(လမ်းခုလတ် – ၂၀၁၃) မသီတာ(စမ်းချောင်း) နဲ့ PEN Myanmar အကြောင်း စကားလက်ဆုံ
မိုးမခ၊ ဇန်န၀ါရီ ၂၃၊ ၂၀၁၄
ဒီဇင်ဘာ လဆန်း၊ ရန်ကုန်မြို့၊ ပဲ့တင်သံဂျာနယ်တိုက်မှာ အယ်ဒီတာ၊ စာရေးဆရာ မသီတာ(စမ်းချောင်း)နဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ထိုအချိန်တုန်းက နိုင်ငံတကာအဖွဲ့အစည်းတခုဖြစ်တဲ့ PEN International ရဲ့ အဖွဲ့ခွဲ PEN Myanmar ကို နိုဝင်ဘာ ၂၇ ရွေးကောက်ပွဲနဲ့ လောလောလတ်လတ် ရွေးကောက်တင်မြှောက်ပြီးခါစ၊ အသစ်စက်စက် ထူထောင်ပြီးခါစ အချိန်ဖြစ်ပါတယ်။ အဲဒါနဲ့ ဆရာမ မသီတာ(စမ်းချောင်း)နဲ့ PEN Myanmar အသင်းအကြောင်း၊ မြန်မာကလောင်ရှင်များရဲ့ လှုပ်ရှားမှုတွေ၊ ရည်မှန်းချက်တွေအကြောင်း စကားလက်ဆုံ ပြောဖြစ်ခဲ့ပါတယ်။
မေး။ ။ PEN International အကြောင်း အရင်ပြောပါဦး။
၁၉၂၁ ခုနှစ်ကတည်းက လန်ဒန်မှာ စဖွဲ့တဲ့အဖွဲ့။ လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို ကာကွယ်ပေးဖို့ ရည်ရွယ်ချက်ဖြစ်တယ်။ အစောဆုံးပေါ်လာတဲ့ အစိုးရမဟုတ်တဲ့ လူ့အဖွဲ့အစည်းတခုဖြစ်တယ်လို့ ပြောလို့ရတယ်။ အခုချိန်မှာ နိုင်ငံပေါင်း ၁၀၁ နိုင်ငံ၊ စင်တာပေါင်း ၁၄၀ ကျော် ရှိနေပြီပေါ့။
မေး။ ။ မြန်မာပြည်အနေနဲ့ ဆရာမ အနေနဲ့ PEN International ဆက်စပ်မှုကို ပြောမယ်ဆိုရင် …
ကျမတို့ စသိခွင့်ရတာကတော့ …၁၉၈၈ အရေးတော်ပုံအပြီး စစ်အစိုးရကို ဝေဖန်တဲ့ စာ ‘ဘာတွေဖြစ်ကုန်ကြပြီလဲ’ ဆိုတာနဲ့ ကိုမင်းလူ၊ ကိုမျိုးမြင့်ငြိမ်းနဲ့ ကိုစိန်လှိုင်တို့ အဖမ်းခံခဲ့ရတယ်။ အဲသည်မှာ PEN International က အကျဉ်းကျခံရတဲ့ စာရေးဆရာတွေကို ဂုဏ်ထူးဆောင်အသင်းဝင်တွေအဖြစ် အသိအမှတ်ပြုတယ်၊ ဂုဏ်ပြုတယ် ဆိုတာကို ထုတ်ပြန်တယ်။ PEN ရဲ့ ဘယ်စင်တာကလည်းတော့ မမှတ်မိတော့ဘူး။ အဲဒါမှာ ကျမတို့ စသိတယ်၊ စိတ်ဝင်စားခဲ့တယ်။ နောက်ဆုံး ကိုယ်ကိုယ်တိုင် အဖမ်းခံရတယ်။ အဲသည်မှာ ကျမလည်း PEN International ရဲ့ honorary member ဖြစ်လာရာကနေ၊ PEN အမေရိကန်စင်တာကနေ award တွေ ရတာတွေ ရှိခဲ့တယ်။ အဲသည်တော့ ဒီက စာပေလွတ်လပ်စွာ ထုတ်ဖော်ခွင့် လှုပ်ရှားမှုတွေမှာ PEN တို့ Amnesty တို့က အမြဲစိတ်ဝင်တစား လုပ်ကိုင်နေတဲ့အဖွဲ့တွေအဖြစ် ကျမအနေနဲ့ အီးမေးတွေ မရှိခင်ကတည်းက သူတို့ကို ဆက်သွယ်ပြီး ကျေးဇူးတင်စကားပြောကြားခဲ့တယ်။ ၂၀၀၅ ခုနှစ် နိုင်ငံခြား ပထဦးဆုံး ထွက်ခွင့်ရတဲ့ ခရီးမှာ ကျမဖာသာ Amnesty တို့ PEN တို့ရဲ့ ရုံးခန်းတွေကို ရှာဖွေပြီး သွားတွေ့တယ်၊ မိတ်ဆက်တယ်၊ သူတို့တွေ ဘာတွေ လုပ်သလဲဆိုတာကို လေ့လာတယ်၊ မေးမြန်းစုံစမ်းတယ်။ အဲသည်မှာ PEN ရဲ့ နိုင်ငံတကာက စင်တာအတော်များများနဲ့ ရင်းနှီးလာပြီးတော့ ကျမစာအုပ်တွေ စာတွေကို ဖတ်ကြတာ၊ သူတို့ ဘာသာနဲ့ ပြန်ဆိုကြတွေ လုပ်ဖြစ်ခဲ့ကြတယ်။ တကမ္ဘာလုံးက ဘာသာစကား အသွေးအရောင်မတူတဲ့ စာရေးဆရာတွေ ကလောင်ရှင်တွေ အချင်းချင်းရဲ့ ချစ်ခင်ရင်းနှီးမှု၊ ယိုင်းပင်းမှုတွေကို သဘောကျမိတာပေါ့။ ကိုယ့်ကို ဘာမှမသိတဲ့၊ မမြင်ဘူးတဲ့ စာရေးဆရာများက ကိုယ်ရဲ့ လွတ်ရာလွတ်ကြောင်းကို လုပ်သလို၊ ကိုယ့်လိုပဲ အကျဉ်းကျခံနေရတဲ့ စာရေးဆရာများကိုလည်း လူသားမျိုးနွယ်တခုတည်းရဲ့ စည်းလုံးညီညွတ်မှုကို ပြချင်တယ်၊ ကိုယ့်ဖက်ကလည်း နိုင်ငံတကာက လှုပ်ရှားမှုတွေကိုပါ မြန်မာပြည်တွင်းမှာ သိရှိလာအောင် လုပ်ချင်ခဲ့တယ်။
မေး။ ။ အဲသည်တုန်းက လုပ်လို့ရခဲ့သလား။
အဲသည်အချိန်တုန်းက စာပေစိစစ်ရေး ရှိတယ်၊ အကန့်အသတ်တွေ ရှိနေတော့ ကျမတို့မှာ အပြင်က သူတို့လှုပ်ရှားမှုတွေဆီမှာ ပါလို့ရပေမယ့်၊ သူတို့လှုပ်ရှားမှုတွေကို မြန်မာပြည်ထဲအထိ ရောက်လာအောင် မလုပ်နိုင်ခဲ့ဘူး။ တောက်လျောက်က ဒီအတိုင်းပဲ သွားနေခဲ့တာပေါ့နော်။ နောက်ဆုံးတခေါက်က US မှာ နေဘုန်းလတ် PEN ဆုရတယ်။ သွားပြီး စကားသွားပြောတယ်။ ဒီဖက်မှာ ဘာမှ မလှုပ်ရှားနိုင်ခဲ့ဘူး။ ၂၀၁၁ ဒီဖက်ပိုင်းရောက်လာတဲ့အခါကျတော့ မြန်မာပြည်မှာ PEN စင်တာ ပေါ်ဖို့ကောင်းပြီလို့ PEN က လူတွေက တိုက်တွန်းတယ်။ ကျမကိုယ်တိုင်ကလည်း PEN လိုလှုပ်ရှားမှုတွေကို မြန်မာစာရေးဆရာတွေနဲ့ မြန်မာပြည်ထဲမှာ လုပ်ချင်နေတဲ့ ဆန္ဒကလည်း အရမ်းကို ရှိနေတယ်။
မေး။ ။ PEN Myanmar ဆိုတာက ဒီအတိုင်း ထောင်လိုက်၊ ဖွဲ့လိုက်လို့ ရတာ မဟုတ်ဘူးလား။
၂၀၁၃ ပိုလန်မှာ PEN အစည်းအဝေးတခုကို သွားတက်ဖြစ်တယ်။ အဲသည်မှာ စကားပြောဖြစ်တယ်။ အခြား PEN English ကလူတွေ သည်ကို လာတော့လည်း သေသေချာချာ ဆွေးနွေးဖြစ်တာတွေ ရှိတယ်။ ဘယ်လို Constitution ဖွဲ့စည်းပုံမျိုး ရေးဆွဲမလဲ။ ဘယ်လို တည်ထောင်ရင် ကောင်းမလဲ ပြောနေတာတွေ ရှိတာပေါ့။ သည်တော့ ပိုလန် ညီလာခံကျတော့ PEN တွေထဲက ထုတ်ဝေသူအချို့၊ အဖွဲ့ဝင်အချို့တွေက မြန်မာပြည်ကို လာချင်တယ်။ လာပြီးတော့ မြန်မာပြည်က ထုတ်ဝေသူအချို့၊ စာရေးဆရာအချို့နဲ့ တွေ့ချင်တယ်၊ နားထောင်ချင်တယ်။ PEN Myanmar Center ပေါ်ပေါက်ဖို့ အလားအလာ ဘယ်လောက်ရှိသလဲ။ အထဲက အနေအထားတွေ သိချင်တယ်။ ဒါနဲ့ ဇူလိုင်မှာ ၂ သုတ်ခွဲပြီး လာကြတယ်။ ကျမက တွေ့သင့်တွေ့ထိုက်တဲ့သူတွေနဲ့ တွေ့နိုင်အောင် စီစဉ်ပေးလိုက်တယ်။ သူတို့ပြန်သွားပြီးတော့ ကျမကိုပဲ ပြန်ဆက်သွယ်လာတယ်။
မေး။ ။ ပြန်ဆက်သွယ်လာတယ်ဆိုတော့ ထောင်ချင်ရင် ထောင်လို့ရပြီပေါ့။
အဲသလိုမျိုးမဟုတ်ဘူး။ သူတို့ရဲ့ နှစ်ပတ်လည်အစည်းအဝေးတခု ရှိတယ်။ အိုက်စလန်မှာပေါ့။ စက်တင်ဘာမှာ၊ ၇၉ ကြိမ်မြောက် အစည်းအဝေး။ စင်တာတခုပေါ်ပေါက်ဖို့အတွက် ဆိုတာက ကိုယ့်မှာ ဖွဲ့စည်းပုံတခု ရှိရတယ်။ PEN International ရဲ့ ပဋိညာဏ်ကို လက်မှတ်ထိုးရတယ်။ အဲသည်လို လက်မှတ်ထိုးတဲ့စာရေးဆရာ အနည်းဆုံး ၂၀ ရှိရမယ်။ သူတို့ရဲ့ ဒေတာတွေကို PEN အဖွဲ့ကို တင်ပြရမယ်။ အဲဒါတွေ ယူဆောင်လာပြီးတော့ ကိုယ်စားလှယ်တဦးကနေ သူတို့ ညီလာခံမှာ တင်သွင်းရမယ်၊ တင်ပြရမယ်။ အဲဒီကျမှ သူတို့တွေက Vote လုပ်မယ်၊ မဲဆန္ဒကို ခံယူမယ်။ သူတို့က PEN Myanmar ပေါ်ပေါက်ဖို့အရေးကို အသိအမှတ်ပြုပါတယ်ဆိုမှ ကျမတို့ဆီမှာ ထူထောင်လို့ရပြီ။ ဒါကြောင့် ဂျူလိုင်နဲ့ စက်တင်ဘာကြားထဲမှာ ကျမက အသည်းအသန်ကို အဲသည်အချိန်မီ နားလည်တဲ့ ရင်းနှီးတဲ့စာရေးဆရာတွေ၊ ထုတ်ဝေသူတွေနဲ့ စီစဉ်ရတာ ဖြစ်ပါတယ်။ အများကြီးကိုတော့ ဖြစ်မြောက်ရေးအတွက် မပြောနိုင်ခဲ့တာတော့ ရှိတာပေါ့။ ပြီးတော့ တနှစ်စာ Plan Activity တွေလည်း ညီလာခံမှာ တင်သွင်းရပါတယ်။ ကိုယ်တိုင်မသွားနိုင်ခဲ့တော့ နေဘုန်းလတ်သွားပြီး တင်ပြခဲ့တယ်။ အာရှက နိုင်ငံ ၂ခု ကို ညီလာခံက approve လုပ်ပေးလိုက်တယ်။ တခုက ကျမတို့ နိုင်ငံပေါ့။
မေး။ ။ PEN Myanmar ဖြစ်ဖို့ အဲသည်လို လုပ်ရတာ ဆိုတော့ PEN Center တွေထဲမှာ approve မဖြစ်တာတွေကော ရှိသလား။ အဖျက်ခံရတာတွေကော ရှိသလား။
ရှိတာပေါ့။ approve ဖြစ်ပြီးသား center တွေထဲမှာ သူတို့ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်ကို ကာကွယ်တာမလုပ်ဘဲ ဖိနှိပ်တာတွေ၊ ချိုးနှိမ်တာတွေ လုပ်တဲ့ စင်တာတွေကို ညီလာခံကနေ terminate လုပ်တာတွေ ရှိတယ်။ ၂ ခုလား ၃ ခုလား မသိဘူး။ လှုပ်ရှားမှု မရှိတာကတကြောင်း၊ Government ရဲ့ mouth piece တွေ ဖြစ်လာတယ်ပေါ့။ indePENdent မဖြစ်တော့ဘူးပေါ့။ တစုတဖွဲ့ရဲ့ ၀ါဒဖြန့်ချိရေးကိရိယာဖြစ်လာလို့ သူတို့က terminate လုပ်တယ်။ ဒါမျိုးတွေ ရှိတယ်။ ဒီကြားထဲမှာ approve ရဖို့လုပ်တာကို ကျမကတော့ တော်တော်လေး စိတ်မော လူမော ဖြစ်ခဲ့ရပါတယ်။
မေး။ ။ အချိန်တိုတိုတွင်း လုပ်ရတာရယ်၊ မြန်မာပြည်တွင်းက PEN ဆိုတဲ့ Poets, Playwrights, Editors and Novelists တွေ Publisher တွေ၊ new media သမားတွေ အားလုံးက ဖြစ်မြောက်ရေးကာလမှာ မပါခဲ့ကြရတော့ နားလည်မှု မလွဲကြဖူးလား။
တချို့က ကျမတို့ ကြိတ်ပြီး ထောင်လိုက်ပြီးလို့ ထင်ကြတယ်။ တကယ်က ကျမတို့က ထောင်လိုက်တာ မဟုတ်ဘူး၊ ထောင်ခွင့်ရဖို့ လုပ်နေတာ။ ဖြစ်မြောက်အောင် ပြင်ဆင်တာ။ ပထမခြေလှမ်းလေ။ ထောင်ခွင့်ရမှ ထောင်လို့ရတာလေ။ နောက်ပြီးတော့ တကယ်ထောင်တဲ့ဆီမှာ constitution အရ membership organization – အသင်းဝင်များနဲ့ ဖွဲ့တဲ့အဖွဲ့၊ အသင်းဝင်တွေကမှတဆင့် board of directors တွေကို open election ကို လုပ်ပေးရတယ်။ open election ကနေ BOD ထွက်လာမှပဲ ဒီစင်တာကို အားလုံးက အသိအမှတ်ပြုတယ်။ သည်တော့ လူ ၂၀ နဲ့က ထောင်ခွင့်ရဖို့ ကြိုးစားခဲ့တာ။ အဖွဲ့ဖွဲ့ဖို့ကတော့ ကျမတို့က PEN တွေ လိုက်စည်းရုံးရတာပေါ့။ လိုက်စုစည်းရတာပေါ့။
မေး။ ။ ဖြစ်မြောက်ရေးကော်မီတီအစည်းအဝေးကနေ ထုတ်ပြန်ပေးရတာပေါ့။
အဲဒါက အောက်တိုဘာ ၃ ရက်မှာ Home Media Center မှာ ကျမတို့ ဖြစ်မြောက်ရေးအဖွဲ့ အစည်းအဝေး၊ အဲသည်ကျမှ PEN International ဆီက ဖွဲ့စည်းခွင့်ပြုတဲ့စာ တရားဝင်ရတယ်။ အဲသည်နေ့မှ အများပြည်သူကို အသိပေးနိုင်တယ်၊ ဖွင့်ပေးတယ်၊ အားလုံးကို ဖိတ်ခေါ်ရတယ်ပေါ့။ အဲသည်ကနေ နိုဝင်ဘာထဲမှာ အစဦးဆုံး ညီလာခံနဲ့ ရွေးကောက်ပွဲ လုပ်လိုက်ချင်တယ်။ ဒါမှလည်း စင်တာကို တကယ်ကို ထောင်နိုင်တော့မယ်လေ။ အမျိုးသားနေ့မှာ ထောင်လိုက်တယ်။ အားလုံး oPEN ပဲ။ သတင်းထောက်တွေကော၊ ပရိသတ်တွေအားလုံးရှေ့မှာ … နိုဝင်ဘာ ၂၇ ရက်နေ့
မေး။ ။ အော် … ထူထောင်လိုက်တာပေါ့။
ဟုတ်တယ်။ တခါတည်း အသင်းဝင်တွေ လက်ခံတယ်၊ ဒါရိုက်တာလည်း ရွေးတယ်၊ ကော်မီတီတွေလည်း ဖွဲ့တယ်။ ဒါရိုက်တာတွေကနေ ဥက္ကဌတို့၊ အတွင်းရေးမှူးတို့၊ ဘဏ္ဍာရေးမှူးတို့ ရွေးတယ်။ အသင်းဝင်တိုင်းက ဘယ်ကော်မတီမှာမဆို အကန့်အသတ် ၀င်လုပ်လို့ရတယ်။ ဘာသာပြန်နဲ့ ဘာသာစကား၊ အမျိုးသမီးစာရေးဆရာများ၊ ငြိမ်းချမ်းရေးဆိုင်ရာ၊ အကျဉ်းကျခံစာရေးဆရာများဆိုင်ရာနဲ့ PEN Myanmar လုပ်ငန်းဆောင်ရွက်ရေး စတဲ့ ကော်မီတီတွေ ဖွဲ့ကြတယ်။
မေး။ ။ အသင်းဝင်တွေဆိုတာက …
ပုံမှန်အသင်းဝင်တွေ၊ ဧည့်အသင်းဝင်တွေ ဆိုပြီး ရှိတယ်။ ကျောင်းသား လူငယ်တွေ၊ ၀ါသနာရှင်တွေက ဧည့်အသင်းဝင်တွေပေါ့။ အားလုံးက ကော်မီတီတွေမှာ ၀င်ရောက်ဆောင်ရွက်ခွင့်ရှိတယ်။ အသင်းဝင်တွေကနေ ဒါရိုက်တာအဖြစ် ၀င်အရွေးခံကြရမယ်။ ကော်မီတီတွေကို ဒါရိုက်တာတွေက ဦးဆောင်ရမှာပေါ့။ ပုံမှန်အဖွဲ့ဝင်တွေက လစဉ်ကြေး ၂ ထောင်ကျပ်၊ ဧည့်အသင်းသားတွေက တလကို ၁ ထောင်ကျပ်။ ဂုဏ်ထူးဆောင်အဖြစ် သတ်မှတ်ထားသူတွေက အသင်းဝင်ကြေး ပေးစရာမလိုဘူး။
မေး။ ။ ဂုဏ်ထူးဆောင်တွေဆိုတာက …
PEN International က ဂုဏ်ပြုထားတဲ့ ပုဂ္ဂိုလ်တွေဆိုရင် .. ဦးဝင်းတင်၊ ဒေါ်စမ်းစမ်းနွဲ့ (သာယာဝတီ)၊ ဖျာပုံနီလုံဦး၊ ဆရာမင်းလူ၊ နေဘုန်းလတ်၊ ဇာဂနာ၊ မျိုးမြင့်ငြိမ်းနဲ့ ကျမကိုယ်တိုင် ပါခဲ့တာပေါ့။ ပြီးတော့ ထောင်ကျစာရေးဆရာအဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း PEN International ကနေ ဂုဏ်ထူးဆောင်အဖြစ် မှတ်တမ်းတင်ခဲ့တယ်။
မေး။ ။ သည်လိုဆိုတော့ PEN ဆိုတာက အစဉ်အလာနဲ့ ဂုဏ်သိက္ခာကို လေးစားစောင့်ရှောက်တဲ့ အဖွဲ့အစည်းတခုဆိုတော့ အသင်းဝင်အဖြစ် ပါဝင်ကြတာနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး အလားအလာတွေ ရှိသလဲ။
နိုင်ငံတကာရဲ့ လှုပ်ရှားမှုတွေမှာ စာပေမိသားစုတွေ ချိတ်ဆက်လှုပ်ရှားနိုင်မယ်၊ ကျယ်ပြန့်တဲ့ အလုပ်တွေ ပိုလုပ်နိုင်မယ်၊ တဦးနဲ့တဦး အသိအမှတ်ပြုမှုတွေ ရှိလာမှာပေါ့။ တိုင်းရင်းသားဘာသာ စကားတွေအတွက်လည်း အလုပ်တွေပိုလုပ်လာနိုင်တယ်၊ တိုင်းရင်းသားဘာသာ စာရေးဆရာတွေလည်း ပါစေချင်တယ်။ နိုင်ငံတကာရောက် မြန်မာဘာသာစကားနဲ့ ရေးသားလုပ်ကိုင်နေသူတွေလည်း ပါဝင်စေချင်တယ်။ ပြည်ပမှာ သူတို့စင်တာတွေက လှုပ်ရှားမှုတွေမှာ မြန်မာကို ကိုယ်စားပြုပြီး တက်ရောက်နိုင်တာပေါ့။ ပြီးတော့ မြန်မာစင်တာကိုလည်း ပြန်ပြီး အကြောင်းကြားနိုင်တယ်။ ပြည်တွင်းကလည်း ဖြစ်နိုင်ရင် ကိုယ့်စာရိတ်နဲ့ကို သွားပြီး တက်ရောက်နိုင်မယ်။ အခု လောလောဆယ် ဆားဗီးယားနဲ့ ကနေဒါကနေ PEN Myanmar အသင်းဝင် ပါတဲ့သူ၊ အမျိုးသမီး ၂ ဦးရှိတယ်။ သူတို့က မြန်မာဘာသာစကားနဲ့ စာရေးကြတယ်ပေါ့။
မေး။ ။ အသင်းဝင်တယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး သတ်မှတ်ချက်ရှိသလဲ။ အခြား အသင်းအဖွဲ့တွေမှာ ပါဝင်နေကြတဲ့သူတွေကကော PEN Myanmar ထဲမှာ ပါဝင်လို့ရသလား။ PEN Myanmar ထဲမှာ အသင်းဝင်လိုက်တာဟာ နိုင်ငံတကာက PEN တွေနဲ့ ဘယ်လိုပတ်သက်သွားသလဲ။
PEN Myanmar ၀င်လိုက်တာဟာ PEN International အသင်းဝင်လိုက်တာနဲ့ အတူတူပါပဲ။ အလိုလိုဖြစ်ခြင်းပဲ။ ပြီးတော့ ဒီမှာရှိတဲ့ စာရေးဆရာတွေ၊ မီဒီယာအလုပ်လုပ်သူတွေက ဒီက ဟိုက ဘယ်အဖွဲ့မှာပဲပါပါ PEN ရဲ့ ရပ်တည်ချက်နဲ့ လုပ်ငန်းတွေကို သဘောကျလို့၊ အားပေးချင်လို့၊ လုပ်ကိုင်ချင်လို့ ပါတယ်ဆိုရင်လည်း လွတ်လပ်စွာ ပါလို့ရတာပါပဲ။ အဓိကကတော့ အချက် ၂ ချက်ပေါ့။ PEN ရဲ့ ပဋိဥာဏ်ကို လက်မှတ်ထိုးရမယ်၊ ရေးဆွဲထားတဲ့ Constitution အတိုင်းလိုက်နာရမယ်။ နောက်တခုကတော့ အခြားအဖွဲ့အစည်းတွေမှာ တာဝန်ယူထားတဲ့သူဖြစ်ရင်တော့ ဒီက PEN Myanmar က ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ၀င်အရွေးခံလို့ မရဘူး။ သာမန် member တော့ ဖြစ်ခွင့်ရှိတယ်။ စဉ်းစားစေချင်တာကတော့ PEN ပဋိဥာဏ်ကို လက်မှတ်ထိုးပြီးတော့ အဲသည်အချက်ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေမှာ ရှိနေတဲ့ (လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကို တားဆီး၊ ကန့်သတ်၊ ပိတ်ပင်တဲ့) အဲသလိုအဖွဲ့တွေမှာအသင်းဝင်ထားသူတွေကတော့ PEN ကို မ၀င်ခင်မှာ စဉ်းစားစေချင်တယ်။ conflict of interest ဖြစ်တာပေါ့။ အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်တယ်လေ။ ဒါကတော့ ကိုယ့်ဟာကိုယ် စဉ်းစားစေချင်တယ်။
မေး။ ။ လောလောဆယ် လှုပ်ရှားမှုအလုပ်တွေက ဘာတွေရှိလဲ။
မူလရည်ရွယ်ချက်တွေက PEN Myanmar က သစ်လွင်သော စာပေ၊ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်၊
မေး။ ။ ဒီလိုဆိုတော့ မြန်မာပြည်က local စာပေလှုပ်ရှားမှုတွေနဲ့ နိုင်ငံတကာက global စာပေလှုပ်ရှားမှုတွေပါ ချိတ်ဆက်ပေးမယ့် သဘောပေါ့။
ဟုတ်တယ်။ နိုဝင်ဘာ ၁၅ တုန်းကဆိုရင် ဒါက Writers in Prison Day ဖြစ်တယ်။ ဒါကို မြန်မာပြည်တွင်းမှာ သိရှိလာအောင် ပဲ့တင်သံဂျာနယ်မှာ ကျမရေးတယ်။ ဒီနှစ်အတွက် အကျဉ်းကျနေတဲ့ နိုင်ငံတကာက အာရုံစိုက်ခြင်းခံထားရတဲ့ စာရေးဆရာတွေက ဘယ်သူတွေ ဖြစ်တယ်။ ကော်မီတီထဲမှာလည်း အကျဉ်းကျခံစာရေးဆရာများဆိုင်ရာ ကော်မီတီဆိုတာ ရှိတယ်လေ။ ဒီကော်မီတီတွေအားလုံးက PEN International မှာလည်း ရှိတဲ့ ကော်မီတီတွေပဲ။ PEN Myanmar အတွက် local ဖြစ်တဲ့ ကော်မီတီကတော့ PEN Myanmar လုပ်ငန်းကော်မီတီဆိုတာ တိုးထားတာ ဒီမှာရှိတယ်။ Translation & Linguistic Committee လည်း ဒီမှာကော၊ ဟိုမှာပါ ရှိတယ်လေ။ အပြင်က လှုပ်ရှားမှုတွေမှာလည်း ကျမတို့အသင်းဝင်တွေက ပတ်သက်တာ၊ အားပေးတာတွေ လုပ်ကြမယ်။ ဒီက စာပေသမားတွေ လှုပ်ရှားမှုတွေ အားကောင်းသည်ထက် အားကောင်းလာအောင်၊ စနစ်တကျနဲ့ နိုင်ငံတကာနဲ့ပါ လက်တွဲနိုင်အောင် ၀ိုင်းဝန်းပြီး လုပ်ကြဖို့ပါပဲ။
မေး။ ။ ကျေးဇူးတင်ပါတယ်။ လမ်းခုလတ် ၂၀၁၃ မှာ မသီတာ(စမ်းချောင်း)နဲ့ တွေ့ဆုံခိုက် သူရဲ့ အားသွန်ခွန်စိုက် လုပ်ဆောင် ကြိုးပမ်းနေတဲ့ PEN Myanmar ခြေလှမ်းသစ်ကို အခုလိုမျိုး မှတ်တမ်းတင် ဖော်ပြလိုက်ပါတယ်။
ညွှန်း – PEN Myanmar Facebook Page – https://www.facebook.com/penmyanmar