My Mother - တက္ကသိုလ်ရွှေရီဝင်း
မောင်ရစ် - နာရေး ဆိုလို့
(အတွေးအမြင်၊ အုပ် ၃၀၀ ပြည့်၊ ဇူလိုင် ၂၀၁၇) မိုးမခ၊ ဇွန် ၂၉၊ ၂၀၁၇
မိခင်ဆုံးပြီဆိုတော့ စိတ်ထဲမှာ ဗြုံးစားကြီးလိုပဲ။ တကယ်တန်းက ဗြုံးစားချည်းမဟုတ်ပါဘူး။ တလကျော်လောက်အလိုကတည်းက နေမကောင်း၊ ဆေးရုံတက် စသည်ဖြင့် ညီမလေးတယောက် အမေ့အတွက် အလုပ်များနေကတည်းက စဉ်းစားမိနေတာ။ မွေးနေ့တုန်းကတောင် အမေ့ကို ရည်ရွယ်ပြီး မွေးနေ့ဆိုလို့ ဆိုပြီး စာလေး ရေးမိသေးတယ်။ မိမိ(ညီမလေး) ကတော့ သူဆေးရုံကို အခေါက်ခေါက် အပြန်ပြန်သွားခဲ့ရတဲ့ လမ်းကလေးကို စာလေးရေးတယ်။ စာ ၂စောင်လုံးကတော့ အမေပြန်နေကောင်းရင် ဖတ်ဖို့နေမှာပေါ့လေ။ ခုတော့လည်း ဘယ်တတ်နိုင်ပါတော့မလဲ။
ဆုံးတဲ့မနက်က (သူတို့ဆီမှာ ညနေဘက်နေမှာပါ) အစောကြီး ဖေ့စ်ဘွတ်ဖုံးကလေးက မြည်လာတယ်။ အယ်လ်အေမှာ ကျောင်းတက်နေတဲ့သမီးကို အားလပ်ရက်သွားအခေါ် ပြန်မယ့်နေ့ပေါ့။ ရန်ကုန်အချိန် ညနေခင်းတွေ၊ ဆန်ဖရန်အချိန် မနက်အချိန်တွေ ဖုံးမြည်ရင် ကျနော်ကတော့ အမြဲစိုးရိမ်စိတ်ဖြစ်လေ့ရှိပါတယ်။ မြန်မာပြည်က သတင်းဆိုးတွေက အမြဲသည်လို ဝင်နေကြပါ။ သတင်းဆိုးတွေကို မိုးမခဝိုင်းတော်သားတွေ မိတ်ဆွေတွေက သည်လို သတင်းပို့လေ့ ရှိတာကိုး။ ဦးကိုနီ အလုပ်ကြံခံရတုန်းက မနက် ၃ နာရီကြီး ဖုန်းဝင်လာတာ။ အဲသည်လိုမျိုးဆိုတော့ စိတ်ထဲမှာ သိသိကြီးနဲ့ ဖုံးကိုင်လိုက်ရတယ်။ မိခင်ဆုံးပြီဆိုတဲ့အကြောင်း သိရတယ်။ ဟိုတယ်ကုတင်တဖက်မှာ အိပ်နေတဲ့ သမီးက ကြားတော့ တိတ်တိတ်လေး ကြိတ်ငိုနေတယ်။ ကျနော်ကတော့ ကိုယ်ဘယ်လောက်ခံနိုင်ရည် ရှိသလဲ မသိတော့ သည်လိုပဲ တွေးနေ ငေးနေမိတာပါပဲ။ မြန်မာပြည်သတင်းဆိုးတွေဆိုရင်တော့ ကွန်ပြူတာကို ဖွင့်ပြီး ချက်ခြင်း သတင်းရေးရတယ်၊ သတင်းပို့ရတယ်။ အခုကိုယ့်မိသားစုသတင်းဆိုတော့ ဘယ်ကိုမှ ပို့လို့မရဘူးပေါ့။ ကိုယ့်ဖာသာကိုပဲ သတင်းပြန်ပို့နေရတာ။
ဘဘကြီးဆုံးတဲ့အကြောင်း ပြန်တွေးမိတယ်။ အဖိုးက ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးတယ် ဆိုကြပါစို့။ ဆေးရုံမှာ သတိမရဘဲ မြောနေတာ တပတ်လောက်ရှိမယ် ထင်တယ်။ ကျနော်ကတော့ ဆေးရုံ ကုတင်ဘေးမှာ သွားထိုင်နေလိုက်တာပဲ။ နောက်တော့ မျက်စိရှေ့မှာ ဆုံးသွားတယ်။ ဘဘကြီးက အစောကတည်းက သေတမ်းစာရေးထားပြီးသားဆိုတော့ သေတာနဲ့ နောက်နေ့ ကြံတောမှာ အသုဘချပြီး မီးရှို့ သဂြိုဟ်လိုက်တယ်။ ကိစ္စနည်းတာပေါ့နော်။ ရက်လည်တော့ ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးပါတယ်။ အဲသည်ကျတော့ ဧည့်သည်တွေ သတင်းလေး ဘာလေး မေးကြပေါ့။ ဆေးရုံကို လိုက်ပြီး မကြည့်နိုင်တာက မေမေကြီး၊ ကျနော့်အဖွားပါ။ သူက အိမ်မှာ အိပ်ယာထဲနေရသူဆိုတော့ ကျန်ရစ်သူတွေ အိမ်ပြန်လာချိန်မှာ ဘဘကြီး ပြန်ပါမလာတာကို သူသိတာပေါ့။ အေးလေ ... လူတွေဆိုတာ ခွဲရတဲ့ အချိန်ကျ ခွဲကြရတာချည်းမဟုတ်လား။
မေမေကြီး ဆုံးတော့ ကျနော် သူ့နားမှာ မရှိဘူး။ နိုင်ငံရပ်ခြားမှာ။ နိုင်ငံခြားလေး ဘာလေး ထွက်အုံးမယ်လို့ သွားနှုတ်ဆက်တော့ မင်းက ပြန်လာဦးမှာလားလို့ မေးတယ်။ ပြန်တော့ ပြန်လာမှာပေါ့လို့ ဖြေခဲ့တယ် ထင်တာပဲ။ နောက် တနှစ်လောက်နေတော့ ဆုံးတယ်။ ကိုယ့်ဖာသာကိုယ် မလွတ်လပ်တဲ့ အချုပ်အနှောင်တွေနဲ့ အိမ်ပြန်လို့ မရတော့ တနေ့လောက်တော့ ခြေဦးတည့်ရာ လျောက်သွားနေလိုက်တာပဲ။ နောက်တော့ မြန်မာဘုန်းတော်ကြီးကျောင်းထဲ ဝင်ပြီး တပည့်တော်အဖွား ဆုံးလို့လို့ ထိုင်နေတဲ့ ဘုန်းကြီးတပါးကို သွားလျောက်တယ်။ ဘုန်းကြီးက ပရိတ်ရွာ အမျှအတန်းဝေပေး၊ ကုသိုလ်တွေ လုပ်ပေးတယ်။ အိတ်ထဲပါတဲ့ ပိုက်ဆံလေး လှူပြီး ပြန်ခဲ့တာ။ သည်လိုပဲပေါ့နော်။ မေမေကြီးတုန်းကလည်း ဘဘကြီးလိုပဲ နောက်တရက် မီးသဂြိုဟ်လိုက်တာပါပဲ။
နောက်တော့ အဝေးပြည်ပမှာ ကျနော်တို့တတွေဟာ သေကွဲ ရှင်ကွဲတွေ ကွဲရ၊ ခွဲရတဲ့သူ မြန်မာမိသားစုတွေနဲ့ အချင်းချင်း ကျောချင်းကပ်ပြီး နေခဲ့ကြရတာဆိုတော့ ဒါတွေက ထုသား ပေသား ကျနေခဲ့ကြပြီ ထင်တာပဲ။ ရှောင်လို့မှ မလွတ်နိုင်တဲ့ ကိစ္စတွေကိုး။ မြန်မာပြည်က သတင်းတွေမှာ သေကွဲ ရှင်ကွဲတွေအတွက် မိုးမခမှာ အမြဲ နာရေးသတင်းတွေ ရေးနေရသူ၊ ပြင်ဆင်ပေး ထုတ်ပြန်ပေးနေရတာဆိုတော့ ခံနိုင်ရည်တို့ စာနာမှုတို့တွေ ဖြေသာမှုတွေလည်း ရှိမိတယ် ထင်တာပါပဲလေ။
နောက် ကိုယ့်အနီးအနားမှာ ကိုယ့်မိသားစုလို ဘခင်လို အဖိုးလိုမျိုး ချစ်ခင်ရတဲ့ ဆရာဦးတင်မိုး ဆုံးသွားတာ ပြန်စဉ်းစားမိတယ်။ မဆုံးခင်တုန်းက ကိုယ့်ဆီမှာ အဆုတ်အအေးမိလို့ ဆေးရုံတောင် တက်ခဲ့ရသေးတာ။ ပြီးတော့ ကိုဇာဂနာ့ အဖေနဲ့ အမေဆုံးတယ်။ ကိုဇာဂနာက ထောင်ထဲမှာ။ ထောင်ထဲကနေ သူစာရေးတော့ သူ့စာတွေထဲမှာ အဖေနဲ့အမေနဲ့ ပြန် မတွေ့ကြရတော့မယ့် နမိတ်လိုမျိုး သူရေးထားတာ။ တကယ်လည်း ဆရာနန်းညွှန့်ဆွေနဲ့ ဆရာမဒေါ်ကြည်ဦးတို့ ဆုံးပါးသွားခဲ့တာပဲ။
နောက်တော့ ကျန်ရစ်ခဲ့တဲ့ ကျနော့်မိသားစုအကြောင်းကို စဉ်းစားတယ်။ ကျနော်မိသားစုဆိုတာက မြန်မာပြည်က ကျန်ရစ်သူ အဖေနဲ့ ညီမလေး မိသားစုပါ။ တသက်လုံး ၃ ယောက် (အဖေ၊ အမေ၊ သမီး) တဘဝ၊ တမိသားစုလို နေလာခဲ့ကြတာဆိုတော့ ကျန်ရစ်သူတွေ ဘယ်လို ကျော်ဖြတ်ကြမလဲပေါ့။ အဖေကတော့ သူနေသာသလို သူ့အိမ်သူ ပြန်သွားပါပြီ။ ညီမလေးကတော့ နာရေးအတွက် ဝေယျဝစ္စတွေနဲ့ ကျန်ရစ်တာပေ့ါ။ ဆေးရုံတို့ ရေခဲတိုက်တို့။ တော်သေးတာက ဆွေမျိုး မိတ်ဆွေတွေက ဝိုင်းဝန်းပေးကြတော့ စိတ်အနည်းငယ် သက်သာရာရမှာပါ။ မိသားစု ထုံးစံအတိုင်း နောက်တရက်မှာပဲ ရေဝေးမှာ သဂြိုဟ်လိုက်ပါတယ်။ မိသားစုနာရေးကို မိသားစု ၂ဦးတည်းနဲ့ အားတင်းပြီး ရင်ဆိုင်မယ်ဆိုတဲ့ ညီမလေးကို သူငယ်ချင်းတွေ အမျိုးတွေက အတင်းဝိုင်းပြီး နားလည်ပြီး အားပေးကူညီခဲ့ကြတာကို ကျနော်က အဝေးကနေ ကျေးဇူးတင်နေမိပါတယ်။
ကျနော်ကတော့ အိမ်ပြန်ရပါမယ်။ သည်လို စဉ်းစားတယ်။ သူတို့ ၂ဦးတည်း တဘဝ ဆက်ပြီး နေလို့မှ မဖြစ်တာကိုး။ သွားအားပေးရတာ ဝေယျဝစ္စတွေ ကူလုပ်ပေးရတာ၊ ဧည့်သည်တွေကို ဧည့်ခံရမှာ ဘာညာတွေ ကူ လုပ်ပေးရမှာပေါ့။ ကျနော့်အိမ်သူကလည်း လိုက်မယ်ဆိုတော့ ကျနော်လည်း အားရှိ၊ မိသားစုလည်း အားရှိမှာပဲလို့ တွေးမိတယ်။ ဒါနဲ့ သမီးကို မေးရပြန်တယ်။ သမီးအဖွားနာရေး ပြန်လိုက်မလားလို့။ သူက ကျောင်းပြန်ဖွင့်တော့မှာဆိုတော့ ကျောင်းက တပတ်လောက် ပျက်ရမှာကိုးလေ။ သူက ချီတုံချတုံ ဖြစ်နေရှာတယ်။ ကျနော်ကတော့ ပြောပါတယ်၊ သာရေးအတွက် မြန်မာပြည်ကို ပြန်ဖူးတယ် အကြိမ်ကြိမ်ပဲ။ အခု နာရေးအတွက် ကျန်ရစ်သူမိသားစုတွေကို အားပေးကူညီဖို့ ပြန်ရမယ်ဆိုတာ ကောင်းမှုကုသိုလ်တခုပါပဲလို့။ ဒါနဲ့ သူလည်း ပြန်မယ် ဆုံးဖြတ်တယ်။ သူ့မြေးလေး ပြန်လာတယ်ဆိုရင် သူ့အဖိုးကတော့ အများကြီး အားရှိပြီး ဝမ်းသာသွားလိမ့်မယ်လို့ ခန့်မှန်းတာ မှန်သွားပါတယ်။ ကျနော့်အဖေ သူ့အဖိုးက တွေ့တော့ ပြောတယ်၊ မင်းတယောက် ပြန်လာရင် ငါ့အတွက် အတော်ပဲ စဉ်းစားထားတာ၊ မင်းမိသားစုအားလုံး ပြန်လာတော့ တကယ်ကို အားရှိမိတယ်၊ ဝမ်းသာမိတယ်တဲ့။ သမီးကလည်း သူ့အဖိုးနဲ့ သူ့ဒေါ်ဒေါ်လေးကို ဂရုတစိုက် အားပေးတာ စောင့်ရှောက်တာ လုပ်ပေးတာ တွေ့ရတော့ ကျနော်တို့လည်း ဝမ်းသာမိပါတယ်။
ကျနော့်အိမ်က (ရန်ကုန်က အိမ်) သူတို့ဖာသာ သူတို့ သီးသန့် နာရေးကိစ္စကို ဖြတ်ကျော် ဆောင်ရွက်သွားချင်တာဆိုတော့ ကျနော်ကိုယ်တိုင်ကပဲ သတင်းမေးသူတွေကော ကူညီချင်တဲ့သူတွေကိုပါ အဝေးကနေ ဖုံးတွေ ဖေ့စ်ဘွတ်တွေ သုံးပြီး ဧည့်ခံရ စီစဉ်ပေးနေရပါတယ်။ ခြံထဲမှာ ဧည့်ခံပေးဖို့ကို ကျနော့်မိတ်ဆွေတွေကို အကူတောင်းရပါတယ်။ ဆန်းဒေးက နာရေး၊ မန်းဒေးက သဂြိုဟ်၊ အဆင်ပြေပါတယ်။ အင်္ဂါမှာ ကျနော်တို့ ပြန်ဖို့ လုပ်ကြတာ၊ ကြာသာပတေးမှ ရန်ကုန်အိမ်ကို ပြန်ရောက်တယ်။
ကျနော့်အနားက မိတ်ဆွေတွေက ကျနော့်ကို ဖုံးဆက် သတင်းမေး အားပေးကြတယ်။ ခုနင်က ပြောခဲ့သလိုပဲ အဝေးက ကျနော့်မိတ်ဆွေတွေ မိသားစုတွေဆိုတာ သူတို့ မိဘတွေ သားသမီးတွေနဲ့ သေကွဲ ရှင်ကွဲ ကွဲနေကြသူတွေဆိုတော့ သူတို့ အားပေးတာကို ကျနော်လက်ခံရတာ ရင်ထဲ မချိပါဘူး။ ကျနော်က သူတို့ထက်စာရင် တော်ပါသေးတယ်။ ကိုယ့်မိဘနဲ့ တွေ့လိုက် ဆုံလိုက် ရသေးတာကိုးလေ။
လေယျာဉ်ကွင်း သွားတဲ့လမ်းက အင်္ဂါနေ့ညနေခင်း။ ရန်ကုန်မှာ ဗုဒ္ဓဟူးမနက်ပေါ့။ လမ်းပေါ်မှာ ရှိနေတုံး မိမိ (ညီမလေး) က ဖုံးဆက်ပါတယ်။ အမေ့အတွက် နင်တခု လုပ်ပေးရမယ် တဲ့။ ကျနော်တို့ရဲ့ ဘိုးစဉ်ဘောင်ဆက် တရားနာ ကောင်းမှုပြုရာ စွန်းလွန်းကျောင်းက ဆရာတော်က မိန့်လိုက်တာတဲ့။ ဘာတဲ့လဲ ဆိုတော့ ... ကောင်းမှုအမျှ လက်ငင်းကောင်းကောင်း ပေးဝေနိုင်အောင်လို့ ကျနော်က ဘုန်းကြီးဝတ်ရမယ်၊ ဦးပဇင်းတက်ရမယ်တဲ့။ ဟိုက် ဆိုပြီး ဖြစ်သွားတာပေါ့။ ဘုန်းကြီးဝတ်တယ်ဆိုတာ လွယ်မှ မလွယ်တာ၊ ပြီးတော့ စွန်းလွန်းကျောင်းက တရားတိုက်ဆိုတော့ တနေ့ကို ၆ နာရီလောက် တရားထိုင်ရတာ။ သို့သော် ဆရာတော်ကြီးက လူသာ လာခဲ့၊ ဘာမှ မလိုဘူး၊ ဘုန်းကြီးဝတ် သင်ကန်းစီးပေးမယ်လို့ အာမခံတယ်ဆိုတော့ ကျနော်လည်း ခေါင်းငြိမ့်လိုက်ရတာပေါ့။
အေးလေ ... ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ ကောင်းမှု အမျှအတန်း ပေးဝေရမယ်ဆိုရင် ဘယ်လို ကုသိုလ် လုပ်ထားလို့လဲ ပြန်တွေးရင် ကျနော့်မှာက တောင်တလုံး မြောက်တလုံးမို့လား။ ဒါနဆိုပြီးတော့ လှူတန်း ထားတာတွေ အခု လှူတန်းတာတွေကို တွေးပြီး အမျှဝေရမှာလား။ သီလဆိုပြီးတော့ စောင့်ထိန်းထားခဲ့တာတွေ လက်ငင်းအခု ဆောက်တည်နေတာတွေကို တိုင်တည်ပြီး ကုသိုလ်ပေးဝေရမှလား။ ပြီးတော့ ကျင့်ကြံဆောက်တည်ခဲ့သော ဝိပသနာကုသိုလ်ဆိုတာကလည်း ဘယ်မှာတုံး။ ကိုယ့်မှာ ပြန်တွေးကြည့်တော့ ပိုင်ပိုင်နိုင်နိုင် သေသေချာချာ တိတိကျကျ ရှိလို့ ပြနိုင်လို့လား။ သည်လိုမျိုးတွေနဲ့ ဟိုယောင်ယောင် ဒီယောင်ယောင် လူတယောက်ဟာ ကိုယ့်မိခင် ကွယ်လွန်တဲ့အခါ ကုသိုလ်အမျှပေးတဲ့အခါ ကောင်းမွန်တဲ့ ကုသိုလ်ကံအလုပ်တခုခု ချက်ခြင်း လက်ငင်းလုပ်ကိုင် ဆောက်တည်ပြီး အမျှအတန်းဝေရတာ သာဓုနုမော် ခေါ်ဆိုခွင့်ပေးနိုင်ရတာ အကောင်းဆုံး မဟုတ်ဘူးလားဆိုပြီး တွေးမိပါတယ်။
ကျနော် မိန်းမနဲ့ သမီးကတော့ ကျနော် သက်ပြင်းတချချနဲ့ စိတ်ကို ဆုံးဖြတ်ချက် အကြိမ်ကြိမ်ချပြီး ကိုယ့်ကိုယ်ကို ပြန်အားပေးနေပုံကို ကြည့်ပြီး ပြုံးချင်ကြပါတယ်။ ဟုတ်လည်း ဟုတ်တာပဲ။ သူတို့က ဘုန်းကြီးဝတ်ပါလား၊ ပဇင်းတက်ပါလား ဆိုရင် ဟိုရွှေ့ ဒီရွှေ့ လုပ်ပြီး ရှောင်လွှဲနေကြ၊ ဒါကို အရေးတယူ မစဉ်းစားချင်တဲ့ ဝေလေလေတယောက် ဟင်းချနေတာကို ကြည့်ပြီး ရယ်ချင်စရာပေါ့။ အခုကျတော့လည်း သည်နည်းလမ်းဟာ အကောင်းဆုံးအဖြေတခု ဖြစ်သွားတာကိုး။
ကျနော်တို့ရဲ့ မိသားစုအကြောင်း (ရန်ကုန်အိမ်မှာ ကျန်ရစ်တဲ့ မိသားစု) ကို ဘယ်လိုအားပေးရမလဲ တွေးမိတယ်။ ကျနော့် အဖိုးအဖွား အဖေအမေ ကျနော်နဲ့ ညီမလေးတို့ မိသားစု ၆ယောက် ရှိခဲ့စဉ်ကတည်းက စာပေ အနုပညာရယ် မိသားစုရယ် သဘောထားချင်း မျှကြတဲ့ အသိုင်းအဝိုင်းရယ်နဲ့ပဲ တည်ဆောက်ပြီး နေခဲ့ကြတာပါ။ ကိုယ်လုပ်ချင်တာပဲ လုပ်ပြီး ကိုယ်မလုပ်ချင်တာကို မလုပ်ဘဲ နေခဲ့ကြတာ။ မလုပ်ချင်တာဆိုတာက ကိုယ်မချစ်ခင် မနှစ်သက်တဲ့ လူတွေ၊ အလုပ်တွေ၊ အယူအဆတွေနဲ့ ကင်းကင်းနေတာမျိုးပေါ့။ အဲသည်တော့ အခက်အခဲတွေ ကြပ်တည်းတာတွေတော့ ရှိကြတာချည်းပေါ့။ အဲသည်လိုနဲ့ တသက်လုံးနေထိုင်ခဲ့ပြီး အဘိုးအဘွားကွယ်လွန်သွားနေတော့လည်း ခုနင်က တန်ဖိုးတွေနဲ့ ကျန်ရစ်သူတွေအဖို့က နေပျော် စားပျော် အိပ်ပျော် နေခဲ့တာပါပဲ။ အခုလည်းဘဲ သည်လိုပဲ ဆက်နေကြရင်းကနေ ကိုယ်မလုပ်ချင်တာတွေ ကိုယ်မပျော်ပိုက်တာတွေနဲ့ အသက်ရှင်သန်နေခဲ့တာမဟုတ်၊ ကိုယ်ပျော်ရွှင် ချမ်းမြေ့တဲ့ အလုပ်တွေ မိသားစုတွေနဲ့ တသက်တာနေပြီး ခွဲရမယ့်အချိန် ခွဲကြရတာမို့ ကျေနပ်စရာလို့ တွေးမိပါတယ်။ တကယ်တမ်းကတော့ အဲသည်လိုပဲ ရှေ့ဆက်ပြီး မခွဲမခွာ နေချင်သေးတာပေါ့။ ဒါပေမယ့် ခွဲရချိန်မှာ ခွဲရတာပါ။ သည်တော့ မိသားစုဟာ အတက်အကျ အဆိုးအကောင်းတွေကို အတူတကွ ဖြတ်သန်းလာခဲ့ကြပြီးသားဆိုတော့ နာရေးကိစ္စဆိုသည်မှာလည်း မိသားစုချည်းသီးသန့်ပဲ ဖြတ်သန်းချင်ကြတာ၊ သူတို့သီးသန့်ကိစ္စတခုတည်းအဖြစ်နဲ့သာ ရင်ဆိုင်လိုတာ မဆန်းပါ။ ဒါပေမယ့် လူဆိုတာ ပတ်ဝန်းကျင်နဲ့ နေထိုင်ရတာမို့လား၊ ကိုယ့်မိသားစုနဲ့အတူ ချစ်ခင်ယုံကြည်သူတွေကလည်း သာရေးကိုသာမက နာရေးကိုလည်း အတူတူ အားပေးကူညီဖြတ်သန်းလိုကြတာ ပုံမှန်ကိစ္စပါ။ နားလည်ပေးရမှာပါ။ သူတို့ချည်းသီးသန့် နာရေးလုပ်ကိုင်နေတာထက် ဘေးပတ်ဝန်းကျင်ကလည်း ဝိုင်းဝန်းကြတာကို လက်ခံရမှာ။ သည်အတွက် ကျနော်က အဲသည်နေရာမှာ ကြားဝင်ဆောင်ရွက်ရတာပါ။ ကျနော်တို့ကတော့ သတင်းလာမေး အားပေးကြသူတွေကို လက်ခံကြိုဆို ဧည့်ခံပေးရတာပေါ့။
သည်လိုနဲ့ ရက်လည် ဆွမ်းသွတ်ကို အိမ်နားက ဣစာရာမကျောင်းမှာ လုပ်ဖြစ်ပါတယ်။ မိတ်ဆွေတွေရဲ့ ဝေယျဝစ္စ လုပ်အား အလှူတွေအပြင် သင်္ကန်းအလှူတွေ ၀တ္ထုပစ္စည်းအလှူတွေကို အဖေနဲ့ ညီမလေး ဆန္ဒနဲ့အညီ အလှူခံဌာနတွေ ဘုန်းကြီးကျောင်းတွေ လက်လှမ်းမီသလောက် ပေးလှူဖြစ်ပါတယ်။ ဆွမ်းကျွေးပြီး ညနေကျတော့ တခါတည်း ပြည်လမ်း ၇မိုင်က စွန်းလွန်းဂူကျောင်းတိုက်ကို မိသားစုတွေက ကျနော်ကိုရင်ကြီး စဝတ်ဖို့ အချိန်မီ ခရီးဆက်ကြရပါတော့တယ်။
ပြည်လမ်း ၇မိုင်က စွန်းလွန်းကျောင်းဆိုတာ ဘဘကြီးနဲ့ မေမေကြီးတို့ရဲ့ တရားစတင်အားထုတ်ရာ မှီခို ဆည်းကပ်ရာ ဝိပသနာကျောင်းပါ။ သူတို့ အသက် ၂၀ ကျော်မှာ ကိုလိုနီခေတ်က လွတ်မြောက်ဖို့ ရုန်းကန်ခဲ့ကြ။ အသက် ၃၀ ကျော်မှာ လွတ်လပ်ရေး အသီးအပွင့်ကို ခံစားခဲ့ကြ။ မိသားစုဘဝတွေကို ထူထောင်။ အသက် ၄၀ ကျော်မှာ တပါတီဆိုရှယ်လစ် အသိုင်းအဝိုင်းတွေကနေ ဖြတ်တောက်ခဲ့။ အသက် ၅၀ ဝန်းကျင်မှာ သူတို့တတွေ တရားအားထုတ်ဖို့ လမ်းစကို စွန်းလွန်းမှာ တွေ့ခဲ့ကြတာ။ အဲသည် တရားလမ်းစကို သူတို့ သားသမီးတွေ သူတို့မြေးတွေကို လက်ဆင့်ကမ်းပေးခဲ့ကြရာကနေ အခု ကျနော့်အမေနာရေးကျတော့လည်း အသက် ၅၀ ကျနော်ဟာ အဲသည် စွန်းလွန်းဂူကျောင်းကို ပြန်လည် ဦးတည်ပြီး လျှောက်နေပြန်ပါပေါ့လား။
လူသာ လာခဲ့ ဘာမှ မလိုဘူးလို့ ဆရာတော်က မိန့်လိုက်လို့ ကျနော်တို့တတွေ ဘုန်းကြီးကျောင်းကို လာခဲ့ကြတာ၊ ကျနော့်မှာ ပုဆိုးနဲ့ တီရှပ်တထည်သာပါပါတယ်။ ခေါင်းတုံးစရာ ဂျုပ်ကို သံဃာတော်တပါးက စီစဉ်ပါတယ်။ စင်္ကြန်လမ်းတနေရာက ရေအိုးစဉ်နဲ့ ရေချိုးခန်းနားမှာ ရဟန်းတပါးက ခေါင်းတုံးတုံးပေး။ ချွတ်ထားတဲ့ တီရှပ်နဲ့ ကိုယ်လက်သုတ်သင်၊ သူများဆီက ခေတ္တငှားပြီး ရေလဲဝတ်နဲ့ ရေမိုးချိုးပြီး ဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင်ကို နေဝင်ရီတရောမှာ ပြန်လာလို့ ကိုရင်ဝတ်ခွင့် ရပါတော့တယ်။ ကျောင်းက သင်ကန်းတစုံကို ဝတ်ဆင်ပေးပြီး နောက်တစုံ၊ သပိတ်တလုံး၊ ဒုကုဒ်တထည်ကို နောက်နေ့ မနက်အရုဏ်တက် သိမ်တက် ပဇင်းခံရန်အတွက် ထုတ်ပေးပါတယ်။ ဒါပဲ။ ဖတ်ဖူးတယ်မို့လား၊ လူဆိုတာ ဝေယျဝစ္စနည်းရမယ်၊ ငှက်တောင်ကဲ့သို့ ပေါ့ပေါ့ပါးပါးရှိရမယ်။ သာသနာတော်ထဲဝင်ပြီး ဒုလ္လဘရဟန်းခံဖို့ ကိစ္စနည်းနည်းနဲ့ လုပ်ဖြစ်ရမှာပေါ့။ ကိုရင်ဖြစ်တော့ လူ့ဘဝက ကျန်ခဲ့တာဆိုလို ဖိနပ်တရံနဲ့ လွယ်အိတ်တလုံးတော့ ပါခဲ့တာပဲ ရှိပါတယ်။ ကိုရင်ဘဝရောက်တော့ အရင်တုန်းက ဝတ်ခဲ့ဖူးတဲ့ ဘွဲ့ဘာရှိသလဲ မေးပါတယ်။ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ စွန်းလွန်းဆရာတော် ဦးဝိနရက ကျနော့်ကို ငယ်စဉ် ကိုရင်ဝတ်ပေးခဲ့တုန်းက ပေးခဲ့တဲ့ ဘွဲ့က 'ပိဏ္ဍောလ' ဆိုတာပါ။ အရင်တုန်းကတော့ 'ပိန်' ဆိုတာ ပါလို့ မကြိုက်ပါဘူး။ အခုတော့ ဒီဘွဲ့လေးက ကိုယ့်အတွက် အမှတ်တရ အစွဲအလန်းဖြစ်သွားပါပြီ။ အဲသည် 'ပိဏ္ဍောလ' ဘွဲ့ကို ပဲ ပြန်လျောက်ဖြစ်ပါတယ်။ ကိုရင်ပိဏ္ဍောလပေါ့။
ဟိုးအရင်တုန်းက အတိုင်းပါပဲ။ ဆွမ်းစားကျောင်းကနေ သံဃာတော်များ သီတင်းသုံးရာ အဆောင်ကို ရဟန်းတပါးက လိုက်ပို့ပေးပါတယ်။ ခြင်ထောင်ရယ်၊ ခေါင်းအုံးရယ်၊ ခြုံစရာ စောင်တထည်ရယ်ကို မိသားစုက ကမန်းကတမ်း စီစဉ်ပေးပါတယ်။ သင်္ကြန်နားနီးတော့ တရားစခန်းမဖွင့်သေးခင်မို့ သံဃာဆောင်က ရှင်းလင်းလို့ အခန်းလွတ်တွေ အများကြီး။ သတ်မှတ်တဲ့ အခန်းမှာက ကွပ်ပြစ်နဲ့ ဖျာ ၂ချပ် အနေတော်။
အဲသည်မှာ အတွေးပေါက်မိတာက အခုအချိန်မှာ လူဘဝကနေ ချုပ်ပြီး ကိုရင်ဘဝ ရဟန်းဘဝကို ပြောင်းသွားတာ။ ညနေခင်းဆိုတော့ မီးလေးတွေက မပွင့်တပွင့်နဲ့။ မှိုင်းမှုန်လို့ နေတယ်။ တိတ်ဆိတ်လို့ နေပါတယ်။ ကိုယ်သိတဲ့ ကျွမ်းတဲ့ ပတ်ဝန်းကျင်တွေ အဖော်အပေါင်းတွေ အမှီအခိုတွေလည်း မရှိတော့ဘူး။ ကိုရင်ဘဝကို ခံယူတဲ့အချိန်မှာ ဘုန်းကြီးကျောင်းတော်ကြီးနဲ့ ရဟန်းသံဃာတွေက အဆင်သင့် ဝတ်စရာ သင်ကန်း၊ နေစရာ အမိုးအကာ၊ စားစရာ ဆွမ်းအတွက် အဆင်သင့် ရှိနေပြီးသား၊ ကိုရင်ဘဝပြောင်းဖို့အတွက် နည်းနာ အစီအမံ လမ်းညွှန်ချက် အပြည့်အစုံနဲ့ ကြိုဆိုပြီး ကိစ္စ ပြီးအောင် အဆင်သင့် လုပ်ပေးကြတာ။ နက်ဖြန်ကစလို့လည်း မြင့်မြတ်တဲ့ ဒုလ္လဘရဟန်းဖြစ်မြောက်အောင် သိမ်ဝင်ဖို့ အပြည့်အစုံ ပြင်ဆင်ထားပြီးသား။ ရဟန်းဘဝမှာ ကျင့်ကြံဖို့ ဝိပသနာကမ္မဌာန်းတရားကလည်း စောင့်ကြိုနေပြီးသား။ အကုန်လုံးက နေရာတကျ အသင့်ဖြစ်နေလို့ပါလား။ ဘုရား တရား သံဃာတော်တွေ ကျေးဇူးက ကြီးလှပါလားလို့ပေါ့။ ကျနော်တွေးမိတာက ဗုဒ္ဓဘာသာဝင်မို့၊ သံသရာကို ယုံကြည်သူမို့၊ ကံကံရဲ့ အကျိုးကို ယုံကြည်သူမို့ ဆက်စပ်ပြီး အတွေးပေါ်မိတာပါ။ ငါ သေများသာ သွားရင် အဲသည်လို နောက်တဘဝ နောက်တခါ ဖြစ်ပျက်မှုမှာ အဲသည်လို ဝတ်စရာ၊ စားစရာ၊ နေစရာ၊ ကျင့်စရာ တရားနဲ့ အဆင်သင့် ဖြစ်ပါဦးမလား။ ဘယ်လိုများ ဖြစ်ပျက်မှုတွေကို ရင်ဆိုင်ရပါလိမ့်မလဲ လို့ပါ။ အခု သာမန် လူဘဝကနေ ကိုရင်ဘဝ ခေတ္တပြောင်းတာမှာ ကံအကျိုးပေးကောင်းမှုတွေကြောင့် အဆင်ပြေပြေ ချောချောမွေ့မွေ့ မြန်မြန်ဆန်ဆန် အေးအေးချမ်းချမ်း ဖြစ်ပျက် ပြောင်းလဲသွားတာပါ။ စိတ်ထဲမှာ လုံခြုံလို့ နေတာ။ အော် ဒီလိုမျိုး ဘဝကူးပြောင်းမှု ဖြစ်ဖို့ဆိုတာ တန်ဖိုးကြီးပါလားလို့ တွေးမိ ခံစားမိလိုက်တာပါ။
ဒါဆိုရင် ဒီကုသိုလ်ကောင်းမှုတွေကို အမျှအတန်းပေးဝေပြီး ကွယ်လွန်သူ မိခင်နဲ့တကွ သံသရာအဆက်ဆက်က သတ္တဝါတွေကိုလည်း သာဓုနုမော် ခေါ်ဆိုနိုင်ဖို့ လုပ်ခွင့် ပြုခွင့်ရတာဟာလည်း ထူးခြားတဲ့ အကျိုးပေးမှုပါလား၊ ကောင်းမွန်တဲ့ ကုသိုလ်ကံအလုပ်ပါလား။ ဒါကြောင့်လည်း စွန်းလွန်းဆရာတော်က ကျနော့်ကို သည်အလုပ်ကို လုပ်ခိုင်းတာပါလား၊ လုပ်ခွင့်ရတာလည်း ကံကောင်းလို့ပါလားလို့ တွေးနေမိပါတော့တယ်။
နောက်တနေ့ ဝေလီဝေလင်း အရုဏ်တက်မှာ သိမ်တက်ပြီး ရဟန်းဘဝကို ရောက်ပါတယ်။ မိခင်မကွယ်လွန်မီက အစွမ်းကုန် ပြုစုကုသခွင့်ရခဲ့တဲ့ ညီမလေးက မိခင်ကွယ်လွန်ပြီးတော့ သူလည်း တခုခု စွမ်းနိုင်သလောက်လုပ်ချင် ကုသိုလ်တွေ ပြုချင်နေသေးတာ။ အခုဟာက သူ့အကိုကပဲ ရဟန်းဝတ်ရတယ် ဆိုတော့ သိပ်ကျေနပ်ပုံမရပါ။ သူကိုယ်တိုင်ကလည်း သီလရှင်ဝတ်ဖို့ ခေါင်းရိတ်ရမှာ သိပ်မလိုလားတော့ အလှူအတန်း ဝေယျာဝစ္စ စီစဉ်တာတွေ ဆောင်ရွက်တာတွေကိုပဲ ကျျနော့် အိမ်သူနဲ့ ကျနော့် သမီးနဲ့ (အရင်လူ့ဘဝက မိသားစုပါ) လုပ်ကိုင်ပါတယ်။ အမေမကွယ်လွန်ခင်က သူက ထွန်းဖောင်ဒေးရှင်းကနေ စာပေဆုရတယ်။ ၂၀၁၅ မှာ အဖိုးအဖွားတွေ ရာပြည့်ပွဲလုပ်ခဲ့ပြီး အမှတ်တရစာအုပ်ကို အင်္ဂလိပ်လို ရေးသား ထုတ်ဝေဖြစ်ခဲ့တယ်။ ဒါကို ပူပူနွေးနွေး ဆုရပါတယ်။ အမေနေမကောင်းတော့ သူတဦးတည်း ဆုသွားယူရတာ။ ဆုငွေက ၁၅ သိန်းဆိုလား ရပါတယ်။ ရွှေတံဆိပ်လည်း ရတယ်ဆိုလားပဲ။ အခုတော့ သူလည်း ရဟန်းခံပေးရတဲ့ ကုသိုလ်တွေ ကံတွေ လုပ်ရတော့ သိမ်ဆင်းမှာလည်း သံဃာတော်တွေက ကျနော်အပါအဝင် ၁၅ ပါးဆိုတော့ အတော်ပဲ သံဃာတပါး ၁သိန်း သိမ်ဆင်း အမေ့အတွက် ရည်စူးပြီး လှူပါတယ်။ ဟန်ကျတာပေါ့လေ။ ပြီးတော့ စွန်းလွန်းကျောင်းက သံဃာဆောင်အတွက် လိုအပ်နေတဲ့ အခန်း ၂ ခန်းစာလည်း အခွင့်အရေးကြုံကြိုက်လို့ လှူခွင့်တွေ ရပြန်ပါတယ်။ တခန်းက ကွယ်လွန်သူ မိခင်ကို ရည်စူးပြီး လှူတာ၊ တခန်းကတော့ ကွယ်လွန်သူ အဘိုးအဘွားတွေအတွက် ရည်စူးပြီး လှူတာပါ။
ကျနော့်အတွက် ပိုပြီး ကောင်းတဲ့ အချက်တခုကတော့ ကိုယ်တိုင် တရားပြန်ထိုင်ခွင့်ရတာပါ။ တခါထိုင်ရင် ၂ နာရီတောင် တနေ့ ၃ ကြိမ် ထိုင်ရတာ ထိုင်နိုင်တယ် မထင်ပါနဲ့။ မထိုင်နိုင်လည်း ကြိုးစားပြီး ထိုင်ခွင့် ကြုံရတာပါ။ အဘိုးတွေ အဘွားတွေ၊ ၂ဘက်သော မိဘတွေရဲ့ မိသားစုတွေ မှီဝဲကိုးကွယ် ဆည်းကပ်ရာမှာ ပြန်လည် ဆုံစည်းခွင့်ရတာ တရားကုသိုလ်ကံ ပြန်ဆက်ရတာပါ။ ပြီးတော့ ကျနော်ရဲ့ အိမ်သူနဲ့ သမီးတို့လည်း ကျနော် ရဟန်းဘဝရောက်နေတုန်း မနက်တိုင်း လာပြီး တနေ့ ၂ နာရီ တရားထိုင်ဖို့ အခွင့်အရေးရကြတာ။ သူတို့လည်း တရားထိုင်ခြင်းရဲ့ အရသာကို သိခွင့်ရကြတာပေါ့ ခင်ဗျာ။ စိတ်ထိခိုက်နေရသူ အဖေကိုယ်တိုင်ကလည်း သူ့သား ရဟန်းဝတ်နေတုန်းမှာ မနက်တိုင်း တရားလာထိုင်ပါတယ်။ သူလည်းပဲ ကျေနပ်နှစ်သိမ့်မှု ရပါတယ်။ ညီမလေးကလည်း တရားထိုင်ဖော်တွေ တိုးလို့ ဝမ်းသာရပါတယ်။ သည်လိုဆိုတော့လည်း နာရေးခရီးဆိုတာဟာ ကျျန်ရစ်သူမိသားစုတွေအတွက် နှစ်သိမ့်ဖွယ်ရာ လမ်းခရီးမှတ်တိုင်ဖြစ်ရပါတယ်။
သည်လိုနဲ့ ကျနော်ရဲ့ ဒုလ္လဘရဟန်းဘဝဟာ ရက်တိုတိုကလေးအတွင်းမှာ ကုန်ဆုံးသွားပါတယ်။ ကျနော်က ချဲ့ကားပြီး ရေးနေတယ်လို့ စာဖတ်သူတွေက ထင်ကြမှာပါ။ ကျနော်ကတော့ ကိုယ့်မိသားစုအတွက် အမှတ်တရမို့လို့ စာနဲ့ ကြိုးစားပြီး ရေးထားမိတာပါ။ ရယ်စရာ မောစရာတွေကလည်း အများကြီးပါ။ ကျနော် ဘုန်းကြီးဝတ်တယ်လို့ မထင်ကြတာကြောင့် ကျနော်က မိတ်ဆွေအချို့ကို ယုံကြည်အောင် ဓာတ်ပုံတွေ ဘာတွေ ရိုက်ပြီး ပြောပြရပါတယ်။ ဓာတ်ပုံမြင်တာတောင် မထင်ကြတတ်လို့ သူများဆီကို ထောက်ခံခိုင်းရသေးတယ်။ မြင့်မြတ်တဲ့ ရဟန်းဘဝကနေ ကျနော်က လူ့ဘဝကို ပြန်ဆင်းသက်ရတာမှာလည်း ရယ်မောစရာနဲ့ မို့ုပါပဲ။
သည်လိုနဲ့ ၃ ရက်တာ ဒုလ္လဘရဟန်းဘဝအဖြစ်ကို ခေတ္တရောက်ရှိပြီးနောက် လူထွက်ရမယ့်အချိန်ကို ရောက်ရှိလာပါတယ်။ ဆရာတော်တပါးက ကျနော့်ကို သိက္ခာချပေးပါတယ်။ မြင့်မြတ်တဲ့ ရဟန်းဘဝကနေ ကိုရင်ကြီးဘဝ၊ ပြီးနောက် သာမန် ဥပသကာ လူ့ဘဝကို ရောက်ရှိအောင် အဆင့်ဆင့် ဆုံးမပြောဆိုပြီး သိက္ခာချသွားပါတယ်။ ဟုတ်ပါ့ဗျာ ... သိက္ခာချတာဆိုတော့ တကယ်ကို သိက္ခာကျတာပါ။ သာမန် ယုတ်နိမ့်သော လူ့ဘဝကို လျောကျသွားတာကို ဆင်ခြင်မိတော့ ဝမ်းနည်းမိပါတယ်။ ကိုရင်စ ဝတ်စဉ်က အပြည့်အစုံ စားစရာ၊ ဝတ်စရာ၊ နေစရာ၊ ကျင့်စရာ တရားနဲ့အပြည့်အစုံ ဘဝအသစ်တခု စတင်ခဲ့ရတာကို ပြန်တွေးမိပြီး အခု အဲသည်ဒုလ္လဘ - ရခဲသော ဘဝကနေ လျောကျသွားတာကို တွေးမိတာကိုး။
သည်လိုနဲ့ ရဟန်းသံဃာဘဝကနေ သင်းကန်းဝတ်လူတဦးအဖြစ်ကို ကျဆင်းရောက်ရှိသွားပါတယ်။ ယခင် လူဘဝကို ပြန်လည် သက်ဆင်းသွားရပါတော့တယ်။ ဝတ်ထားတဲ့ သင်ကန်းကနေ သာမန် လူသားတို့ရဲ့ အဝတ်အစား ပုဆိုးတို့ တီရှပ်တို့ကိုသာ ပြန်ဝတ်ဆင်ရပါတော့မယ်။ အရှင်လတ်လတ် လူ့ဘဝပြန်ရောက်သွားတော့ အဲဒါကို လာစောင့်ကြိုနေတဲ့ ကိုယ့်မိသားစုဝင်တွေဘက်ကို လှည့်ကြည့်ပြီး ဝတ်စရာ အဝတ်အစား လှမ်းတောင်းရပါတယ်။ ကျနော့်အိမ်က ဘဝအဟောင်းကို ပြန်လာသူ ကျနော့်အတွက် ဝတ်စရာ ပုဆိုးနဲ့ အကျီ အဆင်သင့် သယ်မလာခဲ့မိပါတဲ့။ မေ့သွားကြပါသတဲ့။ ဒါနဲ့ ဘုန်းတော်ကြီးကျောင်းနားက စျေးလေးမှာ သူတို့တတွေ ဝတ်စရာ ပြေးဝယ်ကြတော့ ကျနော်လည်း သင်ကန်းတွေ ထိုင်လျော်ရင်း စောင့်နေခဲ့ရတာပေါ့။
အဲသည်ကျတော့လည်း ရယ်ရယ်မောမောနဲ့ စဉ်းစားစရာ ရပါတယ်။ ဘာတွေပဲ ဘဝမှာ လျောက်ပြီး ကြီးကြီးကျယ်ကျယ် တရားတွေ ဘာတွေ တွေးနေ ပြောနေပါစေ တကယ် လက်တွေ့ဘဝမှာ ကိုယ့်နောက်ကို ပြန်လှည့်ကြည့်လိုက်တဲ့အခါ ဝတ်စရာတောင် ရှိချင်မှ ရှိမှာ ဆိုတာပေါ့နော်။
သည်လိုနဲ့ပဲ ကျနော်တို့ မိသားစုလည်း ပြန်လာခဲ့ကြတယ်။ တခုပဲ ကျနော့် အဖေနဲ့ ညီမလေးတို့ကို ကတိပေးခဲ့ပါတယ်။ ယခင်တုန်းကတော့ သူတို့မိသားစုက ၃ ဦး တဘဝပေါ့။ အခုတော့ ၂ ဦး တဘဝနဲ့ ဆက်ပြီး ရပ်တည်နေကြစရာ မလိုပါ။ ကျနော်တို့ ၃ ဦးနဲ့ သူတို့ ၂ ဦးပေါင်းပြီးတော့ မိသားစုဟာ ၃ ဦးကနေ ၂ ဦး ဖြစ်သွားတာ မဟုတ်ပါဘဲ ၅ ဦးရှိတဲ့ မိသားစုအဖြစ်နဲ့ ဆက်သွားကြမယ် ဆိုတာ ဖြစ်ပါတယ်။
အမေ ကောင်းရာသုဂတိ လားပါစေ။ ဗုဒ္ဓဘာသာဝင်တဦးအဖြစ် နိဗ္ဗာန်ရောက်ရာ တရားတွေ ဆက်လက် အားထုတ်နိုင်ပါစေ။