My Grand Uncle
မောင်စွမ်းရည် - ကျွန်တော်သိဖူးတဲ့ ဦးလွင်
(မိုးမခ) သြဂုတ် ၁၉၊ ၂၀၁၇
ဦးလွင်နှစ်ယောက်ကို ကျွန်တော်သိဖူးပါတယ်။ တစ်ယောက်က ဒီမိုကရေစီ ဦးလွင်ဖြစ်ပါတယ်။ တစ်ခြားတစ်ယောက်က ကွန်မြူနစ် ဦးလွင်ဖြစ်ပါတယ်။
သူပုန်ဦးလွင်ကလည်း မူလက ဗမာ့တပ်မတော်ကပဲလို့ ရေးတေးတေးမှတ်မိပါတယ်။ တပ်မ တော်ကနေ သွားတာလား၊ ကွန်မြူနစ်ပါတီကနေ သွားတာလား သေချာမမှတ်မိတော့ပါ။ (သူ့မြေး မိုးမခ မောင်ရစ်သိရင်ပြင်ပေးပါလိမ့်မယ်။ ကြိုတင်ကျေးဇူးတင်လိုက်ပါတယ်)။ သူက ဆိုရှယ်လစ် နိုင်ငံတွေကို သွားရတာပါ။ စာရေးဆရာမင်းလတ်(ရဲခေါင်)လိုပါပဲ။ မင်းလတ်ရဲခေါင်ကတော့ ဘာ သာသိပ္ပံကိုစူးစိုက်လေ့လာသူဖြစ်ခဲ့ပြီး ဦးလွင်ကတော့ စာနယ်ဇင်းပညာကိုစူးစိုက်လေ့လာခဲ့ပါ တယ်။ ဟံသာဝတီဦးဝင်းတင် နိုင်ငံခြား(နယ်သာလန်)မှာ သင်ယူခဲ့ရပုံနဲ့ အတူတူပဲဖြစ်မယ်ထင်ပါ တယ်။ ရုရှားနဲ့တရုတ်သဘောကွဲလွဲကြတော့ ဗမာပြည်ကွန်မြူနစ်ပါတီက တရုတ်ဘက်ပါခဲ့ပါ တယ်။ ဒါ့ကြောင့် ဥရောပရောက်ဗမာပြည်ကွန်မြူနစ်များလည်း တရုတ်ပြည်ကိုကူးပြောင်းခဲ့ကြရပါ တယ်။
ဗမာပြည်ကွန်မြူနစ်တွေက တောခိုကွန်မြူနစ်တွေမဟုတ်လား။ ဥရောပနိုင်ငံတွေက “မြို့ခိုကွန်မြူနစ်” တွေနဲ့ အနေအစားမတူနိုင်ကြဘူးပေါ့။ တွေးခေါ်ယူဆပုံတွေမှာလည်း မတူနိုင်ကြ ဘူး။ မင်းလတ်ရဲခေါင်လည်း နေလို့မရလို့ ဗမာပြည်ဘက်ကိုပြန်လာရင်း လမ်းများကဖြစ်ကညစ်နဲ့ အသေဆိုးသေခဲ့ရရှာပါတယ်။ ဦးလွင်ကတော့ လူငယ်အဖော်တွေ ၄-၅ယောက်ပါလာခဲ့ပါတယ်။ မအိတို့၊ သန်းစိုးနိုင်တို့ ပါလာခဲ့ကြာတမှတ်မိပါတယ်။ သန်းစိုးနိုင်က မကြာခင် အဖိုးမှိုင်းရဲ့ မြစ် သမက်ဖြစ်လာခဲ့ပါတယ်။
ဦးလွင်က ပန်းချီဝါသနာပါသတဲ့။ လူပျိုကြီး တစ်ကိုယ်တည်းနေတဲ့အခန်းထဲမှာ သူ့ပန်းချီကား တွေချိတ်ဆွဲထားပြီး အရိပ်တကြည့်ကြည့်နေတတ်သတဲ့။ တစ်ခါတစ်လေလည်း အခန်းထဲမှာ ပန်း ချီဆွဲလေ့ရှိတယ်။ အဲသလို အနုပညာမွေ့လျော်ပြီး သပ်သပ်ရပ်ရပ်ဝတ်စားနေထိုင်တာကို တောခို ကွန်မြူနစ်တစ်ချို့က ဓနရှင်ပေါက်စလူတန်းစား၊ ဘူဇွာဆန်တယ်လို့ ယူဆခဲ့ကြသတဲ့။ တစ်ချို့က စုတ်စုတ်ပြတ်ပြတ်နေမှ ပစ္စည်းမဲ့ဆန်တယ်ဆိုပြီး တမင်စုတ်စုတ်ပြတ်ပြတ် နေတတ်ကြသတဲ့။ ဦးလွင် အနုအလှကို ဥက္ကဋ္ဌကြီးသခင်သန်းထွန်းလည်းကြိုက်တာပဲ။ ကွန်မြူနစ်ဆိုတာ အလှအပ ကြိုက်ရတယ်လို့ ပြန်ပြောလေ့ရှိသတဲ့။ ကျွန်တော်တို့ မောင်သာနိုးဟာ အိပ်ယာခမ်းနား၊ အဝတ်အစား သပ်သပ်ရပ်ရပ်နေတတ်တယ်။ မီးပူတိုက် ကြွေတင်အကျီင်္၊ လုံခြည်ကို ဝတ်လေ့ရှိ တယ်။ ဒါ့ကြောင့် တစ်ချို့သူ့ရဲဘော်တွေက “ ဗိုလ်နိုးက ဘူဇွာဆန်တယ်။ တယ်ပြီး အလှအပ၊ အသန့်အပြန့် ကြိုက်တာကိုး” လို့ မကြာခဏဝေဖန်ခံခဲ့ရဖူးတယ်။ “ကွန်မြူနစ်လဲ ဆိုသေးရဲ” လို့ တစ်ချို့နောက်ဆက်တွဲ မှတ်ချက်ထည့်လိုက်ပါသေးတယ်။ ကိုသားနိုးက “ ကျုပ်က အကောင်း ကြိုက်လို့ ကွန်မြူနစ်ဖြစ်တာ” “ ကျုပ် ကွန်မြူနစ်မို့ အလှကြိုက်တာ” စသဖြင့် ဖြေတတ်ပါတယ်။ တစ်ချို့က ကွန်မြူနစ်ဂိုက်ဖမ်းတယ်ဆိုပြီး ခုံဖိနပ်နဲ့ ဖျင်ကြမ်းလုံခြည်၊ အကျီင်္နဲ့ မဖွတ်မလျှော်နေလေ့ ရှိတယ်။ “ပစ္စည်းမဲ့” ဆိုတာကို “စုတ်စုတ်ပြတ်ပြတ်” လို့ အဓိပ္ပါယ်ကောက်ကြလို့ ဖြစ်ရတာပါ။ ကွန် မြူနစ်က ကွန်မြူနစ်ကိုအထင်သေးတဲ့သဘောပါပဲ။ ဒီလိုလူမျိုးတွေဟာ “ အကောင်း၊ အလှ” နဲ့ ကြုံရင် ကွန်မြူနစ်လူထွက်ဖြစ်သွားတော့တာပါပဲ။
ဦးလွင်က ကျန်းမာရေးလည်းသိပ်မကောင်းလို့ အနားယူဆေးကုဖို့လိုအပ်နေပါတယ်။ ဒါ့ကြောင့် ဗမာပြည်ရှိသူ့ရဲ့အစ်မအရင်းရှိရာကို ပြန်လာခဲ့ပါတယ်။ အစ်မအရင်းက ဒေါ်ခင်မျိုးချစ် ပါ။ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်ပါ။ သူတို့က ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုး တို့နဲ့ အတူနေခဲ့ကြလို့ မူလကကွန်မြူနစ်နဲ့နီးစပ်ခဲ့ဖူးပေမယ့် ဦးလွင် ပြန်လာချိန်မှာတော့ “ ဒီမို” တွေဖြစ်နေကြပါပြီ။ ဦးလွင်ရဲ့ အမည်ရင်းက ဦးသိန်းအောင်တဲ့။ ဦးလွင်ဆိုတာ ကွန်မြူနစ်ပါတီ တွင်း နာမည်ပါ။ ကျွန်တော်တို့က ဒေါ်ခင်မျိုးချစ်မှာ မောင်ငယ်တစ်ယောက်ရှိတယ်ဆိုတာကို လုံးဝမသိဖူးပါ။
ကျွန်တော့်အိမ်နဲ့ ဒေါ်ခင်မျိုးချစ်တို့အိမ်နဲ့ နီးပါတယ်။ မကြာမီ လူတစ်ယောက ကျွန်တော့် အိမ်ရှေ့ရောက်လာပါတယ်။ ကွန်မြူနစ် ယူနီဖောင်းနဲ့ပဲတူပါရဲ့။ ကာကီစိမ်းဝတ်စုံနဲ့၊ တရုတ်ကွန်မြူ နစ်တွေစောင်းလေ့ရှိတဲ့ လျှာထိုးဦးထုပ်နဲ့။ ဦးထုပ်မှာ ကြယ်နီ နဲ့ပါ။ ပိန်ပိန်ရှည်ရှည် ဒေါ်ခင်မျိုးချစ် တို့ပုံစံပါပဲ။ ကျွန်တော် အိမ်ကထွက်တွေ့တော့ သူ့ကိုယ်သူမိတ်ဆက်ပါတယ်။ “မောင်လွင်” တဲ့။ မြင်းခြံက ကျွန်တော့်ညီ၊ ကျွန်တော့တူ၊ ကျွန်တော့အပေါင်းအသင်းတွေနဲ့ တရုတ်ပြည်မှာတွေ့ဆုံ ခဲ့ ကြဖူးတယ်လို့ ပြောပြပါတယ်။ ရောက်လျှင် ရောက်ချင်း တမ်းကတဲ့ပုံစံပါပဲ။ စာသမား၊ ပန်းချီသမား ဆိုတော့ ကျွန်တော်နဲ့ချက်ချင်းခင်မင်သွားကြပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးစကား မပြောကြပါ။ စာကြောင်း၊ ပေအကြောင်း၊ ပန်းချီအကြောင်းတွေပဲ ပြောကြပါတယ်။ သူ့အစ်မဖို့ လက်ဆောင်ယူလာတဲ့ သူ့ပန်းချီကား တစ်ကား၊ နှစ်ကားကိုလည်း ပြပါတယ်။ သူရေးတဲ့ မြန်မာစာ စာတမ်းတစ်ခုကိုလည်း ပြပါတယ်။ မိုးမခမောင်ရစ်တို့က စာအုပ်ထုတ်ဖို့ကောင်းပါတယ်။ မိုးမခ မှာ တင်ပြရင်လည်း အများဖတ်ရတာပေါ့။
ကျွန်တော်တို့ ချက်ချင်းရင်းနှီးခင်မင်သွားကြတယ်။ ဒေါ်ခင်မျိုးချစ်တို့အိမ်ကိုလည်း အသွားစိတ် သွားခဲ့ပါတယ်။ ဒေါ်ခင်မျိုးချစ်က ကျွန်တော်သွားရင် “ ဟဲ့ကောင် … နင် ငါ့ဆီလာတာလား။ နင့် အဖေဆီ လာတာလား။ ငါ့ဆီလာတာမဟုတ်ရင် အပေါ်မတက်ခဲ့နဲ့။ အောက်မှာပဲ နင့် အဖေနဲ့ စကားပြောချေကြ” လို့ မောင်းချလေ့ရှိပါတယ်။ ကျွန်တော်တို့လည်း ခြံထဲကသစ်ပင်တွေကြားထဲ မှာ ခုံလေးများနဲ့ထိုင်ပြီး စကားပြောကြပါတယ်။ ဦးလွင်မှာ ကျွန်တောကလွဲပြီး ဧည့်သည်မရှိပါ။ ဆရာတက်တိုးဆီသွားချင်တယ်ဆိုလို့ လိုက်ပို့ရဖူးပါတယ်။ ပန်းသီးတွေ ထင်ပါရဲ့။ ဝယ်ပြီး အိတ်နဲ့ ထည့်လာခဲ့ပါတယ်။
ဆရာတက်တိုးဆီရောက်သွားတော့ အံ့ကြရပါတယ်။ ဆရာတက်တိုးက “ ဟဲ့ မောင်သိန်း အောင်လား” လို့ ငယ်နာမည်ခေါ်ပြီး ဦးလွင်ကိုဆီးနှုတ်ဆက်ပါတယ်။ ဦးလွင်နဲ့ကျွန်တော်က သစ်သီးတွေ ဆရာ့ရှေ့ချပြီး ကန်တော့ကြပါတယ်။ ဆရာက ဆုပေးပြီး “ ကွန်မြူနစ်လူငယ်တွေထဲ မှာတော့ ဒီကောင် အတော်ဆုံး” ကွလို့ ကျွန်တော့်ကိုပြောလို့ “ဓနရှင်လူကြီးတွေမှာလည်း ဒီဆရာ အတော်ဆုံး” လို့ ကျွန်တော်က ပြန်ပြောလို့ အားလုံး ရယ်ကြ၊ မောကြရပါတယ်။ ကျွန်တော်က ကွန်မြူနစ် မဖြစ်ဖူးပေမယ့် ကွန်မြူနစ်သဘောတရားတွေနဲ့ စာပေဝေဖန်ခဲ့လို့ ကွန်မြူနစ်အခေါ်ခံခဲ့ ရပါတယ်။
မကြာခင် ဦးလွင် ဆေးရုံတက်ရပါတယ်။ အစကတည်းက ကျန်းမာရေး မကောင်းရှာလို့ပါ။ တစ်နေ့တော့ မောင်ငယ်ရဲ့ လက်ကလေးကိုကိုင်ပြီး အစ်မကြီးက ဘုရားစာတွေရွတ်တော့ မောင်ငယ်က သူ့လက်ကို ဆတ်ခနဲရုတ်ပြီးငြင်းဆန်လို့ မောင်နှမနှစ်ယောက် ရန်ဖြစ်ကြသတဲ့။ ဆွေမျိုးထက် ကွန်မြူနစ်ကို ချစ်တယ်တဲ့။ ခု သေခါနီးမှ ငါ့ကို ဒုက္ခလာပေးတယ်လို့လည်း ဆိုသတဲ့။ ဆေးရုံကဆင်းလာပြီးတော့ ဦးလွင်က အိမ်မှာသိပ်မကပ်တော့ဘူး။ ဦးခင်မောင်လတ်ရဲ့ တူ (ရဲအရာရှိ ဦးဘသော်ရဲ့သား) ခင်မောင်စီ(ခင်မောင်ရီရဲ့ညီ)အိမ်မှာ သွားနေလေ့ရှိပါတယ်။ အနောက်နားမှာ သိပ်မဝေးပါဘူး။ တစ်ခါတစ်လေ ဦးခင်မောင်လတ်က ထမင်းပို့ပေးပါတယ်။ ကြက်ပေါင်း လာပို့တာပါ။ တစ်ခါတစ်လေ ကွန်မြူနစ်ဟောင်း ဦးကြီးမြင့်ဆိုသူကလည်း စားစရာ အထုပ်ကလေးနဲ့ လူမမာလာမေးသလိုလာလေ့ရှိလို့မိတ်ဆွေဖြစ်ခဲ့ရဖူးပါတယ်။ ဗိုလ်ချုပ်ကျော်ဇော ရဲ့ ပဲခူးတပ်ရင်းအိမ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့သခင်စိုးတို့ ဖက်ဆစ်တော်လှန်ရေးကိစ္စ ဆွေးနွေးရ အောင်စီစဉ်ပေးဖို့ သခင်သန်းထွန်းကတာဝန်ပေးခဲ့တဲ့ရဲဘော်ကြီးလို့ စာတွေထဲမှာဖတ်ရဖူးပါတယ်။
တစ်နေ့တော့ ကျွန်တော်စာပေဟောပြောပွဲခရီးတွေက ပြန်အလာမှာ အိမ်နီးချင်း ရွှေကူမေနှင်း က ဦးသိန်းအောင် ဆုံးပြီ။ ခုပဲ ဆရာ့အိမ်ရှေ့က ကြံတောကိုသွားပြီး သဂြိဟ်ခဲ့ကြတယ်။ ကျွန်မ ခုပဲ ပြန်လာခဲ့တယ်။ လိုက်သွား…..လိုက်သွား…….. အလောတကြီးပြောတာနဲ့ ကျွန်တော်လည်း ချက်ချင်းလိုက်သွားခဲ့ပါတယ်။ အဲဒီမှာ ဦးလွင်ရဲကတူ ဒေါက်တာခင်မောင်ဝင်းနဲ့ ဇနီးရွှေရီဝင်းတို့ နှစ်ယောက်ပဲ မီးသင်္ဂြိုဟ် တဲ့နေရာကထွက်လာကြတာတွေ့ရပါတယ်။ ဒါနဲ့ ကျွန်တော်လည်း တစ်ယောက်တည်းသွားပြီး ဂါရဝပြုလိုက်ရပါတယ်။ လက်အုပ်ချီရင် သူက ကြိုက်မယ်မထင်ဘူး။ ဒါနဲ့ လက်သီး ဆုပ်ပြီး ကိုယ့်နဖူးအနီးမြှောက်ပြီး အလေးနီ ပြုခဲ့လိုက်ပါတယ်။ ရဲဘော်ကြီး ဦးလွင် ရောက်ရာဘဝမှာ (နောင်ဘဝကို သူမယုံတောင်၊ ကျွန်တော်က ယုံလို့) သူ ဒီဘဝဖြစ်ချင်ရှာတဲ့ ပန်းချီဆရာ၊ စာရေးဆရာဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းလိုက်ပါတယ်။
မောင်စွမ်းရည် (၂၀၁၇ ၊ သြဂုတ် ၂)