သူတို့အာဘော်

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ဘယ်သူ့လက်ထဲမှာ အာဏာရှိသလဲ

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ဘယ်သူ့လက်ထဲမှာ အာဏာရှိသလဲ
(မိုးမခ) မေ ၁၄၊ ၂၀၁၈

ယခုလပိုင်းတွင် ဆန္ဒပြပွဲတွေဆက်တိုက်ဆိုသလိုဖြစ်လာပြီး ဆန္ဒပြပွဲအများစုမှာ ငြိမ်းချမ်းရေးအတွက် စစ်ပွဲများ ရပ်တန့်ပေး ကြဖို့ လက်နက်ကိုင်ဆောင်ထားသော အဖွဲ့အစည်းအားလုံးကို တောင်းဆိုဆန္ဒပြကြခြင်းဖြစ်ကာ ဓါးမဦးချ ဘိုးဘွားပိုင် မြေ ယာများအတွက် သီလဝါဆိပ်ကမ်းစက်မှုဇုန်တွင် ဖြစ်ပွားကြခြင်းဖြစ်သည်။

ဆန္ဒပြပွဲများကို တားဆီးခြင်း ပိတ်ပင်ခြင်း ဖမ်းဆီးခြင်းများရှိခဲ့ပြီး သီလဝါတွင် ပစ်ခတ်ဖမ်းဆီးနှိမ်နှင်းမှုများအထိ ရှိခဲ့သည်။  ထိုဆန္ဒပြပွဲများကို တားဆီးပိတ်ပင်နေရသည့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များကို ပြည်သူလူထုတို့က တင်မြှောက်ရွေးကောက်ထား သော ပြည်သူ့အစိုးရက စီမံခန့်ခွဲရန်တာဝန်ရှိသလား ပြည်ထဲရေးဌာနက စီမံခန့်ခွဲရန် တာဝန်ရှိသလား ပြည်သူ့တပ်မတော် က စီမံခန့်ခွဲရန်တာဝန်ရှိသလားဆိုတာ ပြည်ထောင်စုမြန်မာနိုင်ငံသားတိုင်းက သိနားလည်ထားသည့် အရာတခုရှိ သည်မှာ ပြည်သူလူထုတို့က စုပေါင်းထည့်ဝင်ထားသော အခွန်ငွေများက ပေးချေနေသော  နိုင်ငံတော်၏လစာများ ရိက္ခာများ ကျန်းမာ ရေး ပညာရေး လူမှုဖူလုံရေးကိစ္စများကို နိုင်ငံဝန်ထမ်းများအဖြစ်ခံယူကာ တာဝန်ယူဆောင်ရွက်နေသူ အားလုံးတို့သည် ပြည်သူလူထုအပေါ်တွင်သာ သစ္စာခံရမည် သစ္စာရှိကြရမည်ဖြစ်သည်။

တနည်းအားဖြင့် ဆန္ဒပြသူများသည် နိုင်ငံတော်သို့ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း အခွန် ဆောင်ထားသော အခွန်ထမ်းပြည်သူများပင်ဖြစ်သည်။  ထိုသူတို့၏ အခွန်ငွေကြေးများသည် အခွန်ဦးစီးဌာနသို့ရောက်သည်။  ထိုမှတဆင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ရောက်သည်။  ထိုမှ အခြားသောဌာနပေါင်းစုံသို့ ဘတ်ဂျက်များချပေးပြီး ယူနီဖောင်း များ စရိတ်စကများ သက်သာချောင်ချိရေးကိစ္စများ လစာများ ရိက္ခာများ ပင်စင်များ လူမှုဖူလုံရေးများ ဖြစ်လာသည်။ ထို့ကြောင့် နိုင်ငံဝန်ထမ်းအားလုံးတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံသားအားလုံးတို့၏ အခွန်ငွေများကို စားသုံးကာ ပြည်ထောင်စုမြန်မာနိုင်ငံသားများတို့၏ ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းပေးရန် ဂျူတီများ လုပ်ပိုင်ခွင့်များ အာဏာများဖြင့် ပံ့ပိုးပေးထားခြင်းကို ရရှိနေခြင်းဖြစ်သည်။

ဤသို့ဆိုလျှင် ဆန္ဒပြသူများသည် ပြည်သူများဖြစ်ပြီး ပြည်သူ့ဝန်ထမ်းဖြစ်သော ပြည်သူ့ရဲတပ်ဖွဲ့တို့သည် ဆန္ဒပြသူတို့၏ ဝန်ထမ်းများဖြစ်သည်။ ဒါဆိုလျှင် ပြည်သူလူထုတို့ကို ကာကွယ်ပေးရမည်လား အထက်အမိန့်အတိုင်း ဆောင်ရွက်ကြရမည် လားဆိုတာ စဉ်းစားစရာဖြစ်သည်။  ထိုအထက်အရာရှိကိုရော မည်သူက ခန့်အပ်ထားသနည်းဆိုလျှင် ပြည်သူက ခန့်အပ် ထားပြီး ပြည်သူတို့၏ အခွန်အခများ ထောက်ပံ့ပေးခြင်းများကို ရရှိထားသူပင်ဖြစ်သည်။  အဖြေက ထိုမှာပင်ရှင်းပြီဖြစ်သည် အာဏာရအစိုးရအဖွဲ့အစည်း တရားရေးအဖွဲ့စည်း ဥပဒေပြုရေး လွှတ်တော်အမတ်များနှင့် နိုင်ငံဝန်ထမ်းအားလုံးတို့သည် ပြည်သူတို့ထံမှ ပေါက်ဖွားဆင်းသက်လာကာ ပြည်သူလူထုတို့က ပေးဆောင်သော အခွန်ငွေဖြင့်ရပ်တည်ရကာ ပြည်သူလူထု တို့၏ အရေးကိစ္စအလုံးစုံအတွက် တာဝန်ထမ်းဆောင်ပေးရန် တာဝန်ယူပေးရန် တာဝန်ခံပေးရန် ပြည်သူလူထုကပင် ခန့် အပ်ထားခြင်း ရွေးကောက်တင်မြှောက်ထားခြင်းဖြစ်သည်မှာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ကလေးအစ ခွေးအ ဆုံး အားလုံးအသိပင်ဖြစ်သည်။

ယခုလို ပြည်သူလူထုတို့၏ လိုအင်ဆန္ဒများ အခက်အခဲများ အခွင့်အရေးများ အခြေခံဥပဒေစာအုပ်ပါ နိုင်ငံသားတဦး၏ ရပိုင်ခွင့် လုပ်ပိုင်ခွင့် ပြောရေးဆိုခွင့် တောင်းဆိုပိုင်ခွင့် လွတ်လပ်စွာ ရေးသားပြောဆိုခွင့် စသည်တို့ကို အသုံးပြုချိန်တွင် ထို ပြည် သူလူထုကပင် ခန့်အပ်ထားသော နိုင်ငံ့ဝန်ထမ်းများက တားဆီး၍ရသလားဆိုသည်မှာ ဆွေးနွေးရမည့်အချက်ဖြစ်သည်။ သို့သော် အောက်ခြေဝန်ထမ်းများကတော့ တာဝန်အရမို့ လုပ်ရသည် အမိန့်ကိုလွန်ဆန်၍မရသောကြောင့် လုပ်ရသည်ဟု အဖြေထွက်ကောင်း ထွက်လာနိုင်သည်။  ထိုအမိန့်များသည် မည်သည့်နေရာများ မည့်သည်ပုဂ္ဂိုလ်များထံက ပေါ်ထွက် လာကြပါသနည်း။  နယ်မြေများ ခရိုင်များ တိုင်းများ အဆင့်ဆင့် လိုက်လံကြည့်လျှင် ပြည်ထဲရေး ဝန်ကြီးဌာနထံသို့ ရောက် မည်ဖြစ်သည်။  ထိုသို့ဆိုလျှင် ပြည်ထဲရေးဝန်ကြီးကို ဘယ်သူခန့်အပ်တာဝန်ပေးသလဲ။  သေချာတာကတော့ ပြည်သူလူထု၏ ဆန္ဒမဲများဖြင့် ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားပြုလွှတ်တော်အမတ်တဦးဖြစ်ရမည်ဖြစ်သည်။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော ပြည့်သူ့ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမတ်တဦး မဟုတ်ပါက ပြည်သူတို့၏ဆန္ဒများအရ ပြည်သူထူထုတို့၏အခွင့်အရေးများကို ကာကွယ်ပေးသည်ဟုပြောဆို၍ ရမည် မဟုတ်ပါ။  ဥပမာအားဖြင့် ပြည်သူလူထု အနည်းငယ်က သူတို့၏ မွေးရာပါရပိုင်ခွင့်များ လူ့အခွင့်အရေးများ ပြောရေးဆိုခွင့်များ အရ လွတ်လပ်စွာ ဆန္ဒထုတ်ဖော် ပြောဆို ရေးသားကြသည်ဆိုလျှင် ပြည်သူအများ၏ဆန္ဒများက မည်သို့မည်ပုံရှိသည် တားဆီးမည် ဖမ်းဆီးမည် ဆန္ဒထုတ်ဖော်ခွင့်ပြုမည် စသည်တို့ကို ထိုပြည်သူအများစုကပင် ဆုံးဖြတ်ရမည်ဖြစ်သည်။ ထိုကဲ့ သို့ စဉ်းစားဆုံးဖြတ်ပိုင်ခွင့် အခွင့်အရေးများ တာဝန်များ ဝတ္တရားများကို ပြည်သူ လူထုကိုယ်စား ဆုံးဖြတ်စီရင်နိုင်စေရန် ပြည်သူလူထုက တင်မြှောက် ရွေးကောက်ထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ရှိပြီးဖြစ်သည်။ ထိုပြည့်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ယူမှု တာဝန်ခံမှု ဆုံးဖြတ်စီရင်မှုများ မပါဝင်ဘဲ မည်သည့်အဖွဲ့အစည်း ပုဂ္ဂိုလ် တဦး တယောက်ကမျှ တားဆီးပိတ်ပင်ခြင်း ဖမ်းဆီးခြင်း ခွင့်ပြုပေးခြင်းတို့ကို မပြုလုပ်နိုင်အပ်ပေ။ ထိုသို့ ပြုလုပ် ဆုံးဖြတ်ခဲ့ သည်ရှိသော် ပြည်သူလူထုတို့၏ဆန္ဒတို့ကို အလေးအမြတ်မပြုရာ ဂရုမစိုက်ရာရောက်ပြီး ပြည်သူလူထုနှင့် စင်ပြိုင်အစိုးရကဲ့ သို့သော အနေအထားတရပ်ကိုပြုလုပ်နေခြင်းဖြစ်ပြီး ပြည်သူလူထုကိုပုန်ကန်မှု ပြည်သူလူထုကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေ မှုဖြစ်ပြီး ထိုပုဂ္ဂိုလ်တို့သည် ပြည်သူလူထုတို့၏ဆန္ဒတို့ကို အလွဲသုံးစားလုပ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

အာဏာဆိုသောအမြုတေသည် မည်သည့်နေရာကဖြစ်တည်လာသလဲဆိုလျှင် ပြည်သူလူထု တဦးချင်းစီတို့၏ မွေးရာပါ လူ့အခွင့်အရေး ရပိုင်ခွင့်များ အခြားသူများကို မထိခိုက်စေသော လွတ်လပ်စွာ ပြောရေးဆိုခွင့်များ တာဝန်များ ဝတ္တရားများ ကျင့်ဝတ်များ ကိုယ်ကျင့်တရားများ စည်းကမ်းများ ဂုဏ်သိက္ခာများစုပေါင်းကာ တဦးချင်း လုပ်ပိုင်ခွင့် ရပိုင်ခွင့် တာဝန်ယူမှု တာဝန်ခံမှုများမှ အခွင့်အရေး နှင့် တာဝန်များမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထို တဦးတယောက်ချင်းစီတို့၏ အခွင့်အရေး နှင့် တာဝန်များကို စုပေါင်းကာ ဆန္ဒမဲများဖြင့် ပြည်သူ့ကိုယ်စားလှယ် လွှတ်တော်အမတ်များကို တာဝန်ပေးထားခြင်းမှ အာဏာ ဆိုသောအရာဖြစ်တည်ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုက တင်မြှောက်ရွေးကောက်ထားမှသာ ပြည်သူ့ကိုယ်စားလှယ် ကိုယ်စားအဖြစ်ကိုရောက်ရှိ ရရှိပြီး ပြည်သူလူထု တို့က ယုံကြည်စွာ ပေးအပ်ထားသော လုပ်ပိုင်ခွင့်များ ရပိုင်ခွင့်များ စီရင်ဆုံးဖြတ်ပိုင်ခွင့်များ တာဝန်များ ဝတ္တရားများကို ထမ်းဆောင်ခွင့်ရမည်ဖြစ်ပြီး ပြည်သူ့ကိုယ်စား ဆောင်ရွက် သည်ဟု ပြောဆို လုပ်ကိုင်၍ရမည် ဖြစ်သည်။

အစပိုင်းတွင်ပြောခဲ့သော ဆန္ဒပြပွဲများအကြောင်းကိုပြန်ကောက်ရလျှင် ဆန္ဒပြသူများသည် ဘာကိုဆန္ဒပြကြသလဲ ဘယ်လို ဆန္ဒပြကြသလဲ ဆန္ဒပြသူတွေရဲ့ရည်ရွယ်ချက်ကဘာလဲ ဘာအတွက်ဆန္ဒပြကြသလဲ ဆန္ဒပြပြည်သူလူထု အရေအတွက် ဘယ်လောက်လဲ ပြည်သူလူထု အရေအတွက် ဘယ်လောက်ရဲ့ဆန္ဒတွေကို ကိုယ်စားပြုသလဲ ဆန္ဒပြမှုရည်ရွယ်ချက်တွေဟာ မှန်ကန်မှု ရှိသလား မရှိဘူးလား စသည်ဖြင့် စဉ်းစားချင့်ချိန် ဆုံးဖြတ်ကာ ပြည်သူလူထု အများစုက ထိုကဲ့သို့သော နိုင်ငံ တော်၏ အရေးကိစ္စများကို စီရင်ဆုံးဖြတ်ခွင့်ရှိပါတယ်။ ပြည်သူလူထု အများစုက ပြည်သူ့ကိုယ်စားလှယ်များကို တာဝန်များ ပေးအပ်ထားတဲ့အတွက် ဒီတာဝန်တွေဟာ လွှတ်တော်နဲ့လွှတ်တော်အမတ်တွေအပေါ်မှာသာ ရောက်ရှိ ရရှိနေပြီဖြစ်ပြီး နိုင်ငံတော်ရဲ့ ကိစ္စအဝဝကို ပြည်သူ့ကိုယ်စား ဆောင်ရွက် ဖြေရှင်းပေးခြင်း တာဝန်ယူပေးခြင်း တာဝန်ခံပေးခြင်း ညှိနှိုင်းပေး ခြင်းတို့ကို မဖြစ်မနေဆောင်ရွက်ပေးရမှာဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း ဌာနဆိုင်ရာအားလုံးတို့ကိုလည်း ညွှန်ကြားနိုင်ခွင့် ရှိရပါမည်။ နိုင်ငံတော်၏ ဝန်ထမ်းများအားလုံးကလည်း ပြည်သူ့ကိုယ်စား တင်မြှောက်ထားသော ကိုယ်စားလှယ်များ၏ ညွှန်ကြားချက်များ ညှိနှိုင်းချက်များကို လက်ခံနာယူပြီး လိုက်နာရမှာဖြစ်ပါတယ်။ ထို့ကြောင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကြက်ခြေနီ မြန်မာနိုင်ငံ အရန်မီးသတ်တပ်ဖွဲ့ စသည်ဖြင့် ရပ်ရွာ မြို့နယ် ခရိုင်တိုင်းတို့တွင် အခြေစိုက် သော အဖွဲ့အစည်းတိုင်းတို့သည် ပြည်သူတို့၏ သို့မဟုတ် ပြည်သူ့ကိုယ်စားလှယ်တို့၏ ညွှန်ကြားချက်များကိုသာ အထူးဂရုပြု လိုက်နာကာ သစ္စာစောင့်သိရိုသေရမည်ဖြစ်ပြီး ပုဂ္ဂိုလ်တဦး အသင်းအဖွဲ့တခု ဌာနတခု၏ အမိန့်အာဏာ အကျိုးအမြတ် အတွက် စေခိုင်းချက် ဟုတ် မဟုတ်ကို ကိုယ်တိုင်ဆုံးဖြတ်ကာ တာဝန်ကျေပွန်စွာထမ်းဆောင်နိုင်သော နိုင်ငံသားကောင်း နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ရမည်ဖြစ်သည်။

ဆန္ဒပြသူများသည် ဘာကိုဆန္ဒပြကြသလဲ (စစ်ပွဲများကို ဆန္ဒပြကြခြင်းဖြစ်သည်) ဘယ်လိုဆန္ဒပြကြသလဲ (ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြကြမည်ဖြစ်သည်) ဆန္ဒပြသူတွေရဲ့ရည်ရွယ်ချက်ကဘာလဲ (စစ်ပွဲများကြောင့် ပြည်သူလူထုတွေ ဒုက္ခ ရောက်သဖြင့် စစ်ပွဲများရပ်တန့်ပေးစေလိုခြင်းဖြစ်သည်) ဘာအတွက်ဆန္ဒပြကြသလဲ (စစ်ပွဲများကြားမှ စစ်ဘေးရှောင် ပြည်သူများအတွက်ဖြစ်သည်) ပြည်သူလူထု အရေအတွက် ဘယ်လောက်လဲ ခန့်မှန်းခြေ ၁၀၀ကျော်ရှိသည်) ပြည်သူလူထု အရေအတွက် ဘယ်လောက်ရဲ့ဆန္ဒတွေကို ကိုယ်စားပြုသလဲ (ခန့်မှန်းခြေ တရာခန့်ဖြစ်ပြီး မိသားစု မောင်နှမများမရှိသည့်တိုင် မိဘများ၏အသိအမှတ်ပြုမှုကို တွက်ချက်လျှင် ဆန္ဒပြပြည်သူ ၁၀၀ တို့သည် အနည်းဆုံး ပြည်သူ ၃၀၀ ခန့်၏ဆန္ဒတို့ကို ကိုယ်စားပြုပါသည်) ဆန္ဒပြမှု ရည်ရွယ်ချက်တွေဟာ မှန်ကန်မှု ရှိသလား မရှိဘူးလား (ပြည်ထောင်စု မြန်မာနိုင်ငံသားတို့၏ အတိဒုက္ခများကို ဖန်တီးပေးသော စစ်ပွဲများကို မရှိစေလိုသော ဆန္ဒဖြစ်သဖြင့် မှန်ကန်မှုရှိသည်ဟု သတ်မှတ်နိုင်ပါသည်) စသည်ဖြင့် ယခုလို သုံးသပ်ကြည့်ခြင်းဖြင့် ပြည်သူလူထုတို့၏ ဆန္ဒထုတ်ဖော်ခြင်းကို တားဆီးခြင်း ပိတ်ပင်ခြင်း ပြုလုပ်မှု များနှင့် ပြောင်းပြန်အချိုးချကြည့်မည်ဆိုလျှင် (စစ်ပွဲများကို ဆန္ဒမပြရ) (ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒမပြရ) (စစ်ပွဲများ ကြောင့် ပြည်သူလူတွေ ဒုက္ခမရောက်သဖြင့် စစ်ပွဲများရပ်တန့်ပေးစရာမလို) (စစ်ပွဲများကြားမှ စစ်ဘေးရှောင် ပြည်သူများ အတွက် မဟုတ်ပါ) (ပြည်သူလူထု အရေအတွက် ၁၀၀ မရှိ) (ပြည်သူများ မည်သူ့ကိုမျှ ကိုယ်စားမပြု) (ပြည်ထောင်စု မြန်မာနိုင်ငံသားတို့၏ အတိဒုက္ခများကို စစ်ပွဲများက ဖန်တီးပေးခြင်းမရှိ ထို့ကြေင့် ဆန္ဒပြခြင်းသည် မှန်ကန်မှု မရှိ) ဟု အဖြေ ထွက်ပါလိမ့်မည်။ ဆန္ဒပြမှုတိုင်းကို ထိုသို့ နည်းစနစ်တကျ ထို့ထက် နည်းစနစ်တကျ လေ့လာသုံးသပ်မှုများပြုလုပ်ပြီးမှသာ တားဆီးခြင်း ပိတ်ပင်ခြင်း ခွင့်ပြုပေးခြင်းတို့ကို ပြုလုပ်ခြင်းက ပိုမိုကာ သင့်တော် မှန်ကန်ပေလိမ့်မည်။ (အမှန်တကယ်တော့ ဒီမိုကရေစီနိုင်ငံစစ်မှန်လျှင်တော့ ခွင့်ပြုခြင်းကိုတောင်းခံစရာ မလိုအပ်သလို ခွင့်ပြုမိန့်များလည်း တင်စရာမလိုအပ်ပေ ဤ ကား စကားချပ်)အခြားသော ဒီမိုကရေစီနိုင်ငံတို့တွင် ဆန္ဒထုတ်ဖော်သူ ပြည်သူလူထုကို အကူအညီပေးရန် အလို့ငှာ လမ်း တွင်ကြုံတွေ့ရသော အခက်အခဲများကို ပြေလည်စေရန် အလို့ငှာ ပြည်သူ့ရဲတပ်ဖွဲ့များ ကြက်ခြေနီများ လူမှုအသင်းအဖွဲ့များက ဘေးမှဝန်းရံလိုက်ပါကာ စောင့်ရှောက်ပေးခြင်း ကူညီပေးခြင်း ဖေးမပေးခြင်းတို့ကို ပြုလုပ်ပေးသော အလေ့အထကောင်းများကို ကျင့်သုံးလေ့ရှိသည်။

ပြည်သူလူထု တဦးချင်းစီတို့ကလည်း မိမိကိုယ်တိုင် မိမိကိုယ်စား ဆောင်ရွက်ခွင့်ပေးထားသော ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် အမတ်များ တဦးချင်းစီကိုသော်လည်းကောင်း မိမိကိုယ်တိုင် ခန့်အပ်ထားသော နိုင်ငံတော်၏ အခွန်ငွေဖြင့်ပေးအပ်သော လစာ ရိက္ခာဖြင့် နိုင်ငံတာဝန်ကို ထမ်းဆောင်နေသူ နိုင်ငံ့ဝန်ထမ်း တဦးချင်းစီကို သော်လည်းကောင်း မိမိတို့ပေးအပ်ထားသော တာဝန်များ ဝတ္တရားများ လုပ်ပိုင်ခွင့်များ ရပိုင်ခွင့်များ ပြောပိုင်ခွင့်များ စီရင်ပိုင်ခွင့်များ ဆုံးဖြတ်ပိုင်ခွင့်များ အမိန့်ပေးပိုင်ခွင့် များကို မှန်ကန်စွာ တရားမျှတစွာ တိကျသေဝပ်စွာ စည်းကမ်းလိုက်နာမှုရှိစွာ တပည့်ကောင်း ဆရာကောင်းပီသစွာ နိုင်ငံဝန် ထမ်းကောင်းပီသစွာ တာဝန်ယူမှု တာဝန်ခံမှုရှိစွာ တာဝန်ထမ်းဆောင်နေသလားဆိုတာ နေ့စဉ်နဲ့အမျှ လေ့လာစောင့်ကြည့်ရ မယ့် တာဝန်ရှိပါတယ်။

အာဏာဆိုသည်မှာ မည်သူ တဦး တယောက် တသင်း တဖွဲ့ တပါတီ တို့တွင် မရှိပေ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားတဦးချင်းစီတို့၏ အမြုတေများကို စုပေါင်းလိုက်သောအခါမှသာ နိုင်ငံတော်အာဏာအဖြစ်သို့ ရောက်ရှိလာခြင်းဖြစ် သည်။ ထို့ကြောင့် ပြည်သူတဦးချင်းစီက မိမိကိုယ်တိုင် ရွေးကောက် တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ် လွှတ် တော် အမတ်များကိုသော်လည်းကောင်း မိမိတို့ကိုယ်တိုင် ရွေးချယ်ခန့်အပ်ထားသော ဌာနဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်းများကိုသော်လည်းကောင်း ထိုပုဂ္ဂိုလ်တို့ ကိုင်တွယ် ဆောင်ရွက်နေသော ပြဿနာအရပ်ရပ်တိုင်းတွင် မှန်သည် မှားသည် ဆိုးသည် ကောင်းသည် ယုတ္တိတန်သည် မတန်သည်တို့ကို ဆင်ခြင်သုံးသပ်ကာ ခွဲခြမ်းစိတ်ဖြာပြီး ဝေဖန်ခွင့်နှင့် ပြောရေး ဆိုခွင့် ရှိပြီးဖြစ်သည့်အတိုင်း ထိန်းကွပ်ကြပ်မတ်ပေးရန် တာဝန်ရှိသည်မှာ ဒီမိုကရေစီ၏ အနှစ်သာရပင်ဖြစ်လေသည်။

အမ္ဗနဒီကျော်စွာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts