>Htain Linn – Burmese Politics and Literature 57

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၅၇)
စာပေအလင်းရောင် ပေးခဲ့သည့် နဂါးနီစာအုပ်အသင်း
ထိန်လင်း
      စာပေဆိုတာ ခေတ်ရဲ့ပုံရိပ်တွေ ထင်ဟပ်စေသလို ခေတ်ကို ပြုပြင်တာ၊ ခေတ်ကို ရှေ့ဆောင်တာတွေပါ လုပ်နိုင်စွမ်းရှိတဲ့အရာလည်း ဖြစ်ပါတယ်။ အဲဒီလိုစာပေတွေကို ခေတ်တိုင်းမှာ တွေ့နိုင်သလို စာပေဆိုတာ မပျောက်သရွေ့ နောင်အနာဂတ်မှာလည်း ဆက်လက်ပေါ်ပေါက်နေမှာ ဖြစ်ပါတယ်။ အခုတပတ်မှာတော့ မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲအတွင်း အထင်ရှားဆုံး စာအုပ်အသင်းတစ်ခုဖြစ်တဲ့ နဂါးနီစာအုပ်အသင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တင်ပြသွားမှာဖြစ်ပါတယ်။

      နဂါးနီစာအုပ်အသင်းကို ၁၉၃၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ နောင်အခါ လွတ်လပ်ရေးခေတ် ဝန်ကြီးချုပ်ဦးနု ဖြစ်လာမယ့် ကိုနုက စတင်တည်ထောင်ခဲ့ပြီး ကိုထွန်းအေး၊ ကိုဗဟိန်း၊ ကိုလှဖေ၊ ကိုသိန်းဖေ စတဲ့ ခေတ်ပညာတတ် လူငယ်တွေ ပါဝင်ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ နောင်အခါ ဒီလူငယ်တွေအများစုက ဒို့ဗမာအစည်းအရုံးဝင် သခင်တွေ ဖြစ်လာခဲ့ပါတယ်။ သခင်စိုး၊ သခင်သန်းထွန်းတို့ဟာလည်း နဂါးနီစာအုပ်အသင်း စတင်ထူထောင်သူတွေ ဖြစ်တယ်လို့ ဆရာဒဂုန်တာရာရဲ့ ‘ရုပ်ပုံလွှာ’ စာအုပ်မှာ တွေ့ရပါတယ်။ အခု ဗိုလ်ချုပ်ဈေး၊ ဗိုလ်ချုပ်အောင်ဆန်းဈေး လို့ခေါ်တဲ့ စကော့ဈေး အနောက်ဘက်တန်းက ဈေးသက်သာတဲ့အခန်းတစ်ခုကို ငှားပြီး နဂါးနီစာအုပ်တိုက် ဖွင့်လှစ်ခဲ့တဲ့အကြောင်း၊ အဲဒီစာအုပ်တိုက်ဟာ နိုင်ငံရေးကိုရော တခြားအရေးတွေကိုရော ခြေဦးတည့်ရာ လျှောက်ပြောနေတဲ့ နိုင်ငံရေးသမားတွေ ကျောင်းသားတွေ စာအုပ်ဝယ်သူတွေနဲ့ နေ့စဉ်နေ့တိုင်း တရုန်းရုန်း ရှိခဲ့တယ်လို့ ဦးနုက ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်တဲ့ ‘တာတေစနေသား’ စာအုပ်မှာ ရေးသားခဲ့ပါတယ်။
      နဂါးနီစာအုပ်တိုက်က ပထမဆုံး ထုတ်ဝေတဲ့ စာအုပ်က တက်ဘုန်းကြီး သိန်းဖေ (နောင်သိန်းဖေမြင့်) ရဲ့ ‘သူပုန်ဆရာကြီး ဦးလွန်း’ (သခင်ကိုယ်တော်မှိုင်း) အတ္ထုပ္ပတ္တိ ဖြစ်ပြီး မြို့မဆရာဟိန်က တည်းဖြတ်ခဲ့တဲ့အပြင် ဒီးဒုတ်ဦးဘချိုနဲ့ မြို့မဆရာဟိန်တို့ရဲ့ ဖြည့်စွက်ရေးသားချက်တွေလည်း ပါရှိခဲ့ပါတယ်။ ဒုတိယစာအုပ်ကတော့ ဖေဘီယန် ဦးဘခိုင်ရဲ့ ‘မြန်မာပြည် နိုင်ငံရေးရာဇဝင်’ စာအုပ်ဖြစ်ပါတယ်။
      အဲဒီနောက်မှာတော့ လူထုနိုးကြားရေး စာအုပ်စာတမ်းတွေ တရစပ် ထုတ်ဝေခဲ့ပါတယ်။ ဂျိုဆေရီဇော်၊ ဆိုရှယ်လစ်ဝါဒ၊ ပြည်သူ့အာဏာနှင့် ပြင်သစ်အရေးတော်ပုံ၊ ဗမာ့အရေး၊ လူမွဲတို့၏ ထွက်ရပ်လမ်း၊ လူပေါ်လူဇော်၊ ကမBာ့သေမင်း၊ ကျွန်ုပ်နှင့် မိုက်ကယ်ကောလင်း၊ ဂျပန်သူလျှို၊ ပန်းသာမစာဥ၊ လီနင်၊ လူ၊ လင်ကွန်း၊ ဂန္ဓာလရာဇ်၊ ဇနီးမောင်နှံ ရာသက်ပန်၊ ပဲရစ်အရေးတော်ပုံ၊ အိုင်းရစ်အရေးတော်ပုံ၊ အိုင်းရစ်အာဇာနည်၊ ဟိုအရေးသည်အရေး၊ ကမ္ဘာစစ်နှင့်ဗမာ စသဖြင့် နိုင်ငံတကာစာပေ၊ နိုင်ငံတကာ အရေးတော်ပုံတွေနဲ့ မိတ်ဆက်ပေးသလို နိုးကြားတဲ့အသိအမြင်တွေ ပေါ်ထွက်လာအောင်လည်း စွမ်းဆောင်ခဲ့ပါတယ်။
      နဂါးနီစာအုပ်အသင်းရဲ့ ရည်ရွယ်ချက်တွေက နယ်ချဲ့စနစ်ကို တိုက်ခိုက်ရာတွင်
      (၁) ဝါဒစစ် ဝါဒမှန်ကို သဘောပေါက်ပြီး စနစ်ကျစေရန်အတွက် အစီအစဉ်ရှိစေရန်၊
      (၂) လက်ရွေးစင် နိုင်ငံရေး ဗိုလ်မှူး စစ်ကဲများ ပေါ်ပေါက်စေရန်၊
      (၃) နယ်ချဲ့စနစ်ကို အခြားတဖက်မှ တိုက်နေသူတို့၏ ခြေလှမ်းအင်အား စသည်တို့ကို ချင့်နိုင်ရန်
      ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။ စာအုပ်အသင်းနဲ့အတူ အသင်းအတွက် ဝါဒဖြန့်သီချင်းဖြစ်တဲ့ ‘နဂါးနီ’သီချင်းလည်း ပေါ်ထွက်ခဲ့ပါတယ်။
      နဂါးနီစာအုပ်တိုက်ဟာ အင်္ဂလန်က လက်ဝဲစာအုပ်အသင်းတစ်ခုကို အတုယူပြီး တည်ထောင်ခဲ့တာ ဖြစ်သလို လက်ဝဲတော်လှန်ရေးများအကြောင်းနဲ့ လက်ဝဲဝါဒကို မြန်မာစာဖတ်ပရိသတ်အကြား ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ကိုလိုနီအုပ်စိုးမှုအောက်က ပြည်သူလူထုကို လွတ်လပ်ရေးအလင်းရောင်၊ တော်လှန်ရေးသဘောတရားတွေ ဖြန့်ဝေနိုင်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ဟာလည်း နဂါးနီစာစောင်မှာ ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။ ဦးသန့်ရဲ့ ‘လက်ဝဲဂိုဏ်းများ၏ ဝါဒ’ဆိုတဲ့ဆောင်းပါးမှာ လက်ဝဲဝါဒနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို မြန်မာ့အရေး ကမBာ့အရေးတွေနဲ့ ယှဉ်တွဲရေးသားခဲ့ပါတယ်။ ဆောင်းပါးရဲ့ အဆုံးသတ်မှာတော့ “မြန်မာလူမျိုးမှန်သမျှ တစ်ယောက်မကျန် နှောင်ကြိုးမှ လွတ်ကင်းခြင်းဟူသော လွတ်လပ်ရေးကို ပထမ ရရှိအောင် ကြံဆောင်ပြီးမှသာလျှင် အလိုရှိသောလမ်း၊ အလိုရှိသော အစာတို့ကို စားသုံးနိုင်ကြရန် ကြိုးစားအပ်ကြပေသတည်း။” လို့ ရေးသားခဲ့ပါတယ်။ ဒီနမူနာကို ကြည့်ရင် နဂါးနီရဲ့ ဦးတည်ချက်နဲ့ အကျိုးသက်ရောက်မှု ဘယ်လိုရှိမယ်ဆိုတာကို မှန်းဆနိုင်ပါတယ်။
      အဲဒီအချိန်တုန်းက ခေတ်ပညာတတ် မျိုးချစ်လူငယ်တွေဟာ နဂါးနီတိုက်ထုတ် စာအုပ်တွေကို သဲသဲမဲမဲ ဖတ်ရှုခဲ့ကြပါတယ်။ နဂါးနီစာအုပ်အသင်းဝင်ပေါင်း ထောင်ချီရှိပြီး အသင်းဝင်ရော၊ အသင်းဝင်မဟုတ်သူတွေကပါ ထွက်သမျှစာအုပ်ကို ပြိုက်ခနဲ ကုန်အောင် ဝယ်ယူဖတ်ရှုခဲ့ကြပါတယ်။ ဥပမာအားဖြင့် နောင် ‘မိတ္တဗလဋီကာ’လို့ အမည်ပြောင်း ထုတ်ဝေတဲ့ ဦးနုရဲ့ ‘လူပေါ်လူဇော်’ စာအုပ်ကို ၁၉၃၈ ခုနှစ် စက်တင်ဘာလမှာ ပထမအကြိမ် ထုတ်ဝေတဲ့အခါ အုပ်ရေ ၃ဝဝဝ ပြိုက်ခနဲ ကုန်သွားလို့ နိုဝင်ဘာလမှာ ဒုတိယအကြိမ်အဖြစ် အုပ်ရေ ၅ဝဝဝ ထပ်မံ ထုတ်ဝေခဲ့ရပါတယ်။
      နဂါးနီစာအုပ်အသင်းဟာ လစဉ်စာအုပ်တွေ ထုတ်ဝေရာက ၂ လ တစ်ကြိမ်၊ ၃ လ တစ်ကြိမ် အထူးထုတ်စာအုပ်တွေ ထုတ်ဝေခဲ့ပြီး နောက်ပိုင်းမှာ စနေနဂါးနီဂျာနယ်ကိုလည်း အပတ်စဉ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီလို အရှိန်ကောင်းနေတဲ့ နဂါးနီစာအုပ်အသင်းဟာ နေ့စဉ်သတင်းစာတစ်စောင် ထုတ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယကမ္ဘာစစ်မီး မြန်မာပြည်ကို တဖြည်းဖြည်းကူးစက်လာတဲ့အချိန် ၁၉၄၁ ခုနှစ်အတွင်းမှာ သခင်နု အပါအဝင် နဂါးနီစာအုပ်အသင်းကို ဦးဆောင်လုပ်ကိုင်နေတဲ့ သခင်လူငယ်တွေဟာ အာဏာဖီဆန်မှု၊ အစိုးရ အာဏာပိုင်တွေရဲ့ စစ်ဘက်ဆိုင်ရာ လုပ်ငန်းတွေကို နှောင့်ယှက်ဖျက်ဆီးမှု စတဲ့ စွဲဆိုချက်တွေနဲ့ ဖမ်းဆီးထောင်ချခြင်း ခံခဲ့ကြရပါတယ်။ ဒါကြောင့် နေ့စဉ်သတင်းစာ မထွက်လာသလို နဂါးနီစာအုပ်အသင်းရဲ့ ထုတ်ဝေရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပါတယ်။
      တကယ်တော့ နဂါးနီစာအုပ်အသင်းရဲ့ သက်တမ်းက ၄ နှစ်လောက်သာ ကြာခဲ့ပါတယ်။ ဒါပေမယ့်လည်း ၄ နှစ်အတွင်း စာအုပ်စာတမ်း ၆ဝ ကျော် ထုတ်နိုင်ခဲ့သလို တိုးတက်တဲ့ အသိအမြင်၊ တော်လှန်ရေးစိတ် လွတ်မြောက်ရေးစိတ်တွေကို မျိုးစေ့ချပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် နဂါးနီအသင်း ပေါ်ပေါက်တဲ့အချိန်ကာလ ပတ်ဝန်းကျင်က မြန်မာပြည်မှာ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားရေးကြိုးပမ်းမှုတွေ အရှိန်အဟုန် ပြင်းထန်တဲ့ကာလ၊ တော်လှန်ရေးစိတ်ဓာတ် တက်ºကွတဲ့ ကာလဖြစ်ပါတယ်။ ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်က စပြီး နောက်ပိုင်းမှာ ၁၃ဝဝ ပြည့် အရေးတော်ပုံကြီး ပေါ်ပေါက်လာချိန်အထိ နိုင်ငံရေးလှုပ်ရှားမှု ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ပါတယ်။ ကိုလိုနီခေတ်မှာ အကြီးမားဆုံး လူထုတော်လှန်ရေးဖြစ်တဲ့ ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးကို အောင်အောင်မြင်မြင် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ခဲ့တာကလည်း တို့ဗမာအစည်းအရုံးနဲ့ နဂါးနီရဲ့ ကျေးဇူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
      နဂါးနီစာအုပ်တွေဟာ စာဖတ်သူတွေကိုသာ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေတာမဟုတ်ဘဲ တခြားသော အကျိုးတရားတွေလည်း လူထုအကြား ရရှိစေပါတယ်။ အဲဒါကတော့ နဂါးနီတိုက်ထုတ် နိုးကြားရေး စာအုပ်စာတမ်းတွေကို ကိုင်ပြီး နိုင်ငံရေးသင်တန်း ပို့ချခဲ့တာတွေ ဖြစ်ပါတယ်။ ဒါကြောင့် စာအုပ် မဖတ်လိုက်ရတဲ့သူတွေက စာအုပ်ရဲ့ရည်ရွယ်ချက်ကို နိုင်ငံရေးသင်တန်းက တဆင့် ရရှိနိုင်ပါတယ်။ ဒီလို သွယ်ဝိုက်သောအားဖြင့် သက်ရောက်မှုက မြန်မာလူထုကြားမှာ ‘နဂါးနီတန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမည်’ ဆိုတဲ့ သီချင်းစာသားအတိုင်း အကျိုးရှိခဲ့ပါတယ်။
      အခုဆိုရင် နဂါးနီစာအုပ်အသင်း ပျောက်ကွယ်ခဲ့တာ နှစ်ပေါင်း ၇ဝ ပြည့်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နဂါးနီတိုက်ထုတ် စာအုပ်စာတမ်းတွေဟာ ဒီကနေ့ထိ သြဇာသက်ရောက်မှု ရှိနေဆဲ ဖြစ်သလို၊ ‘နဂါးနီ’သီချင်းကို နားဆင်တဲ့အခါတိုင်း ဇာတိမာန်တက်ကြွစေတုန်း ဖြစ်ပါတယ်။ ။ 
ထိန်လင်း (၇၊ ၁ဝ၊ ၂ဝဝ၉) 
      ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ၉ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts