဖိုးကျား ဖြစ်လာခဲ့တာပါ။

သပိတ်မှောက်ကျောင်းသား ကိုဖိုးကျား နဲ့ ဦးဖိုးကျားရဲ့ စာပေဘဝ ရုပ်ပုံလွှာတချို့ကို ရှေ့တပတ်မှာ ဆက်လက်တင်ပြမှာဖြစ်ပါတယ်။

မြန်မာပြည်သူများ အေးချမ်းတဲ့ အရိပ်အောက်မှာ နေထိုင်ခွင့် ရရှိပါစေ။
ကျေးဇူးတင်ပါတယ်။

ထိန်လင်း (၁၅၊ ၂၊ ၂ဝ၁ဝ)

(နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ၂၀၁၀၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ထုတ်လွှင့်ချက်အား ပြန်လည် ဖော်ပြပါသည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts