>Win Paw Maung – Correcting YMB Thakhin Tin
>
ဆရာတို့သို့ မေတ္တာစာ
(၀ိုင်အမ်ဘီ သခင်တင်နှင့် ပတ်သက်တဲ့ ကွဲလွဲချက်ကလေးများ)
ဝင်းပေါ်မောင်
ဒီဇင်ဘာ ၂၇၊ ၂၀၀၉
          ၂၀၀၉ ဒီဇင်ဘာ ၂၀ ရက်နေ့က စင်ကာပူမှာ ပထမအကြိမ် ကျင်းပတဲ့ စာပေဟောပြောပွဲ အသံဖိုင်များကို မိုးမခ ကောင်းမှုကြောင့် နားထောင်လိုက်ရပါတယ်။ ဟောပြောသူ ဆရာများ ဖြစ်ကြတဲ့ နေ၀င်းမြင့်, ဂျူး, ချစ်ဦးညို တို့ရဲ့ စေတနာ, ပညာ, အာဝဇ္ဇန်းတို့ကို အားပါးတရ နားဆင်လိုက်ရပါတယ်။ ဟောပြောချက်များက ကောင်းမွန်ပြီးသား ဖြစ်တာမို့ အထူး ညွှန်းဆိုနေဖို့ လိုမယ် မထင်ပါ။
          သို့သော်… လက်ဖက်ကောင်းလေး မြုံ့နေမိတုန်း ပဲကြော်ထဲက ခဲခုမိသလို ဖြစ်သွားရတဲ့ ကိစ္စလေးကိုတော့ မေတ္တာရှေ့ထား၍ ပြောချင်နေမိပါတယ်။ ဒီကိစ္စက အရေးမကြီးဘူး ဆိုရင်လည်း ရနိုင်ပါတယ်။ ဒါပေမယ့် သမိုင်းနဲ့ ဆိုင်တဲ့ အချက်တခု ဖြစ်နေတာကြောင့် ပြောသင့်တယ်လို့လည်း ထင်ပါတယ်။ နားထောင်ရတဲ့ လူငယ်တွေအဖို့ အမှတ်မှား အထင်မှား ဖြစ်သွားရင် ဟောရသူ ဆရာတို့ အနေနဲ့လည်း ပြောစရာ ဖြစ်ကျန်ရစ်ခဲ့မှာ စိုးရိမ်ရပါတယ်။
          ဆရာ ချစ်ဦးညိုက “အနုပညာဖန်တီးသူနဲ့ အနုပညာခံစားသူ” အကြောင်း ဟောပြောရာမှာ –အနုပညာရှင်တွေဟာ ခေတ်က တောင်းဆိုလာရင် လိုအပ်သလို ပြောင်းလဲ ဖန်တီးနိုင်စွမ်းရှိတယ် — လို့ ပြောဆိုရင်း ဥပမာအဖြစ် ၀ိုင်အမ်ဘီ သခင်တင် အကြောင်းကို ပြောပါတယ်။
          ဆရာတင် (သခင်တင်)ဟာ တချိန်က “အုံ့ပုန်းချစ်”လို အနုအရွ သမုဒယ သီချင်းတွေ ရေးခဲ့ပေမယ့်၊ တိုင်းပြည်နဲ့ လူမျိုးအတွက် လိုအပ်လာတော့ “တို့ဗမာ” သီချင်းလို အမျိုးသားရေး သီချင်းကို ရေးခဲ့တယ်လို့ ဆိုပါတယ်။ ဟုတ်ပါတယ်။ ဒါဟာ သခင်တင်ရဲ့ ဘ၀နဲ့ အနုပညာ ဖြတ်သန်းမှု အချိုးအကွေ့ပါပဲ။ ဒီနေရာမှာ ဆရာ ချစ်ဦးညိုက အုံ့ပုန်းချစ်သီချင်း ဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းကို ပြောပြပါတယ်။
          ဂျပန်ခေတ် အတွင်းက စစ်ကိုင်းဖက်ကမ်း ဧရာဝတီမြစ်ဆိပ်မှာ ရေချိုးမယ်လုပ်တုန်း လေယာဉ်တွေ ဗုံးလာကြဲလို့ ပြေးကြလွှာကြရင်း မိန်းမပျိုကလေး တယောက်နဲ့ အမှတ်မထင် တွေ့မိခဲ့တဲ့ အဖြစ်အပျက်ကြောင့် အသည်းထောင့်မှာ အချစ်ညှောင့်ကလေး စူးခဲ့ရတာကို ရေးဖွဲ့ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
          ဒီစကားမှာ ဂျပန်ခေတ်လို့ ပြောတာကြောင့် ၁၉၄၂-၄၅ ကာလလို့ ယူဆရမှာ ဖြစ်ပါတယ်။ သခင်တင် တို့ဗမာသီချင်းကို ရေးတာ ဆိုတာက ၁၉၃၀ ပါ။ ဒါဆို တို့ဗမာ သီချင်းက အရင် အုံ့ပုန်းချစ်က နောက် ဖြစ်သွားပါတယ်။ ဆရာပြောတဲ့ ဒီဇာတ်လမ်းကို အတည်ယူရင် သခင်တင်ရဲ့ ဘ၀ဖြစ်စဉ်နဲ့ ပြောလိုရင်း သဘောကို ပြန်ပြင်ရပါလိမ့်မယ်။ ဒါပေမယ့် ဆရာချစ် ပြောတဲ့စကားထဲမှာ အုံ့ပုန်းချစ်က အရင် ရေးတဲ့သဘော ပါနေပါတယ်။
          အမှန်ကလည်း အုံ့ပုန်းချစ်က အရင်ရေးတာပါ။ ၁၉၁၈ ကနေ ၁၉၂၇ ကြားမှာ ရေးတယ်လို့ အကြမ်းပဲ ပြောနိုင်ပါတယ်။ ခုနှစ် အတိအကျ မသိပါ။ ဒီကာလတွေအတွင်း ၀ိုင်အမ်ဘီ ဆရာတင် ဆိုတဲ့အမည်နဲ့ အချစ်သီချင်း, အငြိမ့်သီချင်း, ရုပ်ရှင်သီချင်းတွေ အများအပြား ရေးခဲ့တယ်လို့ သူ့ခေတ်ကို မီလိုက်သူတွေက ပြန်ရေးထားကြပါတယ်။ ဆရာပြောတဲ့ ဇာတ်လမ်းကိုတော့ အခုမှ ကြားနာမှတ်သားရတာပါ။ ဇာတ်လမ်းကတော့ အတော့်ကို လှပါတယ်။ သို့သော် ခေတ်ကာလက ပြောင်းပြန်ကြီး ဖြစ်နေတာကြောင့် ရင်ထဲမှာ ဘ၀င်မကျပါ။ ဒီဇာတ်လမ်း မပါဘဲနဲ့လည်း အုံ့ပုန်းချစ်က လှနေပြီးသားပါ။
          ဆရာတင်ဟာ အုံ့ပုန်းချစ်, ရွှေနွယ်ရိုး, မယ့်ဖူးစာ, ပါးချိုင့်ကလေး စတဲ့ အချစ်သီချင်းတွေ ရေးခဲ့တာပါ။ အခြေအနေအရ ဒီလိုသီချင်းတွေ ရေးခဲ့ပေမယ့် နိုင်ငံ့အရေး ကြုံလာတော့ အလွန်အင်အားဖြစ်စေတဲ့ တို့ဗမာ, သခင်သီချင်း, မိုးကိုဒူးနဲ့တိုက်, ဦးအောင်ဇေယျ စတဲ့ အမျိုးသားရေး တေးသီချင်းတွေ ရေးသူ ဖြစ်လာခဲ့တာပါ။
          သခင်တင် အကြောင်းကိုပဲ အမေရိကန် အယ်အေမှာလုပ်တဲ့ စာပေဟောပြောပွဲမှာ ဂီတပညာရှင်ကြီး ဒေါ်မာမာအေးက ထည့်သွင်း ဟောပြောခဲ့ပါသေးတယ်။ “အမျိုးသားရေး တေးဂီတ” ဆိုတဲ့ ခေါင်းစဉ်နဲ့ တို့ဗမာသီချင်းကနေ နိုင်ငံတော်သီချင်း ဖြစ်ပေါ်လာပုံကို ပြောပြ ဆိုပြတာ အလွန်ကောင်းပါတယ်။ ဆရာချစ်နဲ့ အန်တီအေးနဲ့ ဟောပြောချက်ချင်း တိုက်တိုက်ဆိုင်ဆိုင် တူနေတာကိုလည်း သတိထားမိပါတယ်။ ဘိုကလေးတင့်အောင်, ရွှေကူမေနှင်းတို့လည်း ဟိုတချိန်က ဒီအကြောင်းတွေ ပြောခဲ့ဆိုခဲ့ကြတာ မှတ်မိပါသေးတယ်။
          ဒါပေမယ့် အန်တီအေးက နိုင်ငံတော်သီချင်း ရေးဖို့လုပ်တဲ့ အချိန်မှာတော့ ၀ိုင်အမ်ဘီသခင်တင် မရှိတော့ဘူးလို့ ပြောလိုက်ပါတယ်။ ဒီအချက်ကလေးကိုတော့ မဟုတ်ပါဘူးလို့ ထောက်ပြပါရစေ။ သခင်တင်ဟာ ၁၉၅၀ သြဂုတ်လ ၈ ရက်နေ့ကျမှ ရန်ကုန်ဆေးရုံကြီးမှာ တီဘီရောဂါနဲ့ ကွယ်လွန်သွားတာပါ။
          ဆရာဟာ သက်ရှိထင်ရှားရှိနေပေမယ့်, သူ့သီချင်းကို နိုင်ငံတော်သီချင်းလုပ်ပေမယ့် အဲဒီအလုပ်ထဲ သူမပါခဲ့တာ ဟုတ်ပါတယ်။ ၁၉၄၇ မှာ ဆရာဟာ မြင်းခြံမြို့မှာ ရောက်ရှိနေပါတယ်။ နိုင်ငံတော်သီချင်းကိစ္စကို အာဇာနည် ဒီးဒုတ်ဦးဘချို ဦးဆောင်တဲ့ ဖွဲ့စည်းပြီးကာစ “မြန်မာနိုင်ငံတော် တူရိယာဂီတ အဖွဲ့ချုပ်ကြီး”ကို တိုင်းပြည်ပြုလွှတ်တော်က တာဝန်ပေးခဲ့တာမို့ အဲဒီအဖွဲ့မှာပါတဲ့ ဆရာ ရန်နိုင်စိန်တို့ စောင်းဦးဘသန်း တို့က အဓိက ဆောင်ရွက်ခဲ့ကြတာပါ။
          သခင်တင်ကို ၁၈၉၃ (မြန်မာနှစ် ၁၂၅၅ တပို့တွဲလဆန်း ၇) မှာ မန္တလေးမြို့ ရွှေဘုန်းရှိန် မင်းသားစုရပ်မှာ အဘ ဦးရန်အောင်, အမိ ဒေါ်သိန်း တို့မှ ဖွားမြင်ပါတယ်။ ဘီတီအင် ခေါ် ဗုဒ္ဓသာသနာ့နုဂ္ဂဟကျောင်းနဲ့ ကယ်လီကျောင်းတို့မှာ ပညာသင်ပြီး ၁၉၀၉ မှာ ဆယ်တန်းအောင်ပါတယ်။ အမ်ဘီတီကျောင်းမှာ သုံးနှစ်ခန့် ဆရာ ၀င်လုပ်ပါတယ်။
          ၁၉၁၄ လောက်ကစပြီး သီချင်းတွေ စတင် စမ်းသပ်ရေးပါတယ်။ ၁၉၁၈ မှာ ၀ိုင်အမ်ဘီ ခေါ် ဗုဒ္ဓဘာသာလူငယ်များ အလွတ်ပညာသင်ကျောင်းကို တည်ထောင်ပါတယ်။ အဲဒီအချိန်လောက်မှာပဲ သူ့ရဲ့ “အာကာသစိုး” သီချင်းကို မြခြေကျင်း မငွေမြိုင် သီဆိုရာက စတင် နာမည်ကျော်လာပါတယ်။ သူထောင်တဲ့ ကျောင်းကို အစွဲပြုလို့ ၀ိုင်အမ်ဘီဆရာတင်လို့ အမည်တွင်ပါတယ်။ ၁၉၂၅ နောက်ပိုင်းမှာ ရန်ကုန်နဲ့ မန္တလေး သွားချည်ပြန်ချည်လုပ်ကာ ဓာတ်ပြား, အငြိမ့်, ရုပ်ရှင်သီချင်းများ ရေးပါတယ်။
          ၁၉၂၇ မှာ ၀ံသာနု ဆိုတဲ့ နိုင်ငံရေးနောက်ခံ သီချင်းကို စတင်ရေးခဲ့ပြီး၊ ၁၉၃၀ မှာတော့ မိတ်ဆွေရင်း သခင်ဘသောင်းကို အကြောင်းပြုလို့ တို့ဗမာသီချင်းကိုရေး၊ နာမည်လည်း ၀ိုင်အမ်ဘီသခင်တင် ဖြစ်လာပါတယ်။ ဒီလိုနဲ့ အမျိုးသားရေးတဖက် ဂီတတဖက် နေလာရာက စစ်အတွင်းမှာ မန္တလေးမြောက်ဖက် ဆယ်မိုင်အကွာက သရက်ကန်ရွာကလေးမှာ မထင်မရှား နေရင်း ဂျပန်တော်လှန်ရေးကိစ္စ လျှို့ဝှက်လုပ်ခဲ့ပါတယ်။
          စစ်ပြီးတော့ မြင်းခြံနဲ့ မန္တလေးမှာ လှည့်နေခဲ့ပြီးနောက် ရန်ကုန် ပြန်ရောက်လာပါတယ်။ ၁၉၅၀ ဇန်န၀ါရီ ၄ မှာ အစိုးရက ဆရာ့ကို “၀ဏ္ဏကျော်ထင်”ဘွဲ့ ချီးမြင့်ပါတယ်။
          သခင်တင်ဟာ စစ်အတွင်းနဲ့ နောက်ပိုင်းမှာ မထင်မရှား နေခဲ့တာဟာ အင်္ဂလိပ်ရန် ဂျပန်ရန်တို့ကြောင့် တကြောင်း၊ သူ့ဘ၀ဒဏ်ကြောင့် တကြောင်း ဖြစ်ပါတယ်။ သူ့ရဲ့ အမျိုးသားရေး သီချင်းတွေကို ဓာတ်ပြားမထုတ်ဖို့ မဆိုဖို့ ကိုလိုနီခေတ်နဲ့ ဖက်ဆစ်ခေတ်မှာ တားမြစ်ခံခဲ့ရပါတယ်။ သူ့ဘ၀မှာ အိမ်ထောင် ကွဲသွားပြီးနောက် မိသားစု အသိုက်အ၀န်း မရှိဘဲ တကိုယ်တည်း ဖြစ်သလို နေခဲ့တယ်လို့ ဆိုပါတယ်။
          သခင်တင့် အကြောင်းကို ၂၀၀၈ ဇန်န၀ါရီလထုတ် “ပိတောက်ပွင့်သစ်” မဂ္ဂဇင်း အမှတ် ၁၅ မှာ အတော်ပြည့်စုံစွာ ဖော်ပြထားပါတယ်။ အခြားစာအုပ်တွေလည်း ရှိနိုင်ပါသေးတယ်။
          ကျနော်က မြန်မာ့ အတိတ်ခေတ်က အရေးကြီးတဲ့ ပုဂ္ဂိုလ်အကြောင်းကို ယနေ့ခေတ် အရေးကြီးတဲ့ ပုဂ္ဂိုလ်များက ပြန်ပြောတဲ့အခါ “မှည့်ပြောက်မစွန်း”စေလိုတဲ့ စေတနာနဲ့ မေတ္တာစကား ပြောကြားလိုက်ရပါတယ်။
(စာတည်းစကား – စာရေးသူက သူ့ရေးတဲ့စာကြောင့် ပြဿနာမဖြစ်စေလိုပါတဲ့။ သို့သော်လည်း မိုးမခက မိုးမခရဲ့ ပင်တိုင်တဦး မဟုတ်သည့်တိုင် မိုးမခပြောက်ကျား စာရေးသူတဦးရဲ့ စာကို တင်ဆက်လိုက်ပါတယ်။ ၀ိုင်းဝန်းဆွေးနွေးကြတဲ့သဘောလို့ပဲ မြင်ပါတယ်။ သရုပ်ဖော်က ဆရာညွှန်းတဲ့ ပိတောက်ပွင့်သစ် ၂၀၀၉ ဇန်န၀ါရီထုတ် မျက်နှာဖုံးက သခင်တင်ရဲ့ပုံ၊ ပန်းချီသရုပ်ဖော် – ကိုကိုနိုင်)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
Similar Posts