ရသဆောင်းပါးစုံ

မင်းကောင်းချစ် – ဖိနှိပ်ချုပ်ချယ်မှု – ဥပဒေစည်းကမ်း၊ လေနဲ့ဝမ်း ကွဲစေဖို့

 ဖိနှိပ်ချုပ်ချယ်မှု – ဥပဒေစည်းကမ်း၊ လေနဲ့ဝမ်း ကွဲစေဖို့
မင်းကောင်းချစ်
မေ ၆၊ ၂၀၁၄

တိုင်းရင်းသားညီအကိုမောင်နှမသားချင်းတွေ အချင်းချင်းသတ်ဖြတ်ပြီး သွေးချောင်းစီးစေတဲ့၊ ပြည်တွင်းစစ်မီးကြီးကိုရပ်ကြပါ၊ တော်ကြပါလို့ မိဘပြည်သူတွေက မေတ္တာရပ်ခံတောင်းပန်ခဲ့တာ နှစ်ပေါင်း (၆၀) ကျော် (၇၀) နားကပ်လာခဲ့ပြီ။ ဒီကနေ့အချိန်ထိ ငြိမ်းချမ်းရေးဆိုတာ အ သာထားလို့ အပစ်အခပ်ရပ်ရေးတောင် ပီပီပြင်ပြင် ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်သေးဘူးမဟုတ်လား။

ပြည်တွင်းစစ်မီးလှုံပြီး၊ အာဏာပလ္လင်ဖင်မြဲခြင်တဲ့၊ တိုင်းပြည်မငြိမ်းချမ်းမှ စီးပွားဖြစ်ကြတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ ဘယ်သူကမှ တာဝန်မ ပေးဘဲနဲ့ပြည်ထောင်စုကြီး မပြိုကွဲသွားဖို့၊ တိုင်းပြည်ကြီး ချောက်ကမ်းပါးထဲမကျအောင်တို့၊ အမျိုးဘာသာသာသနာစောင့်ရှောက်ဖို့ စတဲ့ အကြောင်းပြချက်တွေ လှိုင်လှိုင်ကြီးသုံးပြီး စစ်အာဏာရှင်စနစ်နဲ့တို့တိုင်းပြည်ကို ဂုပ်ခွဖျက်ဆီးခဲ့တာကြာလှပြီကော။

၁၉၆၂ ခုနှစ်ကနေ ဒီနေ့အချိန်ထိ၊ လူကြားကောင်းယုံ၊ နိုင်ငံရေးအမြတ်ထုပ်ကောင်းယုံ ခေါ်ယူခဲ့တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတိုင်းကို မအောင် မြင်အောင်၊ တဖက်ကတော်လှန်ရေးအင်အားစုတွေ လိုက်လျှောဖို့မဖြစ်နိုင်တဲ့ ကြိုတင်အခြေခံမူ(Pre-conditions) တွေနဲ့ စားပွဲဝိုင်းကို ၀င်ထိုင်လေ့ရှိတာ ပြည်သူတွေသာမက၊ နိုင်ငံတကာကတောင် သိနေကြပြီ။ တစ်ကယ်တော့ လက်နှစ်ဖက်ရေတွက်ရင်တောင်မပြည့်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေချယ်လှယ်စီမံနေတဲ့ အဲ့ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ၊ ငါတို့ပြည်သူတွေကို ကိုယ်စားမပြုပါဘူး။ သူတို့ ရှင်သန်ရေး၊ သူတို့လုယူထားတဲ့ စည်းစိမ်ဥစ္စာအာဏာတွေ မစွန့်လွှတ်ရရေးအတွက် ဆွေးနွေးနေကြတာမို့ တမင်တကာကို မအောင်မြင်အောင်ကြံစည်လုပ်ကိုင်ခဲ့တာ ထင်ရှားပါတယ်။

အခုနောက်ဆုံးဖြစ်ပျက်နေတဲ့ စစ်အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေအကြားမှာ အပစ်ရပ်ဆွေးနွေးပွဲကို ရှေ့မတိုးနိုင်အောင် တားဆီးပိတ်ဆို့ ထားတာကလည်း အထက်ကပြောခဲ့တဲ့ သဘောနဲ့ထပ်တူညီမျှတဲ့ ကြိုတင်အခြေခံမူ (၆) ချက်ပါဘဲ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးစီးတဲ့ စစ်အာဏာရှင်ကို ကာကွယ်မဲ့တပ်ဟာ၊ တိုင်းရင်းသားတွေရဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်မပြုဘူး။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတာကိုလည်း လက်မခံဘူး။ အဆိုးဆုံးကတော့ လက်ရှိတည်ဆဲဥပဒေတွေကို ပြည့်ပြည့်ဝဝ လက်ခံရမယ်လို့ ဆိုတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောတူလက်ခံရမယ့်သဘော၊ နိုင်ငံရေးအရ လက်နက်ချခိုင်းတဲ့ ပုံစံမျိုး ပါဘဲ။ တည်ဆဲဥပဒေစည်းကမ်းတွေထဲမှာ နိုင်ငံသားတိုင်း လေးစားလိုက်နာအပ်တဲ့ စည်းကမ်းဥပဒေတွေရှိသလို၊ ပြည်သူတွေရဲ့ဘ၀နဲ့ အနာဂါတ်တွေကိုဖျက်ဆီးထားတဲ့ ဥပဒေစည်းကမ်းတွေ အများအပြားရှိနေတဲ့အထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ ရုပ်ပျက်ဆင်း ပျက်အနိုင်ဆုံး ဥပဒေဆိုးဘဲ။ အဲ့ဒီဥပဒေဆိုးကြီးကို ကာကွယ်စောင့်ရှောက်မယ်လို့ တစာစာပြောနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ပြည်သူတွေရဲ့ ချစ်သားတော့မဖြစ်နိုင်ဘူး၊ အာဏာရှင်ရဲ့ သစ္စာခံစစ်သားဘဲဖြစ်လိမ့်မယ်။

လွန်ခဲ့တဲ့ငါးနှစ်ကျော်လောက်က စာရေးသူရဲ့ယောက္မကြီး စင်္ကာပူကိုအလည်လာတုံးမှတ်မှတ်ရရ မှတ်ချက်လေးတစ်ခုပြုသွားခဲ့ဘူးတယ်။ “ငါ့သားရေ မင်းတို့စင်္ကာပူမှာ လူတွေတင် စည်းကမ်းရှိတာမဟုတ်ဘူး။ သက်မဲ့သစ်ပင်တွေတောင် စည်းကမ်းရှိပေသကိုး’’ တဲ့ လေ။ ဟုတ်မှာပါ။ အကိုင်းအခက်တွေ ဗရမ်းဗတာထိုးထွက်၊ ကိုင်းခြောက်တွေ၊ တို့လို့တွဲလောင်းနဲ့ မသပ်မရပ်ပေါက်နေတတ်တဲ့ ကျွန်တော်တို့နိုင်ငံကလမ်းဘေးသစ်ပင်တွေနဲ့ ရင်းနှီးနေသူအဖို့ အောက်ခြေရှင်းပြီး၊ စနစ်တကျပြုပြင်၊ဖြတ်ညှပ်ညှိယူပျိုးထောင်ထားတဲ့ စင်္ကာပူကျွန်းက သစ်ပင်တွေမြင်တော့ ဒီလိုမှတ်ချက်ပြုတာ မဆန်းပါဘူး။

လူ့အဖွဲ့စည်းတိုင်းမှာစည်းကမ်းကောင်းတဲ့သူ၊ စည်းကမ်းလိုက်နာတဲ့သူကို လေးစားကြ၊ ချီးမွမ်းကြတတ်ကြသလို၊ စည်းကမ်းဖောက်ဖျက်တဲ့ သူ၊ စည်းကမ်းမဲ့တဲ့သူတွေကို ကဲ့ရဲ့င်္သဂြိုလ်စကားဆိုတတ်ကြတာ ဓမ္မတာပါ၊ လူ့အသိုင်းအ၀ိုင်းရဲ့အကွက်တိုင်း၊ ထောင့်တိုင်းမှာစည်းကမ်းဆိုတာရှိပါတယ်။ မိသားစုစည်းကမ်း၊ ကျောင်းစည်းကမ်း၊ ရုံးစည်းကမ်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထောင်စည်းကမ်း၊ ရဲစည်းကမ်း၊ တပ်စည်းကမ်းဆိုတာတွေရှိသလို တိုင်းပြည်တွေနဲ့ နိုင်ငံတကာကလိုက်နာရမဲ့တရားဥပဒေတွေနဲ့ ကျင့်ထုံးတွေဟာ စည်းကမ်းတွေပါဘဲ။

ဒါပေမဲ့ စည်းကမ်းဆိုတိုင်း၊ ဥပဒေအမိန့်အာဏာဆိုတိုင်း၊ လိုက်နာအပ်စောင့်ရှောက်ထိန်းသိမ်းအပ်တာ မဟုတ်ပါဘူး။ လူအများစုကြီးရဲ့ အကျိုးစီးပွားကို မကာကွယ်နိုင်ယုံမက၊ တိုင်းသူပြည်သားတွေကို ဆင်းရဲတွင်းထဲဆွဲချ၊ မျက်ရည်ကြီးငယ်ကျစေတဲ့ စည်းကမ်းဥပဒေတွေ ဆိုရင်တော့ ဖိနှိပ်ချုပ်ချယ်တဲ့၊ မတရားတဲ့စည်းကမ်းဥပဒေတွေလို့ သတ်မှတ်ရမှာပါ။ ထင်ရှားတဲ့ဥပမာကိုဆောင်ရရင်၊ ရာဇ၀တ်သားတွေကို သူတို့ကျုးလွန်တဲ့ပြစ်မှုအလိုက်၊ ပြစ်ဒဏ်ပေးတဲ့ဥပဒေစည်းကမ်းတွေဟာ ရှိသင့်ရှိအပ်ပေမဲ့၊ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲတိုးတက်စေလိုတဲ့ယုံကြည်ချက်နဲ့ တောင်းဆိုလှုပ်ရှားတဲ့နိုင်ငံရေးသမားတွေကို ရက်ရက်စက်စက်ညှင်းပမ်းနှိပ်စက်ပြီး၊ အငြိုးအတေးနဲ့ ထင်သလိုသေဒဏ် ကနေ တစ်သက်တစ်ကျွန်းအထိ အပြစ်ပေးနိုင်တဲ့၊ စစ်ခုံရုံးဥပဒေဟာ မရှိသင့် မရှိအပ်တဲ့ စည်းကမ်းဥပဒေပါဘဲ။

စာရေးသူနားလည်ထားတဲ့ စည်းကမ်းရဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုရရင်.. စည်းကမ်းဆိုတာ စည်းနဲ့ကမ်းဆိုတဲ့ စကားနှစ်လုံးပေါင်းထားတာမဟုတ်လား။ စည်းဆိုတာ အပိုင်းအခြား၊ အဆီးအတား၊ အကာအကွယ်ဆိုတဲ့သဘော၊ ကမ်းရဲ့အဓိပ္ပါယ်ကိုတော့၊ ဘောင်၊ အထိန်းအကွပ်ကလနားလို့ ဖွင့်ဆိုနိုင်ပါလိမ့်မယ်။ ဒါကြောင့် စည်းကမ်းကို အကာအကွယ်၊ အပိုင်းအခြား အဆီးအတား၊ ဘောင်၊ အကွပ်ကလနားလို့ပြောရင် မှားမယ် မထင်ပါဘူး။

နောက်တစ်ခါ စည်းကမ်းဥပဒေတွေက ဘယ်သူ့ကိုအကာအကွယ်ပေးရမှာလည်းဆိုတဲ့ မေးခွန်းတစ်ခုထပ်ပေါ်လာပါတယ်။

လူ့အ၀န်းအ၀ိုင်းကြီးထဲမှာ အများပြည်သူတွေစိတ်အေးချမ်းသာစွာ အိပ်စက်နိုင်အောင်၊ လုံခြုံကောင်းမွန်တဲ့ဘ၀တွေနဲ့ အသက်မွေးနေထိုင် နိုင်အောင်၊ အကာအကွယ်ပေးတဲ့၊ လိုက်နာစောင့်ထိန်းအပ်တဲ့ကျင့်ဝတ်အပိုင်းအခြားဘောင်၊ အထိန်းအကွပ်ကလနားတွေကို စည်းကမ်း ဥပဒေလို့ ခေါ်ကြရတာမဟုတ်လား။

မြန်မာစကားမှာ “အကွပ်မရှိတဲ့ကြမ်း ဗရမ်းဗတာ” ဆိုတဲ့စကားဟာ စည်းကမ်းဆိုတဲ့အထိန်းအကွပ်မရှိရင် လူ့ အဖွဲ့ အစည်းဟာ ဟာ ဖရိုဖရဲဖြစ်ပြီး ရုပ်ဆိုးအကျည်းတန်တတ်ကြောင်း ဥပမာပြုတဲ့စကားပါ။ ဘယ်လူ့အသိုင်းအ၀ိုင်းမှာမဆို စည်းကမ်းဆိုတာ မရှိမဖြစ်လို အပ်ပါတယ်။ ဘာကြောင့်လို့လည်းဆိုရင် လူတွေဟာ ကိုယ့်အတ္တကို အမြဲဗဟိုပြုလေ့ရှိလို့ပါဘဲ။ မိမိကိုယ်ကိုသာ အကောင်းဆုံးရချင်၊ အသက်သာဆုံးခံစားချင်၊ အလွယ်လမ်းလိုက်ချင်တတ်တာ လူ့သဘာဝပါ။အဲ့ဒီကိုယ်လိုချင်တာ၊ ကိုယ်ဖြစ်ချင်တာတွေကို ရယူဖို့ ကြိုးစားကြ တဲ့နေရာမှာ၊ တစ်ခါတစ်ရံ တစ်ခြားသူတွေရဲ့ အကျိုးစီးပွားအခွင့်အရေးတွေကို ထိပါးပျက်စီးစေတတ်တာမို့ ဥပဒေစည်းကမ်းဆိုတာနဲ့ ထိန်းကွပ်ကာကွယ်ကြရတာ မဟုတ်လား။ ပြီးတော့ လူ့ အဖွဲ့ အစည်းထဲမှာ အသိဉာဏ် အနိမ့် အမြင့်မတူ၊ ကိုယ်ကျင့်သီလအားကောင်းသူနဲ့ ချို့ငဲ့သူတွေ ရောနှောပါဝင်နေတာမို့ ကောင်းမွန်တဲ့စည်းကမ်းတွေနဲ့ ထိန်းသိမ်းပေးဖို့ မရှိမဖြစ်လိုအပ်ပါတယ်။

ဒါပေမဲ့လည်း ကမ္ဘာ့သမိုင်းကိုဘဲပြန်လှန်လှန်၊ မြန်မာ့သမိုင်းကိုဘဲ စောင်းငဲ့ကြည့်ကြည့်၊ ခေတ်ပြိုင်ကာလကိုဘဲ တူရှုသုံးသပ်သုံးသပ်၊ သက္ကာယဒိဠိနဲ့ ဘယာဂတိ အလွန်ကြီးမားပြီး၊ နှလုံးသားအလွန်မဲညစ်တဲ့လူတစ်ချို့ဟာ တန်ဘိုးရှိတဲ့ဥပဒေ၊ စည်းကမ်းဆိုတဲ့နာမည်တွေကိုသူတို့ရဲ့အကျိုးစီးပွား၊ လူနည်းစုရဲ့အကျိုးစီးပွားအတွက် အသုံးချခဲ့၊ အသုံးချနေဆဲ သာဓကတွေ အများကြီးရှိခဲ့ပါတယ်။ တို့တိုင်းပြည်က စစ် ဗိုလ်ချုပ်ကြီးတွေဟာ သူတို့အတ္တအတွက် သူတို့အာဏာတည်မြဲရေးအတွက်၊ စစ်သားဆိုတာ အထက်အမိန့်ကို စောဒကတက်စရာမလို၊ ပေးလာတဲ့အမိန့်အတိုင်း ပြည်သူမဆိုထားနဲ့ သံဃာဆိုလည်းသတ်၊ မိဘအရင်းတောင်သတ်ရဲအောင်၊ အတွေးအခေါ်တွေ လမ်းချော်အောင် အဆိပ်ခပ်ခဲ့ကြတာ တို့နိုင်ငံသမိုင်းမှာ အထင်အရှားကျန်ရစ်တယ် မဟုတ်လား။

စည်းကမ်းဆိုတိုင်း၊ ဥပဒေအမိန့်အာဏာဆိုတိုင်း လိုက်နာအပ်စောင့်ရှောက်ထိန်းသိမ်းအပ်တာ မဟုတ်ပါဘူး။ လူအများစုကြီးရဲ့အကျိုးစီး ပွားကို မကာကွယ်နိုင်ယုံမက၊ ပြည်သူလူထုကို ဆင်းရဲတွင်းထဲဆွဲချ၊ မျက်ရည်ကြီးငယ်ကျစေတဲ့ စည်းကမ်းဥပဒေတွေဆိုရင် ဖိနှိပ်ချုပ်ချယ် တဲ့၊ မတရားတဲ့စည်းကမ်းဥပဒေတွေလို့ သတ်မှတ်ရမှာပါ။

