>Po Jan – News on the road in a rush – 2nd Nov 2008

>

လမ်းပေါ်က အပြေးအလွှား သတင်းများ

ဖိုးဂျံ

နိုဝင်ဘာ ၂၊ ၂၀၀၈

မြန်မာစစ်အစိုးရ လက်အောက်မှာ တရားဥပဒေက ပြည်သူကို လုံခြုံမှု မပေးနိုင်

စည်ကားတယ် ဆိုပေမယ့် မှန်းချက်မကိုက်တဲ့ ကွန်ပြူတာ ပြပွဲ

ဆုတွေ ရကြတယ် ဆိုလို့ လူတွေက နားစွင့်

ပန်းချီပြပွဲတွေကို စိစစ်မှု တင်းကြပ်



မြန်မာစစ်အစိုးရ လက်အောက်မှာ တရားဥပဒေက ပြည်သူကို လုံခြုံမှု မပေးနိုင်



ယခင်အပတ်မှာ ၈၈ မျိုးဆက်ကျောင်းသား ၉ ဦးကို တရားရုံးက ရုံးတော်ကို မထီမဲ့မြင်ပြုတယ်ဆိုပြီး ထောင် ၆ လနဲ့ မအူပင်ထောင်ကို ပြောင်းလိုက်တယ်။



မတရားအဖမ်းဆီးခံထားရသူတွေကို စစ်အစိုးရက မထီမဲ့မြင်သဘောနဲ့ ထောင်ထဲပစ်ထည့်ပြီး မတရားချုပ်ထားက တနှစ်ကျော်ပြီဆိုတော့ အာဏာပိုင်တွေကို သူတို့ဥပဒေအရ ပြန်အရေးယူရမယ်ဆိုရင် ဘယ်လိုလဲလို့ လမ်းပေါ်က လူတွေက ပြောဆိုကြပါတယ်။



ဒါ့အပြင် အင်န်အယ်ဒီ လူငယ်တွေအတွက် လိုက်လံဆောင်ရွက်သူ ရှေ့နေလူငယ် ၁ ဦးကိုလည်း စစ်အာဏာပိုင်တွေက ဖမ်းဆီးထိမ်းသိမ်းတယ်လို့ ကြားရပြန်ပါတယ်။ ကျန် ၁ ဦးကတော့ အဲဒီနေ့က လွတ်နေသေးတယ်လို့ ဆိုပါတယ်။



အမှုက တရားခံပြ သက်သေအဖြစ် စစ်အစိုးရ အာဏာပိုင်တွေကို ခေါ်ချင်တယ် ပြောလို့ပါ တဲ့။



တရားဥပဒေအရဆိုပြီးတော့ သာမန်ပြည်သူတွေကို ဖမ်းဆီးတယ်၊ ထိမ်းသိမ်းတယ်။ တရားစွဲဆိုထားတဲ့အချိန်မှာ အာမခံနဲ့ အပြင်မှာ မထားနိုင်ဘူး၊ ထောင်ထဲမှာလည်း ပြစ်ဒဏ်ကျများလို ဆက်ဆံတယ်။ သူတို့တရားဥပဒေက စစ်အာဏာပိုင်တွေကိုကျတော့ အကာအကွယ်ပေးထားနိုင်တယ် ဆိုတော့ – မြန်မာပြည်က တရားဥပဒေဆိုတာရဲ့ အထက်မှာ စစ်အာဏာပိုင်တွေ ရှိနေတာ ထင်ရှားတယ်လို့ လမ်းပေါ်ကလူတွေက ပြောကြပါတယ်။



စည်ကားတယ် ဆိုပေမယ့် မှန်းချက်မကိုက်တဲ့ ကွန်ပြူတာ ပြပွဲ



ယခင်က အင်ဗွိုင်းခမ်းမလို့ ခေါ်ပြီး အခု တပ်မတော်ခမ်းမလို့ ခေါ်တဲ့ ဦးဝိစာရလမ်းပေါ်က ပြပွဲ ခမ်းမမှာ ၁၀ ကြိမ်မြောက် ကွန်ပျူတာနဲ့ သတင်းဆက်သွယ်ရေးပြပွဲ ကျင်းပပါတယ်။ မိုးမခက ဓာတ်ပုံသတင်း လုပ်ထားပေမယ့် ပိုပြည့်စုံအောင် သတင်းထပ်ပေးပါတယ်။



ပြည်ပက လူတွေလိုပါပဲ။ အင်တာနက်ကို ၀ိုင်ဖိုင် – ကြိုးမဲ့ သုံးကြဖို့ကို ပြင်နေကြပါပြီ။ “မီးမလာတဲ့ ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်သစ်” ထူထောင်ကြဖို့ စားသုံးသူတွေက ခြစ်ချုပ်ပြီး ဘက်ထရီးအားသုံးနိုင်တဲ့ လက်ဆွဲကွန်ပျူတာတွေကို မျက်စိကျနေရာက ၀ိုင်ဖိုင်အဆင့်ကို ခြေလှမ်းလာပါတယ်။ ဂျီအက်စ်အမ်ဖုံးတွေနဲ့ မိုဘိုင်းကွန်ယက်တို့၊ အက်စ်အမ်အက်စ်တို့ကိုလည်း လက်တည့်စမ်းလျက် ရှိကြောင်းပါ။



ပြပွဲက အောက်တိုဘာ ၃၁ က နိုဝင်ဘာ ၂ အထိ ကျင်းပပါတယ်။ ပြခန်းတခု ၁၀ ပေ ပတ်လည်မှာ အခန်းခ ၂၅ သိန်း ပေးရပါတယ်။ အရင် နှစ်က သိန်း ၂၀ ဖြစ်ပါတယ်။ ဖောက်သည်တွေ အလားအလာတွေကို မျှော်ကိုးပြီး လုပ်ငန်းရှင်တွေ အရှုံးခံ ဖွင့်ကြရတာလို့ အချို့က ငြီးငြူကြပါတယ်။ ပြခန်းတွေ မနှစ်ကထက် နည်းသွားပါတယ်။ မနှစ်က ခန်းမအပြင်အထိတောင် ဆိုင်တွေက စည်ခဲ့တယ်လို့ ဆိုပါတယ်။



စားသုံးသူတွေကတော့ ဈေးနှုန်းတွေ အပြိုင်အဆိုင်ချရောင်းတာမို့ အကြိုက်တွေ့ပါတယ်။ ဈေး တော်တော်ချိုတာလေးတွေ ၀ယ်ကြတဲ့နေရာမှာ အင်တီဗိုင်းရပ်စ်ဆော့ဝဲကို ပိုက်ဆံပေးပြီး ၀ယ်ကြ၊ မှတ်ပုံတင်ကြ လုပ်နေတာမို့ ပြည်တွင်းက ကွန်ပျူတာတွေ၊ ယူအက်စ်ဘီတွေ၊ ဆိုက်ဘာကဖီးတွေမှာ အင်တာနက်တုတ်ကွေးတွေ အတော် ပျံ့နေတာကို အတော် ခံနေရတာ ထင်ရှားပါတယ်။



ဆုတွေ ရကြတယ် ဆိုလို့ လူတွေက နားစွင့်



မြန်မာပြည် နိုင်ငံရေးကို စွန့်လွှတ်စွန့်စား ဆောင်ရွက်ကြသူတွေကို နိုင်ငံတကာက ဆုတွေ ပေးတယ်ဆိုတာကို ပြည်ပရေဒီယိုတွေက ကြားလို့ လမ်းပေါ်က လူတွေက ၀မ်းသာကြပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ ကိုဇာဂနာနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူများ စသည်တို့ကို နိုင်ငံအသီးသီး၊ အဖွဲ့အစည်းအသီးသီးက ဆုပေးတာကို နားစွင့်ကြပါတယ်။

လမ်းပေါ်ကလူတွေက နားစွင့်ရုံတင် စွင့်တာပါ။ ဘယ်ကိုမှ သွားပြီး စပ်စုတာ မလုပ်ကြပါဘူး။ သို့သော် အမည်မဖော်တဲ့ သူတချို့ကတော့ ဆုရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ မတရားဖမ်းဆီးခံထားရသူများ၊ တိမ်းရှောင်နေရသူများရဲ့ အိမ်တွေ၊ မိသားစုတွေထံ ဖုံးဆက်၍ ဖြစ်စေ၊ လူကြုံနှင့်ဖြစ်စေ ငွေကြေးများ လက်ခံရရှိပါသလားဆိုတဲ့ မေးခွန်းမျိုး လိုက်မေးနေတယ် လို့ ဆိုပါတယ်။



ပန်းချီပြပွဲတွေကို စိစစ်မှု တင်းကြပ်



ကန့်ကော်ရွာနဲ့ မျက်လုံးရိုင်း ပန်းချီပြပွဲတွေကို အထူးစိစစ်တယ်လို့ ကြားပါတယ်။ ကတ်တလောက်ကအစ တင်ပြရတယ်လို့ ဆိုပါတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေရဲ့ အနုပညာလှုပ်ရှားမှုတွေကို အာဏာပိုင်တွေက စောင့်ကြည့်နေတာက ထုံးစံပါပဲ။



အခုကတော့ အာဏာပိုင်တွေက သူတို့ကို ဆန့်ကျင်တာတွေကို အရပ် ၈ မျက်နှာက မျှော်လင့်ထားပုံပါပဲ။ သူတို့အကြိုက် စာရေးသားကြမယ့် သူတွေ၊ အနုပညာဖန်တီးကြမယ့် လူတွေကို ခုချိန်မှာ အသည်းအသန်ကို စုဆောင်းကြမယ့် ပုံပဲလို့ လမ်းပေါ်ကလူတွေက ပြောနေကြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts