ကိုသန်းလွင် – ၀န်ကြီးချုပ်နှင့် သူ၏အကြံပေးအရာရှိ
(မိုးမခ) ဇွန် ၂၀၊ ၂၀၁၅
(၁)
ကွန်လွန်သူ ၀န်ကြီးချုပ်ဟောင်းမစ္စတာလီကွမ်းယူး၏ ဈာပနအခမ်းအနား ကျင်းပရာသို့ Dr. Albert Winsemius ၏ သားသမီးများ တက်ရောက်လာခဲ့ကြပါသည်။ ဒတ်(ခ်ျ)လူမျိုး စီးပွားရေးပညာရှင် မစ္စတာဝင်စီးမီးရပ်(စ) မှာ စင်္ကာပူအစိုးရ၏ အကြံပေး အရာရှိအဖြစ် ၁၉၆၁ ခုနှစ်မှစ၍၂၅ နှစ်ကြာ ဆောင်ရွက် ခဲ့သည်။ စင်္ကာပူနိုင်ငံ၏ အောင်မြင်မှုများကို ဆန်းစစ်ကြည့်လျင် သူ ၏လက်ရာမြောက်များစွာကိုတွေ့ရ မည်ဖြစ် သည်၊ အချို့ကလည်း ၀န်ကြီးချုပ်လီကွမ်းယူး သည် သူ့အကူအညီကိုသာ မရလျင် စင်္ကာပူသည် ဤမျှ အောင်မြင်စရာအကြောင်းမရှိဟုအလွန်အကျွံ ဆိုသူကဆိုကြသည်၊
၁၉၆၅ ခုနှစ်မှာဗြိတိသျှ ကိုလိုနီ အဖြစ်မှလွတ်မြောက် လာခဲ့ပြီး မလေးရှား ဖက်ဒရေးရှင်းမှခွဲထွက်ခါ လွတ်လပ် သည့်နိုင်ငံအဖြစ် စင်္ကာပူ၏ စီးပွားရေး မှာ သုည က စခဲ့ရသည်၊ စီးပွားရေး အောင်မြင်မှုများကြောင့် ယခုကဲ့သို့ ပဌမ ကမ္ဘာ့နိုင်ငံ ဖြစ်လာခဲ့သည်။
ဒေါက်တာဝင်းစီးမီးရပ်မှာ ဒက်(ခ်ျ)နိုင်ငံမှ စက်မှုလုပ်ငန်းများဆိုင်ရာ တိုးတက်ရေးဌာန၏ဒါရိုက်တာ ဂျင်နရယ် လုပ်ခဲ့ဘူးသည်။ စင်္ကာပူက ကုလသမဂ္ဂသို့ စီးပွားရေး၊ စက်မှုလက်မှုထူထောင်ရေးလုပ်ငန်းများတွင် အကြံဥာဏ် ပေးနိုင်ရန် လူလွှတ်ပေးဘို့ မေတ္တာရပ်ခံခဲ့သည်၊ သူသည်ပေါ်တူဂီအစိုးရ အကြံပေးအဖြစ် ဆောင်ရွက်နေစဉ် သူ့စကားကို နားမထောင်သဖြင့် စိတ်ပျက်လက်ပျက်ဖြစ်ချိန်နှင့် တိုက်ဆိုင်နေပေရာ သူသည်စင်္ကာပူသို့လာရန် ချက်ချင်း သဘောတူလက်ခံခဲ့ သည်၊
စင်္ကာပူသို့ ၁၉၆၀ ပြည့်နှစ်တွင်ရောက်ရှိလာပြီး တနှစ်အချိန်ယူခါအခြေအနေအရပ်ရပ်ကို လေ့လာခဲ့သည်၊ ၁၉၆၁ခုနှစ် ဂျွန်လ ၁၃ ရက်နေ့တွင် သူ၏အချက် ၁၀ ချက်ပါသောစီးပွားရေး အကြံပြုလွှာတစောင်ကို တင်သွင်း ခဲ့ သည်၊ ထိုစဉ်က ၀န်ကြီးချုပ်ဖြစ်သူ မစ္စတာလီကွမ်းယူက သူ့ ရီပို့ ကိုလက်ခံလိုက်ချိန်မှ စပြီး သူသည် ထာဝရ အကြံပေးအရာရှိဖြစ်သွားတော့သည်၊ သူ့ ရီပို့မှာ အခြေအနေများနှင့် ပါတ်သက်၍ကောင်းတာတွေမပါဘဲ ယိုယွင်းပျက်စီးနေတာတွေဘဲပါသည်၊ သို့ပါသော်လည်း မျှော်လင့်ချက်ကင်းမဲ့နေခြင်း မဟုတ်ပါဟု ၀န်ကြီးချုပ် ကပြောသည်။ သူအကြံပေး အရာရှိဖြစ်လာပုံမှာ ကန်ထရိုက် သဘောတူ စာချုပ်ဟူ ၍မရှိ၊ ခန့်စာဟူ၍လည်း မထွက်လာ၊ တဦးနှင့်တဦး ယုံကြည်မှုကို အခြေခံ၍ ဖြစ်လာခဲ့သောသော အလုပ် ဖြစ်ပါ သည်။
သူ့တင်ပြချက်များတွင် မလေးရှားနှင့် ဆက်ဆံရေးကောင်းရန် ကူးသန်းရောင်းဝယ်ရေးလမ်းကြောင်းဖွင့်ရန်၊ အင်ဒိုနီးရှားနှင့် အလားတူ ကုန်ကူးသန်းရောင်းဝယ်ရေး တို့အပြင် အမေရိကား၊ အင်္ဂလန်၊ သြစတြေးလျ နယူးဇီလန်တို့ နှင့် ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းဖွင့်ရန်တို့ကို အဆိုပြုခဲ့သည်။
ထိုရီပို့တွင် ကွန်မြူနစ်များကို အစိုးရအဖွဲ့တွင် အ၀င်မခံရန်နှင့် မစ္စတာရပ်ဖဲ(လ်)( Sir Thomas Stamford Bingley Raffles) ၏ သမိုင်းဆိုင်ရာအရေးပါမှုကို မဖျောက်ဖျက်ရန်တို့ ပါဝင်ခဲ့သည်၊ ၀န်ကြီးချုပ်မှာ ကွန်မြူနစ်ဝါဒကို လက်ခံသူမဟုတ်ပေ၊ ထို့ကြောင့် ပဌမအချက်ကို ပူစရာမရှိ၊ ထို့နောက် ၁၈၁၉ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး ရပ်ဖဲလ်သာ စင်္ကာပူ ကျွန်းတွင် စတည်းချမနေထိုင်ခဲ့လျင် ယနေ့ စင်္ကာပူ လည်းဖြစ်လာလိမ့်မည် မဟုတ်ဟု ခံယူသူဖြစ်သည်၊ ထိုစဉ်က စင်္ကာပူတွင် လူဦးရေတံငါလုပ်သား ၁၂၀ သာရှိခဲ့သည့် သူတို့သည် “သမိုင်းကို အသစ် ပြောင်းလဲရေး မည့် လူလိမ်လူညာတွေ မဟုတ်ပါ” ဟုပြောပြီး သူ၏တင်ပြချက်ကို မဆိုင်းမတွ လက်သင့်ခံခဲ့ပါသည်။
မစ္စတာ ရပ်ဖဲ(လ်) ၏ အရေးပါမှုကို လက်ခံခြင်းဖြင့် ကိုလိုနီအစိုးရ၊ အမေရိကန်နှင့် အနောက်အုပ်စုကို လက်မခံခြင်း မဟုတ်ဟုပြသရာ ရောက်သည်ဟု အကြံပေးခဲ့ခြင်းဖြစ်ပါသည်၊ ကမ္ဘာတွင် ကြီးကျယ်ခမ်းနားသော စီမံခန့်ခွဲမှုစွမ်းရည်၊ ရံပုံငွေ ခိုင်မာတောင့်တင်းသောကုမ္ပဏီပိုင်ရှင်ကြီးများ၊ ရင်းနှီးမြုပ်နှံမှု ပြုကြမည့်ပုဂ္ဂိုလ်များ အနေဖြင့် မစ္စတာရပ်ဖဲလ် အပေါ် စင်္ကာပူ အစိုးရသစ်က သဘောထားကို သိလိုကြလိမ့်မည်ဟု ရှင်းပြခဲ့ပါသည်။
ဝင်စီးမီယပ် ၏ မစ်ရှင်မှာ စင်္ကာပူနိုင်ငံကိုစက်မှုနိုင်ငံဖြစ်အောင် ပြောင်းလဲ ရေးပင်ဖြစ်သည်၊ သို့သော်လည်း ဗြိတိသျှ စစ်သားများ ထွက်ခွါသွားပြီးစ စင်္ကာပူမှာ အခွန်သာသာ ကျန်ရစ်သည်၊ မလေးရှားနိုင်ငံက လည်း သူ၏ နိုင်ငံတကာ ကုန်ကူးသန်းရောင်းဝယ်ရေး ဆက်ဆံရေးတို့တွင် စင်္ကာပူ၏ ကဏ္ဍ ကို ထည့်သွင်းမစဉ်းစား လို၊ အင်ဒိုနီးရှားနှင့် ဆက်ဆံရေးကလည်း အဖုအထစ်တွေနှင့် ပြည့်နှက်နေသည်။
ဒေါက်တာမီးယပ်(စ်) က ဗြိတိသျှစစ်တပ် များ ထွက်ခွါသွားရာ နေရာတခုလုံးကို စစ်တပ်ပိုင်မြေ လုပ်မပစ်ရန် ဆော်သြသည်၊ စင်တိုဇာ ကျွန်းကို Tourist တို့ အတွက် အပမ်းဖြေရာကျွန်း အဖြစ်ပြောင်းလဲ ရမည်ဟုဆိုသည်၊ ပင်မကျွန်းပေါ် မှ စစ်တပ် တပ်စခန်းချခဲ့ရာ နေရာများကို အများပြည်သူ အသုံးပြုနိုင်သည့် နေရာများဖြစ်ရ မည်ဟု အကြံပြုခဲ့သည်၊ ဆလီတာ စစ်တပ်သုံးလေဆိပ် မှာ အများပြည်သူသုံး လေဆိပ် ဖြစ်လာခဲ့သည်။
၁၉၆၁ ခုနှစ်တွင် EDB Economic Development Board ကိုထူထောင်ခဲ့သည်၊ ဒေါက်တာမီးယပ်(စ်) က နိုင်ငံခြား မှ ရောက်လာမည့် စီးပွားရေး ရင်းနှီးမြုပ်နှံသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် “ One Stop Agency ” တခုလိုသည၊် ထို အေဂျင်စီ က စက်ရုံထူထောင်ရန် လာသူတဦး၏ လိုအပ်ချက်ဖြစ်သော မြေနေရာ ပါဝါ၊ ရေလိုအပ်ချက် နှင့် လုံခြုံစိတ်ချစွာ အလုပ်လုပ်နိုင်ရေးကို ဌာနတခုထဲ တနေရာထဲက ဖြေရှင်းပေးနိုင် အောင်စီစဉ်ပေးရမည်ဟုအကြံပြုခဲ့သည်၊ အီးဒီဘီ ၏အောင်မြင်မှုများမှာ စင်္ကာပူနိုင်ငံ၏ အောင်မြင်မှု များနှင့် ခွဲမရပါ၊
ပဌမတွင် ကုလသမဂ္ဂ UNDP နှင့် ILO မှ အရာရှိများ ကိုဖိတ်ခေါ်ပြီး အီး၊ဒီ၊ဘီ ကိုကူညီရန် တာဝန်ပေးအပ် ကြသည်၊
EDB ရုံးခန်းဖွင့်ပြီးသည်နှင့် ကမ္ဘာအရပ်ရပ် တက္ကသိုလ်ကြီးများ မှ ဘွဲ့ရလာခဲ့ကြသော တော်ပေ့ဆိုသည့် လူငယ်များကို EDB အရာရှိအဖြစ်ခန့်အပ်သည်၊ အင်္ဂလန်၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံ တက္ကသိုလ်ကြီး များမှ ဘွဲ့ရလူငယ်များသည် EDB ၏တက်ကြွသော ထက်မြက်သော၊ အရာရှိများဖြစ်လာကြပြီး သူတို့၏ အဓိကတာဝန်မှာ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမည့်သူများကို ရှာဖွေရေး စက်ရုံအလုပ်ရုံထူထောင်ရာတွင် အကူအညီ ပေးရေးပင်ဖြစ်သည်၊ သူတို့သည် ကမ္ဘာအရပ်ရပ်ရှိ ကုမ္ပဏီပေါင်းစုံမှ တာဝန်ရှိသူများသို့ တယ်လီဖုံး ခေါ် ဆက်သွယ်ကြသည်၊ အဆင်ပြေမည့် အဆင့်ရောက်ရန် ကိုယ်တိုင် အရောက်သွားကြရသည် လည်းရှိ သည်၊ စင်္ကာပူ ဆိုသောနိုင်ငံကို မကြားဖူး မသိကြသော ကုမ္ပဏီ ပိုင်ရှင်များလည်း ရှိခဲ့သည်၊
မိမိ အလုပ်ကို ယုံကြည်စိတ်ဝင်စားမှုရှိခြင်း (Enthusiasm)၊ အခက်ခဲဟူသမျှ ကျော်လွှားနိုင်ရ မည်ဟူသော ခိုင်မာသောစိတ်ဓာတ်ရှိခြင်း တို့ဖြင့် လူငယ်များအလုပ်လုပ်ကြသည်၊
ဒေါက်တာမီးရပ်(စ) ၏ရီပို့တွင်သင်္ဘောတည်ဆောက်ပြင်ဆင်ခြင်း၊ သတ္တုအင်ဂျင်နီယာလုပ်ငန်းများ၊ ဓါတုဗေဒ၊ လျှပ်စစ် နှင့် ပစ္စည်းကရိယာများထုတ်လုပ်ရန် ဆောင်ရွက်ရမည်ဟုဆိုထားသည်။ အနာဂါတ်မျှော်မှန်းချက် အနေဖြင့် စင်္ကာပူ၏ ပထ၀ီ အနေအထားကြောင့် ကုန်ကူးသန်းရောင်းဝယ်ရေး ခရီးသွားလာရေး လုပ်ငန်းများ အတွက် ကွန်တိမ်နာ ဆိပ်ကမ်းနှင့် ဒေသတွင်း အကြီးဆုံးဖြစ်လာမည့် လေဆိပ်ကို တည်ဆောက်ရန်လိုသည်ဟု အကြံပြုခဲ့သည်၊ ယခုအခါ ကက်ပဲ(လ) သင်္ဘောဆိပ်မှာ ကမ္ဘာပေါ်တွင် ဒုတိယ အလုပ်အများဆုံး ကွန်တိန်နာ ဆိပ်ကမ်းတခု ဖြစ်လာခဲ့ပါသည်၊ အများသိကြသည့်အတိုင်း ချန်ဂီလေဆိပ်မှာ ဒေသအတွင်း အကောင်းဆုံး လေဆိပ်များတွင် တခုအပါအ၀င်ဖြစ်နေပါသည်၊
ဒေါက်တာမီးရပ်(စ်)က ၁၉၆၈ခုနှစ်တွင် နယူးရောက်မြို့တွင် ၌ အီးဒီဘီ ရုံးခွဲ ဖွင့်ရန် အကြံပေးခဲ့သည်၊ ထို ရုံး သည် အမေရိကန်မှ ထိပ်တန်းကုမ္ပဏီကြီးများ နှင့် တိုက်ရိုက်ဆက်သွယ်နိုင်ပြီး သူတို့လိုအပ်လာလျင် စင်္ကာပူသို့မေးမြန်းရန်မလိုတော့ပေ၊ နောက်ပိုင်းတွင် အမေရိကားမှ ကုမ္ပဏီ ကြီးများစင်္ကာပူ၌ ရင်းနှီးမြုတ်နှံမှု လုပ်ကြရာတွင် များစွာ အထောက်အကူပြုခဲ့ပါသည်၊
ထို့နောက် လွတ်လပ်ရေးရပြီးချိန်မှ စတင်၍ရှစ်နှစ်ဆက်တိုက် ၀န်ကြီးချုပ်လုပ်လာခဲ့သော လီကွမ်းယူးသည် ၁၉၆၈ခုနှစ်တွင် အလုပ် မှ ခွင့်ယူခါ Harvard တက္ကသိုလ်တွင် Fellowship ယူပြီး အချိန်ပြည့်ကျောင်းအိပ် ကျောင်းစား လုပ်နေထိုင်ခဲ့သည်၊ Kennedy School of Government ၏ စီစဉ်ပေးချက်အရ ကုမ္ပဏီကြီး များ မှ ထိပ်တန်းအရာရှိကြီးများနှင့် Breakfast meeting, work lunch စသည်ဖြင့် အမြဲဆိုသလို တွေ့ဆုံ ဆွေးနွေး အကြံဥာဏ် ဖလှယ်ခွင့်ကို ရခဲ့သည်။
ဒေါက်တာမီးရပ်(စ်)၏ သားတယောက်မှာ အမေရိကန် Consultancy ကုမ္ပဏီတခုတွင် အလုပ်လုပ်နေ ရာ သူ့အနေဖြင့် အမေရိကန်ကုမ္ပဏီသူဌေးကြီးများ၏ တွေးခေါ်ပုံ၊ အလုပ်လုပ်ပုံတို့ကို သေချာ စွာရှင်းပြနိုင်ခဲ့ သည်။
လုပ်ငန်းတခုအောင်မြင်ရေးအတွက် စွန့်စားရန်လိုအပ်ပုံ ( risk ) ယူရမည့်ပမာဏအခြေအနေ၊ တို့ကို သေချာ သဘောပေါက်မှသာ ထိုနိုင်ငံတွင် ရင်းနှီးမြှုတ်နှံကြလိမ့်မည်၊ သူတို့သည် နိုင်ငံတခု၏ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေး ဘဏ္ဍာရေး၊ ခိုင်မာမှု၊ အလုပ်သမားများနှင့် ခိုင်မာသော ဆက်ဆံရေးရှိရန် လိုအပ်ပုံ၊ ကုန်ထုတ် လုပ်မှုကို ရပ်ဆိုင်းပြစ်ရမည့် အန္တရာယ်နဲနိုင်သမျှ နဲရန် လိုအပ်ပုံ၊ ကုန်ကြမ်းပေးမည့် ကုမ္ပဏီများ ကန်ထရိုက် တာများစီမံခန့်ခွဲမှု စသည့် အချက်အလက်များကို သတိထားတည်ဆောက်ရန် လိုအပ်ပုံ၊ များကို ၀န်ကြီးချုပ်အဖို့ ကိုယ်တိုင် ကိုယ်ကျ သဘောပေါက်နားလည်သွားခဲ့သည်။
စင်္ကာပူသို့ ထိုင်ဝမ်နှင့် ဟောင်ကောင်မှ ရင်းနှီးမြုပ်နှံသူများ ရောက်လာကြပါသည်၊ သို့သော် ၄င်းတို့မှာ ငွေရင်း ငွေနှီး အသေးစားလုပ်ငန်းအတွက် အထည်လုပ်ငန်း၊ ကလေးကစားစရာလုပ်ငန်း စသည်တို့သာဖြစ်သည်၊ ကြီးကြီးမားမား ရင်းနှီးမြုပ်နှံသော ကုမ္ပဏီများကိုမူ အမေရိကန်လုပ်ငန်းရှင်များ၏ ကုမ္ပဏီကြီးများကိုသာ အားကိုးကြရသည်။
အစ္စရေးနိုင်ငံသည် မိမိကို မလိုလားသည့် အာရပ်နိုင်ငံများဖြင့် ၀ိုင်းရံထားသောနိုင်ငံဖြစ်ပါသည်၊ ထို့ကြောင့် အစ္စရေး တို့သည် ကုန်သွယ်မှုလုပ်ငန်း အတွက် ဥရောပ နှင့် အမေရိကားကို သာအားကိုးရသည်၊ ၄င်းကို အဝေးသို့ လှမ်းမျှော်ရသည့် Leapfrog ပေါ်လစီဟုခေါ်သည်၊ စင်္ကာပူမှာလည်း အလားတူအိမ်နီးချင်းနိုင်ငံများ မှာအားမကိုးနိုင်ဘဲဖြစ် နေရာ အဝေးမှ နိုင်ငံများနှင့် အားကိုးရန်သာရှိတော့သည်၊ ဤသည်မှာ စင်္ကာပူနိုင်ငံ ၏စီးပွားရေးထူထောင်မှုအတွက် ချမှတ်လိုက်ရသော ပဌမမူဝါဒ ဖြစ်သည်၊
ဒုတိယမူဝါဒမှာ စင်္ကာပူကို တတိယကမ္ဘာ့အလယ်တွင် ပဌမ ကမ္ဘာအတွက် အိုအေစစ်ကို ဖန်တီးပေးရန် ပင်ဖြစ်သည်၊ အင်္ဂလိပ်စာ တတ်ကျွမ်းသူကျောင်းသား လူငယ်လုပ်အား နှင့် စာရေးစာချီ၊၊ စာရင်းကိုင်အတတ် ပညာ၊ အင်ဂျင်နီယာအလုပ်စသည်ဖြင့် ပဌမ ကမ္ဘာမှ ကုမ္ပဏီများအတွက် လိုအပ်သော လူသားအရင်းအမြစ် ကိုဖြည့်ဆည်းပေးရန်ပင်ဖြစ်သည်၊ သူတို့အတွက်လုံခြုံရေး၊ ကျန်းမာရေး၊ ပညာသင်ကြားရေး၊ တယ်လီကွန်မြူ နီကေးရှင်း၊ သွားလာမှုလွယ်ကူရေး နှင့် အဆင့်မြင့်သော ၀န်ဆောင်မှု လုပ်ငန်းများကို ဖန်တီးပေးရမည်ဟု နား လည်ခဲ့သည်၊
ယနေ့ စင်္ကာပူသည် လီကွမ်ယူ မျှော်မှန်းခဲ့သလို ဒေသတွင်းတွင် ထိပ်တန်း နိုင်ငံတခု ဖြစ်နေပါပြီ၊ တိုးတက် သော ကမ္ဘာနိုင်ငံကြီးများ အတွက် အိုအေစစ် တခုလည်း ဖြစ်နေပါပြီ၊
ဒတ်(ချ) တို့ ပိုင်ဆိုင်သော Phillips ဖိလစ်ကုမ္ပဏီသို့ ဒေါက်တာမီးရပ်(စ) ကိုယ်တိုင်သွားပြီး စင်္ကာပူတွင် စက်ရုံ ထူထောင်ရန် တိုက်တွန်းခဲ့သည်၊ ယခုအခါ ဖိလစ်သည် ဒေသဆိုင်ရာ ရုံးချုပ်ကို စင်္ကာပူတွင်ဖွင့်လှစ်ထားပြီး ဖိလစ် အမှတ်အသားနှင့် ပစ္စည်းပေါင်းစုံ ထုတ်လုပ်သော စက်ရုံ၊ အလုပ်ရုံကြီးများရှိသည်။
သူသည် အစိုးရ၏ အကြံပေးအရာရှိ ဖြစ်ချိန်မှစ၍ တနှစ်လျင် နှစ်ကြီမ် (သို့မဟုတ်) သုံးကြိမ်စင်္ကာပူသို့လာ သည်၊ တကြိမ်လျင် ၂ ပါတ် (သို့မဟုတ်) ၃ ပါတ်ခန့်နေသည်၊ သူသည် နိုင်ငံတော်သမတ မှစ၍ ကုမ္ပဏီ CEO များ၊ ဘဏ်ဥက္ကဋ္ဌများ၊ (Trade Union) မှ ပုဂ္ဂိုလ်များ စသည်တို့နှင့် ပဋ္ဌမ အပါတ် တွင် တွေ့သည်၊ ပြီးလျင် သူ၏ အကြံပြုချက်များ၊ နောက်နှစ်အတွက် လိုအပ်သည့် plan များကို ရေးဆွဲပြသည်၊ နောက်ဆုံး လီကွမ်ယူနှင့်သူ နေ့လည်စာ အတူစားရင်း သူတွေ့ရှိချက်မှ လိုအပ်ချက၊် ပြုပြင်ရန် အချက်စသည် ဖြင့် ဆွေးနွေးတင်ပြသည်၊ သူ၏ရီပို့ကိုတင်သည်။
စင်္ကာပူ အစိုးရ အနေဖြင့် သူလိုအပ်သည်တို့ကို မေးမြန်းရန်၊ သူ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဆက်သွယ်ရေး အရာရှိတဦးခန့်ပေးထားသည်၊ စင်္ကာပူလေကြောင်းမှ လေယာဉ် များက သူ့ထံ စင်္ကာပူ စထရိတ်တိုင်း သတင်းစာကို နေ့စဉ်အရောက် ပို့ပေးရသည်၊ သူပြောစရာရှိသည် တို့ကို ဆက်သွယ်ရေး အရာရှိအား ပြောပြနိုင်သလို သူ့နေနှင့် စင်္ကာပူသို့ လာရန်လိုအပ်သည်ဆိုပါက အချိန်မရွေး အမြဲအရောက် လာလေ့ရှိသည်။
သူသည်အလုပ်မှ ၁၉၈၃ ခုဒီဇင်ဘာလတွင် အနားယူခဲ့သည့်တိုင် စင်္ကာပူနိုင်ငံသို့ အမြဲ အလည်အပါတ် လာခဲ့သည်၊ သူ့အတွက်လေယာဉ်ပျံစားရိတ်နှင့် ဟော်တယ်ခ ကို အစိုးရက ကျခံရသည်၊ နောက်ပိုင်း ဇနီးဖြစ်သူ အိပ်ရာထဲမှ မထနိုင်သော အချိန်မှစ၍ အလည်အပါတ်မလာနိုင်တော့၊ ၁၉၉၆ ခုနှစ်တွင်သူ ကွယ်လွန်ခဲ့သည်၊
တကြိမ်တွင် ပြုပြင်ရေး လုပ်ငန်းတွေ လုပ်နေသော ဗိယက်နမ်နိုင်ငံက မစ္စတာလီကွမ်ယူးကို သူတို့နိုင်ငံ ထူထောင်ရေး Reform လုပ်ငန်းတွေ အတွက် အကြံပေး ပုဂ္ဂိုလ်အဖြစ်ကူညီဆောင်ရွက်ပါရန် ကမ်းလှမ်း ဖိတ်ခေါ်ခဲ့ သည်၊ လီကွမ်ယူးက မစ္စတာ ၀င်းစီယပ် အကြံပေး ပုဂ္ဂိုလ်လုပ်စဉ်က အကြောင်းရပ်များကိုဖေါ်ပြခါ သူ့အနေဖြင့် ဤမျှ အချိန်မပေးနိုင်ပါဟုအကြောင်းပြန်ခဲ့သည်၊ သူသည်နေ့တိုင်း စထရိတ်တိုင်း သတင်းစာကို ဖတ်ခါ လိုအပ်ချက်မှန် သမျှကို အမြဲစောင့်ကြည့် နေခဲ့ရကြောင်း သူ့အတွက် ဗီိယက်နမ် နိုင်ငံကိုအမြဲတစေ စောင့်ကြည့် နေရန် မဖြစ်နိုင်ကြောင်း ပြောပြပြီး ငြင်းဆိုခဲ့သည်။
(၃)
စင်္ကာပူနိုင်ငံ၏ တန်ဘိုးထား သတိတရ ရှိမှုတို့ကို မစ္စတာ လီကွမ်ယူ၏ ဈာပန အခမ်းအနားသို့သူ့သားသမီး များကို တက်ရောက်ရန် ဖိတ်ခေါ်ခြင်းဖြင့် ကျေးဇူးတင်ရှိနေသော အစိုးရက ပြသခဲ့ပါသည်။ ၂၀၀၉ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့က ရေသုတေသန အဆောက်အဦးဘေးမှလမ်းကို Dr. Winsemius Road ဟုဂုဏ်ပြုအမည်ပေးခဲ့ပါသည်၊ အမျိုးသားတက္ကသိုလ်၊ အမျိုးသား စက်မှုတက္ကသိုလ်များမှ ဂုဏ်ထူးဆောင်ဘွဲ့ များ၊ NTUC ခေါ် National Trade Union Congress မှအမြင့်ဆုံးပေးအပ်သောဆု၊ များချီးမြှင့်ခဲ့ကြသည်၊ စက်မှုတက္ကသိုလ်ကြီးက Dr. Winsmius နာမည်ဖြင့် Professorship တခု ဖန်တီးပြီး နိုင်ငံရပ်ခြား ပညာရှင်များကို ဖိတ်ခေါ်ခန့်ထားခဲ့ကြပါသည်၊
Dr. Winsmius ကိုသိမှီလိုက်သူများက သူ၏ကျေးဇူးများအကြောင်းကို ယနေ့တိုင် ပြောဆိုနေကြဆဲဖြစ်ပါ သည်၊
ကိုသန်းလွင်
Ref: From Third World to First by Mr. Lee Kuan Yew
Wonderful Facts. Thanks
Myanmar change is to copy from Korea and Indonesia. Opposition coalign gov is MUST.
Surely on the track..
GDP per capital 2014
S.Korea 25000 usd
Indonesia 4000 usd
Myanmar Burma 200 usd
far away.. but possible in 20 yrs