ရေစီးကမ်းပြိုလိုက်ပြီး ယိမ်းယိုင်ချိနဲ့လာတဲ့ စစ်အာဏာရှင်စနစ်ကို ကျားကန်အသက်ဆက်ဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အကြံအစည်ဖြစ်တဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလို့ မျက်နှာဖုံးစွပ်ထားပေမဲ့ တကယ့်အနှစ်သာရက တော့ နိုင်ငံရဲ့အမြင့်ဆုံးအခွင့်အာဏာတွေကို စစ်တပ်နဲ့အာဏာရှင်တွေလက်ထဲ ထိုးအပ်ထားတာ လယ်ပြင်မှာဆင်သွားသလို ထင်ရှားလှပါ တယ်။ ၂၀၀၈ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ အများပြည်သူတွေရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မှုမပေးယုံတင်မက နိုင်ငံသား တိုင်းရဲ့ အခြေခံလူ့အခွင့်အရေးတွေကို မတရားသဖြင့်လုယူထားတာမို့ ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေအမိန့်အာဏာလို့ သတ်မှတ်ရမှာဖြစ်သလိုလိုက်နာဖို့လည်း လိုမယ်မထင်ဘူး။ ဒါကြောင့် “အများပြည်သူအလိုမတူတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ” ဆိုတဲ့စကားဟာ အလွန်သွေးထွက်အောင် မှန်ပါတယ်။

ပြည်သူတွေပိုင်တဲ့နိုင်ငံတော်အာဏာကို ဘယ်သူကမှမပေးဘဲ သူတို့ဘာသာ ရေးဆွဲအတည်ပြုထားတဲ့ ဒီ ၂၀၀၈ အခြေခံဥပဒေနဲ့ ဇွတ်သိမ်းပိုက်ထားတာမို့ ဒါကြီးဟာ အများပြည်သူအလိုမတူတဲ့ ဥပဒေစည်းကမ်းကြီးပါ။ ပိုင်ရှင်က ပြန်တောင်းနေတာကို လုယူထားတဲ့၊ ခိုးထားတဲ့သူတွေက၊ တို့ပြည်သူတွေကို ဆန္ဒပြချင်သလောက်ပြ၊ လဲသေအောင်ပြ၊ သူတို့ပေးချင်သလောက်ပေးမယ်၊ မပေးချင်မပေးဘူး၊ ယူချင်ယူ၊မ ယူချင်နေ၊ ဂရုမစိုက်ဘူးဆိုတဲ့သဘော။ မသထာရေစာပေးလာရင်တောင် သူတို့ကိုကျေးဇူးရှင်ကြီးတွေလို အသိအမှတ်ပြု တာခံချင်ပုံရတယ်။ မခက်ပေဘူးလား။

ကဲ ဒီတော့ တို့ပြည်သူတွေ ကိုယ့်အားကိုယ်ကိုးရတော့မယ်။ ကိုယ့်အနာဂါတ်ကို ကိုယ်တိုင်တည်ဆောက်နိုင်ဖို့၊ ပြည်တွင်းစစ်မီးတောက်ကြီးကို အပြီးတိုင်ငြိမ်းသတ်နိုင်ဖို့၊ စစ်ကျွန် စစ်နွံထဲက ရုန်းထွက်နိုင်ဖို့၊ ၂၀၀၈ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ထိထိရောက်ရောက်ပြင်ဆင်နိုင်ဖို့ ခေတ်ဝန်ထမ်းကြ၊ အသံတစ်သံ၊ မဲတစ်ပြား၊ အုပ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ကြဖို့လိုသလို၊ ဖိနှိပ်ချုပ်ချယ်မှုနဲ့ ဥပဒေစည်းကမ်းကို လေနဲ့ဝမ်း လိုကွဲကွဲပြားပြား ခွဲခြားနိုင်ယုံမက၊ ဖိနှိပ်ချုပ်ချယ်မှု မှန်သမျှကို ပြတ်ပြတ်သားသားဆန့်ကျင်ကြဖို့လဲ လိုပါတယ်။

မြန်မာနိုင်ငံသားတိုင်း အမှန်တရားကို ခွဲခြားသိမြင်နိုင်ပြီး၊ ကာကွယ်စောင့်ရှောက်မှုလည်း ပေးနိုင်ကြပါစေ။

လေးစားစွာဖြင့်
မင်းကောင်းချစ်

သရုပ်ဖော်ကာတွန်း – ဘီရုမာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts