တူမောင်ညို သတင်းဆောင်းပါး သူတို့အာဘော်

တူမောင်ညို – ဖုန်ကြားရှင်အရေးတော်ပုံ၌ ကျဆုံးနေရသူများ

 တူမောင်ညို – ဖုန်ကြားရှင်အရေးတော်ပုံ၌ ကျဆုံးနေရသူများ
(မိုးမခ) ဧပြီလ ၅ ရက်၊ ၂၀၁၅

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ခွဲခြမ်းစိတ်ဖြာပြလိုက်တော့မှ လောက်ကိုင်ကိစ္စ ရှင်းလင်းသွားတော့သည်။

ဦးခင်အောင်မြင့်ပြောသမျှထဲတွင် ရှက်ဒေါသနဲ့ ဝန်ခံရတာတွေပါဝင်သကဲ့သို့ ရှေ့နောက်မညီ လိုရာဆွဲပြောနေတာတွေ လည်း ထုံးစံတိုင်း အမြောက်အများပါဝင်နေပါသည်။

● ဒေါသလည်းထွက် ရှက်ရှက်နဲ့ ဝန်ခံရတာတွေ
ဦးခင်အောင်မြင့်က ဖုန်ကြားရှင်၏ ကောက်ကြောင်းကို ဤသို့ ဆွဲပြသည်။

ဖုန်ကြားရှင်သည် ကူမင်တန် တရုတ်ဖြူလက်ကျန်၊ ဗကပ (၄၀၄) တပ်ရင်းမှူး၊ ဖြူကြောင်ကျား၊ မူးယစ်ရာဇာဖြစ်သည်။ ဝန်မခံဘဲ မြှုပ်ထားသည့်အချက်မှာ (ဗကပ) ထံမှ ခွဲထွက်ခဲ့သဖြင့် သူတို့ (နဝတ-နအဖ) စစ်အစိုးရက လွတ်ငြိမ်းချမ်းသာ ခွင့်ပေးကာ “ဦးဖုန်ကြားရှင်” ဟူ၍ သူကောင်းပြုခဲ့သည့်အချက်ပင်ဖြစ်သည်။

ဖုန်ကြားရှင်သည် (ကူမင်တန်) ဘဝ၊ (ဗကပ) ဘဝ၌လည်း ဘိန်းကုန်ကူးခဲ့သည်။ (ဗကပ) နှင့်လမ်းခွဲပြီး တပ်မတော်အစိုးရနှင့် ပူးပေါင်းကာ (ဦးဖုန်ကြားရှင်) ဘဝ ဖြစ်လာသည့်အခါတွင် မူးယစ်ဆေးဝါး အကြီးအကျယ် ထုတ်လုပ်ရောင်းချခဲ့သည်ဆိုသော အချက်ကိုမူ  ဦးခင်အောင်မြင့် ဝန်ခံထားပါသည်။

တကယ်တော့ ဖုန်ကြားရှင်နှင့် လောက်ကိုင်ပြဿနာဆိုသည်မှာ စစ်အုပ်စုအတွက် ကိုယ့်ရှူးကိုယ်ပတ်နေသည့် ပြဿနာ တစ်ခုသာဖြစ်သည်။ စစ်အုပ်စု၏ မိုက်ကန်းလှသည့် တပွဲထိုးတနပ်စားဉာဉ်ဖြင့် လုပ်ဆောင်ခဲ့မှုများ၏ အကျိုးဆက်ရလဒ် လည်းဖြစ်သည်။

● ရှေ့နောက်မညီလိုရာဆွဲပြောတာတွေ
သမ္မတဆိုသူကလည်း လက်ပန်တန်းအကြမ်းဖက်မှု၌ ရှေ့ဆောင်လမ်းပြ ဗြောင်လိမ်ညာပြခဲ့ပြီ။ သို့ပါ၍  အတိုင်ဖောက်ညီစွာပင် လွှတ်တော်ဥက္ကဋ္ဌကလည်း ရှေ့နောက်မညီလိုရာဆွဲပြော၍ လိမ်တော့သည်မှာ ဘာမျှမဆန်းပါချေ။ “လိမ်သလေ၊ လိမ်နေကျ၊ လိမ်မေက ဝမ်းနံပါတ်ဆောင်” ဆိုသည့် ဦးပုညစာချိုးအတိုင်းပင်။

ဦးခင်အောင်မြင့်က လောက်ကိုင်တိုက်ပွဲကို “အချုပ်အခြာအာဏာကာကွယ်သည့်တိုက်ပွဲ၊ အမျိုးသားရေးတိုက်ပွဲ၊ အရေး တော် ပုံ” တစ်ခုဟု မရှက်မကြောက် မလျော်မကန် ဆိုပြန်ပါသည်။ ဖုန်ကြားရှင်အရေးတော်ပုံဟုဆိုလျှင် တော်ပေသေးသည်။

“နိုင်ငံရေးအယူဝါဒ” ကြောင့်လည်းမဟုတ်၊“လူမျိုးရေးအမြင်”ကြောင့်လည်းမဟုတ်၊ “မူးယစ်ရာဇာတစ်ဦး၏နယ်မြေလုတိုက်ပွဲ” ဟု ခွဲခြမ်းစိတ်ဖြာပြခဲ့ပြီး အဘယ့်ကြောင့် “အချုပ်အခြာအာဏာကို ကာကွယ်သည့်တိုက်ပွဲ၊ အမျိုးသားရေးတိုက်ပွဲ၊ အရေး တော်ပုံ” တစ်ခု ဟု ပြောဆိုနေပြန်ပါသနည်း။

“မူးယစ်ရာဇာတစ်ဦး၏ နယ်မြေလုတိုက်ပွဲ” ကိုပင် တိုက်လေယာဉ်ပျံများ၊ အမြောက်ကြီးများ၊ တင့်ကားများအသုံးပြု၍ မီးကုန် ယမ်းကုန်တိုက်နေရသည်မှာလည်းအမြင်မတော်ဆင်တော်နဲ့ ခလောက်ဆိုတာကဲ့သို့ပင်ဖြစ်နေသည်။ အဖြစ်မရှိတာတော့ ပေါ်လွင်ပါသည်။

အသေအချာပြောနိုင်သည့် အချက်များမှာ အောက်ခြေစစ်ဗိုလ်စစ်ဗိုလ်စစ်သားများ အတုံးအရုံး နေ့စဉ်သေနေကြရသည်။ ဒဏ်ရာရနေကြရသည်။  တရုတ်ပြည်နယ်နိမိတ်ထဲ ဗုံးကျသဖြင့် တရုတ်အစိုးရထံ ဝန်ချတောင်းပန်ရသည်၊ သေဆုံးထိခိုက် မှုများအတွက် လျှော်ကြေးပေးရသည်။ တပ်မှူး ၃ ယောက် ဖြုတ်ပစ်ရသည် စသည့်အချက်များဖြစ်သည်။ ဤကိစ္စများနှင့် ပတ်သက်၍ လွှတ်တော်တွင် မေးမြန်းကြရမည်။
သို့ပါ၍လောက်ကိုင်တိုက်ပွဲသည် အရေးတော်ပုံတစ်ခု ဟုတ်သည်/မဟုတ်ထက် “အလောင်းတော်ပုံ” ဖြစ်နေသည် မှာတော့ အမှန်ပင်ဖြစ်သည်။

ရှေ့နောက်မညီလိုရာဆွဲပြောသွားသည့်အချက်များအနက် အဆိုးဝါးဆုံးအချက်မှာ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကို လိုရာ ဆွဲ၍  အသုံးချခြင်းဖြစ်ပါသည်။ (နဝတ-နအဖ) စစ်အစိုးရခေတ်၌ ဗိုလ်ချုပ်ဓါတ်ပုံ၊ ဗိုလ်ချုပ်သမိုင်း၊ ဗိုလ်ချုပ်မိန့်ခွန်းများကို ပိတ်ပင်ကန့်သတ် ခြင်း၊ မှိန်ဖျော့ထားခြင်းတို့ဖြင့် စစ်အုပ်စုက အသုံးချခဲ့ကြသည်။

ယနေ့အခြေအနေ၌ စစ်အုပ်စု (ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်၊ တပ်မတော်) အတွက်  ဗိုလ်ချုပ်အောင်ဆန်း၏ ဓါတ်ပုံ၊ မိန့်ခွန်း စသည့် သမိုင်းဝင်အထောက်အထားများသည် ပြည်သူလူထုအတွင်း၌သော်လည်းကောင်း၊ စစ်တပ်အောက်ခြေ အတွင်း၌ သော်လည်း ကောင်းလှည့်စားအသုံးချစရာ ကောင်းလှသည့်အချိန်အခါဖြစ်နေပါသည်။ ယင်းကဲ့သို့သော အခွင့်အခါကောင်း ကို လက်မလွတ်စတမ်း ယနေ့ စစ်အုပ်စုက အသုံးချနေပါသည်။

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီခေတ်၌ ဗိုလ်ချုပ်အောင်ဆန်း၏ ဓါတ်ပုံများ၊ မိန့်ခွန်းများသည် စစ်အုပ်စုအတွက် မျက်နှာ ပန်းလှ၍ ဈေးကွက်ဝင်လှသော ကုန်ပစ္စည်းတစ်ခုဖြစ်နေပါတော့သည်။

သို့ပါ၍ ဗိုလ်ချုပ်ပြောခဲ့သည့်  မိန့်ခွန်းများမှ လိုသည့်ချင်အပိုဒ်၊ လိုချင်သည့်စကားများကို ဖြတ်ညှပ်ယူ၍ သတင်းစာထဲတွင် ထည့်သွင်း၍ အသုံးချပါသည်။  ဤသို့ အသုံးချသည်မှာ သူတို့၏ အကြမ်းဖက်လုပ်ရပ်များ၊လိမ်ညာမှုများကို ဖုံးကွယ်ဖာ ထေးရန်နှင့် လှည့် စားရန်အတွက်သာဖြစ်ပါသည်။

ဦးခင်အောင်မြင့်ကလည်း ကာကွယ်ရေးဘတ်ဂျက်ဆိုသည့် ဇီးသီးဗန်းကြီးအား ဗိုလ်ချုပ်မိန့်ခွန်းကို မဆီမလျော်ကိုးကား၍ ကြံဖန်ကာကွယ်သွားပါသည်။ ၁၉၆၂ မှ ယနေ့အထိ တိုင်းပြည်အာဏာကို အဓမ္မရယူခဲ့ကြသော စစ်အုပ်စုသည် တိုင်းပြည် ကာကွယ်ရေးတွင်လည်း ဖြစ်မြောက်အောင်ဆောင်ရွက်နိုင်ခြင်းမရှိသည်မှာ ဘိန်းဘုရင်နှင့်စစ်ခင်းနေသည့်ပွဲ၌ စစ်တပ်၏ ညံ့ဖျင်းနုံချာလှသည့် စွမ်းရည်က အထင်အရှားသက်သေခံနေပါသည်။ တကယ်တော့ ၁၉၆၂ မှ ယနေ့အထိ အဆက်ဆက် သောစစ်အုပ်စုသည် စစ်တပ်ကို ခါးပိုက်ဆောင်တပ်အဖြစ် အသုံးချပြီး၊ အောက်ခြေ စစ်ဗိုလ်စစ်သားများ၏ အသက်သွေး ချွေးများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများကို စတေးကာ စီးပွားဖြစ်နေခြင်းဖြစ်ပါသည်။ ချမ်းသာကြွယ်ဝလာကြခြင်းဖြစ်ပါသည်။

သွေးရိုးသားရိုး အမျိုးသားရေးတိုက်ပွဲ၊အချုပ်အခြာအာဏာကိုကာကွယ်သည့်တိုက်ပွဲဟုဆိုလျှင် ပြည်သူတစ်ရပ်လုံးကို စည်း ရုံး လှုံ့ဆော်၍ တိုက်ပွဲဆင်ကြရမည်သာဖြစ်သည်။ ယခုတော့ စစ်တပ်ထဲ၊ ပြည်သူထဲတွင် ပြည်ပကျူး ကျော်စစ်ဖြစ်နေသ ယောင် လိမ်ညာဝါဒ ဖြန့်မှိုင်းတိုက်ပြီးသေတွင်းတွန်းပို့နေခြင်းသာဖြစ်သည်။ လက်တွေ့မှာတော့ တရုတ်ပြည်သို့သွား၍ ဝန်ချတောင်းပန်ရပါသည်။ သေဆုံး ထိခိုက်ခဲ့ရသည့် တရုတ်နိုင်ငံသားများအတွက် လျော်ကြေးပေးနေရပါသည်။

အရင်းစစ်လိုက်လျှင် လောက်ကိုင်စစ်ပွဲဆိုသည်မှာ စစ်အုပ်စုနဲ့ဘိန်းဘုရင်တို့ အပြန်အလှန်လည်ပင်းညှစ်ကြသည့် အခဲ မကျေပွဲသာဖြစ်ပါသည်။ ထိုမကျေပွဲ၌ အောက်ခြေစစ်ဗိုလ်၊ စစ်သားတွေ မြေစာပင်ဖြစ်နေကြရခြင်းသာဖြစ်သည်။

ညွန်း
(၅-၄-၂၀၁၅) မြန်မာ့အလင်းသတင်းစာ 

သရုပ်ဖော် – အောင်ထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts