သန်းဝင်းလှိုင်

(၆၅) နှစ်မြောက် လွတ်လပ်ရေးမှသည် ဒီမိုကရေစီပန်းတိုင်သို့

သန်းဝင်းလှိုင်
ဒီဇင်ဘာ ၂၀၊ ၂၀၁၂
 နှစ်ဦးစသည်နှင့် ဦးစွာကြုံရသည့် နေ့ထူးနေ့မြတ်ကား မြန်မာ့လွတ်လပ်ရေးနေ့ဖြစ်သည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ကား ၆၅ နှစ်မြောက် လွတ်လပ်ရေးဖြစ်သည်။

မြန်မာ့လွတ်လပ်ရေးကို ကိုလိုနီနယ်ချဲ့၏ လက်မှ၊ ဖက်ဆစ်၏လက်မှ အသာတကြည် လက်ဖြန့်ခံယူရရှိသည် မဟုတ်ဘဲ ပြည်သူလူထုတရပ် လုံး၏ အသက်နှင့် သွေးနှင့် မျက်ရည်နှင့် ရင်းနှီးရယူထားရခြင်းဖြစ်သည်။ တန်ဖိုးကြီးမားစွာ ရယူခဲ့ရသော လွတ်လပ်ရေးကို တည်တံ့ခိုင်မြဲ အောင် ကြိုးပမ်းဆောင်ရွက်ရမည့် တာဝန်မှာ လူတိုင်း၌ တာဝန်ရှိလေသည်။

● ကိုယ့်ထီးကိုယ့်နန်း

မြန်မာနိုင်ငံသည် ကိုယ့်ထီးကိုယ့်နန်းကိုယ်ကြငှန်းနှင့် နှစ်ပေါင်းများစွာ တိုင်းရင်းသားပေါင်းများစွာဖြင့် ချစ်ကြည်ရင်းနှီးစွာ နေထိုင်လာခဲ့သော လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်၏။ ထို့ထက်မူ ကျောက်ခတ် အသီးသီးကိုပင် ဖြတ်သန်းနေထိုင်လာသည့် သမိုင်းကြောင်း ရှည်လျားသော လူမျိုးလည်းဖြစ်သည်။

ဤသို့ သမိုင်းအစဉ်အလာကြီးမားသော မြန်မာနိုင်ငံရှိ တိုင်းရင်းသားအပေါင်းသည် ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊ စစ်ကိုင်း၊ ပင်းယ၊ တောင်ငူ၊ ကုန်းဘောင် စသည်ဖြင့် ကိုယ့်မင်းကိုယ်ချင်းနိုင်ငံများ ထူထောင်ခဲ့ကြ သည်။ ဥမကွဲသိုက်မပျက်နေလာခဲ့ကြ၏။ ပြည်ပရန်အပေါင်းကို စည်းလုံးညီညွတ်စွာ တွန်းလှန်ခဲ့ကြသည်။

ထိုသို့ နေထိုင်လာရာမှ ဗြိတိသျှနယ်ချဲ့တို့၏ ကျူးကျော်စစ် ၁၈၂၄၊ ၁၈၅၂၊ ၁၈၈၅ တို့တွင် သုံးကြိမ်တိုင် ခုခံစစ်များ ဆင်နွှဲခဲ့ရာ သုံးကြိမ်စလုံးပင် မြန်မာတို့ အရေးနိမ့်ခဲ့ရသဖြင့် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးတွင် မင်းနှင့်မိဘုရားတို့ ပါတော်မူပြီးနောက် မြန်မာနိုင်ငံ၏ ကုန်းဘောင်မင်းဆက် ပြတ်ခဲ့ရလေသည်။ ၁၈၈၆ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စ၍ မြန်မာနိုင်ငံကို ဗြိတိသျှအင်ပါယာအတွင်း သွတ်သွင်းခံရချိန်မှစ၍ ပြည်သူလူထု တရပ်လုံး သူ့ကျွန်ဘ၀သို့ ကျရောက်ခဲ့ရလေသည်။

● သူ့ကျွန်ဘဝ
ဗြိတိသျှနယ်ချဲ့၏လက်အောက်သို့ ကျရောက်သည်တွင် မြန်မာနိုင်ငံ၏ အခြေအနေများ ဆိုးရွားခဲ့ရသည်။ မြန်မာဘုရင်များ အစပျိုးတည်ထောင်ထားသည့် စက်မှုလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့၏။ နိုင်ငံခြား တိုင်းပြည်များနှင့် အဆက်အသွယ် ပြတ်ခဲ့၏။ ပညာသင်စေလွှတ်၍ ခေတ်မီပညာရပ်များ လေ့လာနေမှု အားလုံး ရပ်တန့်သွားခဲ့၏။ ခေတ်မီတပ်မတော်ဖွဲ့စည်းခြင်းလည်း ပျက်စီးသွားခဲ့၏။

သို့ဖြင့် ခေတ်မီနိုင်ငံတော်အဖြစ် တည်ထောင်ဖွဲ့စည်းရန် အားယူမှုများအားလုံး ပြိုကွဲပျက်စီးခဲ့ရလေသည်။ နယ်ချဲ့သည် မြန်မာ့စီးပွားရေးကို ခြယ်လှယ်ရန် ရောက်ရှိလာခြင်းဖြစ်သဖြင့် စီးပွားရေးအရ အစွမ်းကုန်သွေးစုပ်ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်တော့သည်။ ဤသို့ဖြင့် စီးပွားရေး၊ နိုင်ငံရေးတို့တွင်သာမက အစဉ်အလာကောင်းခဲ့သော မြန်မာ့ပညာရေးမှာလည်း ဆုံးခန်းတိုင် ဖျက်ဆီးခံခဲ့ရသည်။

● နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများ

ထိုသို့ လွတ်လပ်ရေးဆုံးရှုံးရခြင်းကို မြန်မာတိုင်းရင်းသားအပေါင်းတို့သည် မခံမရပ်နိုင်ဘဲ ရရာလက်နက်၊ လူသူစုရုံး၍ နယ်ချဲ့တို့အား ၁၈၈၅ ခုနှစ် မှ ၁၈၉၅ ခုနှစ် အထိ နေရာအသီးသီးမှ အုံကြွတွန်းလှန် တိုက်ခိုက်ခဲ့ကြသည်။ နယ်ချဲ့ဗြိတိသျှတို့သည် ၁၀ နှစ်လုံးလုံး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့ရသည်။ တရားသောစစ်ကို ဆင်နွှဲနေသူ တိုင်းရင်းသားအပေါင်းတို့ကိုလည်း ရက်စက်စွာ ဖြိုခွင်းနှိမ်နင်းခဲ့သည်။

သူ့ကျွန်မခံလိုသော တိုင်းရင်းသားတို့ကား လွတ်လပ်ရေးတိုက်ပွဲ၌ အသက်များစွာ ပေးခဲ့ကြရသည်။ သေနတ်ကို ဒူးလေး၊ မြှားတို့ဖြင့် အံတုခဲ့သလို လှံစွပ်ကို ဓား၊ လှံ လက်နက်ဖြင့် တုံ့ပြန်ခဲ့၏။ သို့သော် တော်လှန်တိုက်ခိုက်မှုများမှာ သူ့ကျွန်မခံလိုသော စိတ်ဓာတ်ဖြင့်သာ ဒေသအလိုက် တော်လှန်မှုဖြစ်ပွားခြင်း၊ ရရာလက်နက်ကိုသာ စွဲကိုင်ကြရခြင်း၊ ပြည်သူလူထုတစ်ရပ်လုံး နိုင်ငံရေးနိုးကြားတက်ကြွစွာ ပါဝင်လာအောင် မစည်းရုံးနိုင်ခြင်း စသည်တို့ကြောင့် နယ်ချဲ့ခေတ်ဦး တော်လှန်ရေးမှာ တဖြည်းဖြည်း ရှုံးနိမ့်ပျက်ပြားသွားခဲ့ရလေသည်။

● အမျိုးသားရေး

အားမတန် မာန်လျှော့လိုက်ကြရသော်လည်း တိုင်းရင်းသားအပေါင်း၏ စိတ်၌ လွတ်လပ်ရေးကို မမှိတ်မသုန် အာရုံစွဲမှတ်ထားကြဆဲ့ ရှိ၏။ သို့ဖြင့် ၁၈၉၇ ခုနှစ်တွင် ဘာသာရေးအသင်းအဖွဲ့များ စတင်ပေါ်ပေါက်လာပြီးနောက် ၁၉၀၆ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ဗုဒ္ဓဘာသာ ကလျာဏယုဝ ခေါ် ၀ိုင်အမ်ဘီအေ အသင်းကြီးကို ကိုဘရင်၊ ကိုဘဘေ၊ ကိုမောင်ကြီးတို့၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းတည်ထောင်နိုင်ခဲ့လေသည်။ အမျိုး၊ ဘာသာ၊ သာသနာ၊ စာပေ၊ ပညာကို ချစ်မြတ်နိုးစိတ်ဖြင့် ပျိုးထောင်ပေးရင်း ၀ါရင့်နိုင်ငံရေးလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြသည်။

၁၉၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ပြည်မြို့၌ ဂျီစီဘီအေ ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာအသင်းချုပ်ကြီးကို ဖွဲ့စည်းနိုင်ခဲ့လေသည်။ ထိုအသင်းကြီးသည် မျိုးချစ်ဝံသာနုလှုပ်ရှားမှုများဖြင့် နယ်ချဲ့တို့ကို နိုင်ငံရေးနည်းဖြင့် ဆန့်ကျင်ခဲ့ကြသည်။ ထိုနှစ်မှာ ကိုလိုနီပညာရေးကို ဆန့်ကျင်တိုက်ခိုက်သည့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့၌ ဖြစ်ပွားခဲ့သော ပထမကျောင်းသားသပိတ်သည် အမျိုးသားရေးဝံသာနုစိတ်ဓာတ်ကို ပွားများထွန်းကားစေခဲ့သည်။

၁၉၃၀ပြည့်နှစ်တွင် သုပဏ္ဏကဂဠုနရာဇာဘွဲ့ခံ ဆရာစံဦးဆောင်သော တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။ ဆိုးရွားလွန်းသော နယ်ချဲ့တို့၏ လယ်ယာမြေဖိနှိပ်မှုများကို မခံမရပ်နိုင်သဖြင့် ထကြွတော်လှန်ခဲ့ခြင်းဖြစ်သည်။

တောင်သူလယ်သမားတို့၏ တော်လှန်ရေးသည် လက်နက်ကိုင်တော်လှန်ရေးဖြစ်သည်။ ၁၉၀၀ ပြည့်နှစ် နောက်ပိုင်းတွင် နယ်ချဲ့ကို အတိအလင်းဆန့်ကျင်၍ လက်နက်စွဲကိုင် အံတုခဲ့သော လူတန်းစားတော်လှန်ရေးကြီးလည်း ဖြစ်သည်။

ထို့နောက် သခင်ဘသောင်းဦးဆောင်သော နိုင်ငံရေးနိုးကြားတက်ကြွသော ခေတ်ပညာတတ်လူငယ်တစ်စုက ၁၉၃၀ ပြည့်နှစ် မေလ ၃၀ ရက်နေ့တွင် ဗဟန်းရပ်၌ တို့ဗမာအစည်းအရုံးကြီးကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ တို့ဗမာအစည်းအရုံး၏ ရည်မှန်းချက်မှာ နယ်ချဲ့ဆန်ကျင်ရေး နှင့် လုံးဝလွတ်လပ်ရေးဖြစ်သည်။ တို့ဗမာအစည်းအရုံးဝင်များသည် ‘သခင်’ အမည်ခံကြသဖြင့် တို့ဗမာအစည်းအရုံးကို ‘သခင်ပါတီ’ ဟုလည်း ခေါ်ခဲ့ကြသည်။ တို့ဗမာအစည်းအရုံး၏ ကြွေးကြော်သံများ၊ တိုက်တွန်းချက်များ၊ ဆောင်ပုဒ်များသည် လူထုအား ဇာတိသွေး ဇာတိမာန် တက်ကြွစေခဲ့သည်။

၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဒုတိယကျောင်းသားသပိတ်ကြီးဖြင့် နယ်ချဲ့ကို ဆန့်ကျင်ခဲ့ကြပြန်သည်။ ၁၉၃၈ ခုနှစ်တွင်ကား ၁၃၀၀ ပြည့် အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့လေသည်။ ၁၃၀၀ ပြည့် အရေးတော်ပုံကား အလုပ်သမား၊ လယ်သမား၊ ကျောင်းသားအားလုံးပါဝင်သော လူထုအုံကြွတော်လှန်မှုဖြစ်သည်။ ဖြစ်ပွားရခြင်းမှာ ပြည်သူလူထုတရပ်လုံး ဆင်းရဲကျပ်တည်းမှု၊ ကိုယ်ကျိုးရှာနိုင်ငံရေးသမားများနှင့် နယ်ချဲ့တို့ ပူးပေါင်းပြီး ဖိနှိပ်အုပ်ချုပ်မှု စသည့် အကြောင်းတရားများကြောင့်ပင် ဖြစ်သည်။ ထိုလှုပ်ရှားမှုကြီးသည် နယ်ချဲ့တို့ကို များစွာ တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ပွာမီ ရက်ပိုင်းအလိုမှာ ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် အင်္ဂလိပ်အခက် ဗမာ့အချက် ဟူသော မူကို စွဲကိုင်ကာ ဂိုဏ်းဂဏပါတီမရွေး လွတ်လပ်ရေးကို မြတ်နိုးသူတိုင်း ပါဝင်နိုင်သော သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော တို့ဗမာအစည်းအရုံးအဖွဲ့ဝင်များ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားဝံသာနုအဖွဲ့ဝင်များ၊ ဦးဘဘေဦးဆောင်သော ငါးပွင့်ဆိုင်အဖွဲ့နှင့် တသီးပုဂ္ဂလ ပုဂ္ဂိုလ်များဖြင့် ဗမာ့ထွက်ရပ်ဂိုဏ်းကို တည်ထောင်ခဲ့သည်။ ဗမာ့ထွက်ရပ်ဂိုဏ်းကို တည်ထောင်ပြီးနောက် များမကြာမီမှာပင် မြေအောက်တော်လှန်ရေး လျှို့ဝှက်အဖွဲ့များ ဖြစ်သည့် ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ တို့ကို တည်ထောင်ခဲ့ကြသည်။

ဤသို့ဖြင့် လူထုလှုပ်ရှားမှုများဖြင့် နိုင်ငံရေးအရ နယ်ချဲ့ကို ဆန့်ကျင်နေရာမှ လက်နက်ကိုင်တော်လှန်ရေး စတင်နိုင်ရန် သခင်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်ဝင်တို့သည် ဂျပန်နိုင်ငံသို့ စစ်ပညာသင်ကြားရန် တိတ်တဆိတ်ထွက်ခွာခဲ့ကြသည်။

လွတ်လပ်ရေးစိတ်စွဲသန်လျက် စစ်ပညာများကို အပတ်တကုတ်ကြိုးစားသင်ယူပြီးနောက် ၁၉၄၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်ဝင်တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဗမာ့လွတ်လပ်ရေးတပ်မတော် ခေါ် ဘီအိုင်အေကို ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။

၁၉၄၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဂျပန်တို့ အကူအညီဖြင့် ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဗြိတိသျှနယ်ချဲ့ တို့ကို မြန်မာနိုင်ငံမှ တိုက်ထုတ်နိုင်ခဲ့သည်။ သို့သော် ဂျပန်တို့သည် မြန်မာတို့အား မူလပေးထားသော ကတိကို ဖောက်ဖျက်၍ မြန်မာ့မြေပေါ်သို့ ရောက်သည်နှင့် ဂျပန်တို့၏ ဖက်ဆစ်ဇာတိရုပ်ကို ပြသတော့သည်။ ဖက်ဆစ်ဂျပန်တို့၏ လက်အောက်တွင် မြန်မာတိုင်းရင်းသားအပေါင်းသည် ရက်စက်မှုမျိုးစုံ၊ ဖိနှိပ်မှုပေါင်းစုံကို ခါးသီးနာကျည်းစွာ ခံစားကြရ၏။

● လုံးဝလွတ်လပ်ရေးသို့
ထို့နောက် မြန်မာပြည်သူလူထုတရပ်လုံးသည် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ထုတ်ခဲ့ကြသည်။ သို့သော်ဖက်ဆစ်ဂျပန်များ ဆုတ်ခွာသွားပြီးနောက် အိန္ဒိယနိုင်ငံ ဆင်းမလားမြို့သို့ ထွက်ပြေးခဲ့သော မြန်မာနိုင်ငံဘုရင်ခံ ဒေါ်မန်စမစ်သည် ကလီယိုပက်ထရာသင်္ဘောဖြင့် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်လာရာ မြန်မာတို့ ဒုတိယအကြိမ် နယ်ချဲ့ဗြိတိသျှတို့နှင့် ရင်ဆိုင်ကြရပြန်သည်။

နယ်ချဲ့ဗြိတိသျှတို့သည် လွတ်လပ်ရေးကို အသာတကြည်ပေးလိုခြင်း အလျဉ်းမရှိပေ။ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကို ဖြိုခွဲရန် ခြေလှမ်းများ ပြင်လာခဲ့သည်။ ထိုအရေးကို ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများက အမြော်အမြင်ရှိရှိ အချိန်မီကာကွယ်ခဲ့ရ၏။ ရလဒ်ကား တောင်တန်းပြည်မ မခွဲခြားဘဲ တိုင်းရင်းသားပေါင်းစုံပါဝင်သည့် ပြည်ထောင်စုကြီးဖွဲ့နိုင်ရေးအတွက် ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်ပင်လုံမြို့ကလေးတွင် တိုင်းရင်းသားခေါင်းဆောင် ၂၂ ဦးနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းသည် လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့သည်။

ထိုသို့ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေဆဲကာလမှာပင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် လုပ်ကြံခံခဲ့ရသည်။ အသက် နှင့် သွေး နှင့် ချွေးနှင့် ရင်းနှီးလာခဲ့သော လွတ်လပ်ရေးတိုက်ပွဲ၌ ထပ်လောင်း၍ မျက်ရည်သွန်းဖြိုးခဲ့ရသေးသည်။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းခရီးကား ကြမ်းတမ်းလှပေသည်။ ပေးလှူစွန့်လွှတ်ခဲ့ရသော တန်ဖိုးများလည်း များလှ၏။ အသက်ပေါင်းများစွာ၊ သွေးစက်ပေါင်းအနတ္တ၊ အိုးအိမ်စည်းစိမ် အနမတဂ္ဂများလွန်းလှသည်။ အသက်မသေ ကျန်ရစ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ဆုံးရှုံးသွားခဲ့သူတို့မှာလည်း မရေမတွက်နိုင်ပင် ရှိသည်။

သို့သော် မြန်မာတိုင်းရင်းသားလူထုသည် စွန့်လွှတ်ခြင်းများစွာနှင့်အတူ စည်းလုံးညီညွတ်မှု၊ သတ္တိ၊ ဇွဲ၊ မာန်တို့ဖြင့် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ခဲ့သောကြောင့် မြန်မာ့လွတ်လပ်ရေးသည် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက် နံနက် ၄ နာရီ ၂၀ မိနစ်တွင် လက်ဝယ်ပိုင်ပိုင် ရရှိခဲ့သည်။

လွတ်လပ်ရေးရရှိခဲ့သော ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် စတင်အုတ်မြစ်ချစိုက်ထူခဲ့သော လွတ်လပ်ရေးကျောက်စာတိုင်၌ ဤသို့ ကမ္ဗည်းတင်ခဲ့လေသည်-

‘၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ရက်၊ ကောင်းမြတ်သော သန့်စင် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောအခါ၌ ဤ ငါတို့မြန်မာပြည်သည် လုံးဝလွတ်လပ်သောအချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ကြီးအဖြစ်သို့ ရောက်ပြီ’ ဟူ၍ ထိုနေ့ရက်ကို လွတ်လပ်ရေးကြေညာစာတမ်း၌ ရေးထိုးထားခဲ့သည်။

ထို့အပြင် အဆိုပါ လွတ်လပ်ရေးကျောက်တိုင်ကြီး၌ ရေးထိုးထားသော လွတ်လပ်ရေးကြေညာ စာတမ်း၌ –

‘ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက် အဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်အဖွဲ့တစ်သင်း၏ ပုဂ္ဂလိကအပိုင်ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတစ်ယောက် အဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ်ကာလက လည်းကောင်း၊ ယခုမျက်မှောက်တွင်လည်းကောင်း၊ နောင်လာလတ္တံ့သော အနာဂါတ်ကာလ၌လည်းကောင်း၊ ငါတို့ပြည်ထောင်စုကြီး၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး ကျားမ မခြား သစ္စာတော်ခံနိုင်ငံသားဟူသရွေ့ ဒို့၏ အမွေအနှစ်အပိုင်ပစ္စည်းအကျိုးခံစားစရာဖြစ်သည်’ ဟူ၍ လွတ်လပ်ရေးကြေညာစာတမ်းအပိုဒ် ၅ ၌ ဖော်ပြထားပေသည။်

သို့သော် ယခုအခါ မြန်မာ့လွတ်လပ်ရေးရရှိခဲ့သည့်နှစ်ပေါင်း ၆၅ နှစ်တိုင်ခဲ့ပြီဖြစ်သော်လည်း မြန်မာ့တိုင်းရင်းသားပြည်သူတစ်ရပ်လုံးတို့သည် လွတ်လပ်ရေးကြေညာစာတမ်းပါ အချက်အလက်များ အတိုင်း ခံစားခဲ့ရသည် မဟုတ်ပေ။ ၁၉၆၂ ခုနှစ်မှ ယနေ့တိုင် နှစ်ပေါင်း ၅၀ ခန့် စိုးမိုးအုပ်ချုပ်နေသော စစ်အာဏာရှင် လူတစ်စုကသာလျှင် တိုင်းပြည်၏ ကြွယ်ဝသော မြေပေါ်မြေအောက် သဘာဝသံယံဇာတပစ္စည်းများ နှင့် ပုဂ္ဂလိကပိုင်စည်းစိမ်ဥစ္စာရတနာများကို ထင်သလို ချယ်လှယ်ထုခွဲ ရောင်းချနေသည့်အတွက် တိုင်းပြည်သည် နစ်သည်ထက်နစ်၊ ပြည်သူလူထုတရပ်လုံး သည် ဖွတ်ကျောပြာစု၊ ခရုဆံကျွတ်ပမာ စားစရာမရှိ၊ နေစရာနတ္ထိ၊ အ၀တ်ဗလာ၊ မွဲပြာနေသည်မှာကို နေ့စဉ်ရက်ဆက်ဆိုသလို မိမိတို့၏အကျေနပ်ချက်များကို ဆန္ဒထုတ်ဖော် ကြွေးကြောတောင်းဆိုနေသည်ကို ကြည့်ပါက လယ်ပြင်တွင် ဆင်သွားသကဲ့သို့ မည်သူမျှငြင်းမရပေ။ စစ်အစိုးရအာဏာရှင်အဆက်ဆက်၊ နောက်ဆုံးအရပ်ဝတ်လဲထားသည့် စစ်အာဏာရှင်များသည် ပြည်သူ့အကျိုးစီးပွားနှင့် ၀ိရောဓိ၊ ပြည်တွင်းစစ်ကတဖက်၊ ပြည်သူ့စီးပွားရေးက သုည၊ အုပ်ချုပ်သူတို့၏ အခွင့်ထူးခံ စည်းစိမ်ကြီးမှုက တဖက်၊ တိုင်းပြည်ဆင်းရဲမွဲတေမှုအထွေထွေနိမ့်ကျမှုကတဖက်တို့ဖြင့် နိုင်ငံရေးမတည်ငြိမ်၊ စီးပွားရေးဗရုတ်သုက္ခ၊ လူမှုရေးက မညီမျှ၊ ဥပဒေစိုးမိုးမှုက ကင်းမဲ့၊ ပညာရေးက လျော့နည်း၊ ကမ္ဘာ့အလယ်တွင် မျက်နှာငယ်ရလေသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် မကွေးမြို့သို့ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း လူထုတွေ့ဆုံပွဲတွင်-

‘နှစ်ပေါင်း ၄၀၊ ၅၀ အတွင်းမှာ ပြည်သူတွေရဲ့ အင်အားတွေက အတော်ကြီးကျသွားတယ်။ ဒီလိုဖြစ်တာကလည်း အုပ်ချုပ်မှုစနစ်မကောင်းလို့၊ ဒီလိုမမှန်ကန်တဲ့ အုပ်ချုပ်မှုစနစ်တစ်ခု ဒီနိုင်ငံမှာ အကြာကြီးခံသွားရတာဟာ ပြည်သူတွေမှာလည်း တာဝန်မကင်းဘူးနော်။ အဲဒီဟာကို ကိုယ့်ဘာသာ ပြန်စဉ်းစားရမယ်။ ကိုယ်ခံလို့လည်း ဒီလိုဖြစ်တာ’

‘မြန်မာနိုင်ငံဟာ အခြားကမ္ဘာ့နိုင်ငံများနဲ့ နှိုင်းယှဉ်ပါက သံယံဇာတအရင်းအမြစ်များ အများကြီး ကြွယ်ဝသော တိုင်းပြည်တစ်ခုဖြစ်တယ်။ ဒါကြောင့် တိုင်းပြည်ဆင်းရဲခြင်းမဟုတ်ဘဲ တိုင်းပြည်အတွင်း မှာ နေထိုင်ကြသော ပြည်သူတွေ ဆင်းရဲခြင်းသာဖြစ်ကြောင်း၊ ပြုန်းတီးသွားသော အဖိုးတန်ကျွန်းသစ်တော်များ အပါအ၀င် မြေပေါ်မြေအောက် သံယံဇာတပစ္စည်းများ အချည်းအနှီးဖြစ်ခဲ့မှုအပေါ် တာဝန်မဲ့ပြုလုပ်ခဲ့သော အာဏာရှိသူ၊ နေရာရရှိသူများကို ၄င်းတို့ မိဘများက မည်သို့သွန်သင်ဆုံးမခဲ့သလဲ ဟု စဉ်းစားမိကြောင်း’ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြောဆို သွားသည်။

မည်သို့ဆိုစေ… လွတ်လပ်ရေးအထိမ်းအမှတ်ကျောက်တိုင်၌ ရေးထိုးထားခဲ့သော လွတ်လပ်ရေးကြေညာစာတမ်းပါ လွတ်လပ်ရေး၏ အသီးအပွင့်များကို ပြည်ထောင်စုကြီးအတွင်း မီတင်းနေထိုင်ကြသူများအားလုံး ခံစားနိုင်ရန် လူတိုင်း၌ တာဝန်ရှိသလို စစ်အာဏာရှင်စနစ်ကို အမြစ်မှ ဖြိုဖျက်၍ ဒိမိုကရေစီနိုငငံတော်သစ်ကြီး ကို ဇွဲလုံ့လ၀ီရိယဖြင့် ကြိုးစားအားထုတ်၍ ညီညာဖျဖျ တည်ဆောက်နိုင်မှသာလျှင် ပြည်သူလူထုအားလုံး ကြွယ်ဝချမ်းသာပေမည်။ ပြည်သူအားလုံး ကြွယ်ဝချမ်းသာမှလည်း နိုင်ငံကောင်းနိုင်ငံမြတ်အဖြစ် ကမ္ဘာ့အလယ်တွင် ၀ံ့ကြွားထည်ဝါစွာ ရပ်တည်နိုင်မည် ဖြစ်ကြောင်း ဆန္ဒပြုလိုက်ရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts

2 thoughts on “(၆၅) နှစ်မြောက် လွတ်လပ်ရေးမှသည် ဒီမိုကရေစီပန်းတိုင်သို့
  1. သမိုင်းတွေ ပျောက်နေတယ် … ဖတပလ ဘာလို့ဖွဲ့တာလဲ။ မဟာမိတ်တပ်တွေ နဲ့ ပေါင်းပြီး ဂျပန်ကို တော်လှန်တာတွေ ပျောက်နေတယ်။ ဂျပန်ကို တော်လှန်ဖို့ အမေရိကန် ၊ ဗြိတိန် တို့နဲ့ ဘာတွေ အပေးအယူလုပ်ခဲ့လဲ။

  2. ဖက်စစ်ဂျပန် ကိုတော်လှန်တဲ့အခန်းဂဏ္ဍကဘာလို့နည်းနေရတာတုန်း။ ဖက်စစ်ဂျပန်တွေ ခွေးပြေးဝက်ပြေး ပြေးရတဲ့အကြောင်းရင်းသိချင်ရင် ကချင်တွေကိုမေးရင် ပိုပြီးရှင်းသွားလိမ့်မယ်။ ရွှာမှာစကားမစပ် ခါချင် ကိုက်ခံရတဲ့အကြောင်း ပြောရင် ကချင်တပ် လာတယ်ထင်ပြီး ခွေးပြေးဝက်ပြေး ရတဲ့ ဂျပန်စစ်တပ် တွေ အကြောင်း သိချင်ရင် သမိုင်းပညာရှင်တွေကိုမေးကြည့်ပါ။တက္ကသိုလ်သင်ရှိးညွန်းတမ်း မှာတော့တွေ့ရမှာမဟုတ်ဘူး။

Comments are closed.