>Nyein Wai – Essay


>

ပိတောက်အသစ် ရင်ခုန်သံအသစ်နဲ့ နှစ်သစ်
ငြိမ်းဝေ
ဒီဇင်ဘာ ၂၇၊ ၂၀၁၁

(က)

မြန်မာကဗျာတွေထဲမှာ ကဗျာသမိုင်းရဲ့ အချိုးအကွေ့တခုကို ကဗျာတပုဒ်ထဲနဲ့ ချိုးကွေ့သွားနိုင်လောက်အောင်ဖြစ်စေတဲ့ ကဗျာမျိုးရှိပါတယ်။ ဆိုလိုတာက အဲဒီကဗျာက ခင်းလိုက်ဖောက်လိုက်တဲ့ လမ်းသစ်အတိုင်း နောက်ပိုင်းကဗျာတွေက ဆက်ပြီးလျှောက်လာကြတဲ့သဘောကို ကျနော်ဆိုလိုတာပါ။ ဒီကဗျာရဲ့ အတတ်ပညာနဲ့ အကြောင်းအရာဟာ သူ့အရင်ပေါ်ခဲ့တဲ့ ကဗျာတွေနဲ့လုံးဝမတူတော့ပဲ အစဉ်အလာဟောင်းက ရုန်းထွက်လိုက်တဲ့ ကဗျာသစ်အမျိုးအစားသဘောဖြစ်ပါတယ်။

ဒီနေရာမှာ အဲသလို ချိုးနိုင်ကွေ့ နိုင်တဲ့ ခေတ်ပြောင်းကဗျာတပုဒ်မှာ ထူးခြားတဲ့လက္ခဏာရပ်တွေလည်း ရှိပါတယ်။ ဒီလိုခေတ်ပြောင်းကဗျာတပုဒ်ဖြစ်ဖို့ဆိုတာကလည်း အတတ်ပညာတခုတည်း ဒါမှမဟုတ် အကြောင်းအရာတခုတည်း သစ်လို့ ပြောင်းလို့ ချိုးလို့ရတာမျိုးမဟုတ်ပါဘူး။ အတတ်ပညာကော အကြောင်းအရာပါ ပြောင်းလဲရတဲ့လက္ခဏာရှိဖို့လိုအပ်ပါတယ်။ အကာနဲ့ အနှစ် သို့မဟုတ် ထုနဲ့ဇောက် နှစ်မျိုးစလုံး ပြောင်းရတာမျိုးလို့လည်း ပြောနိုင်ပါတယ်။ ပြီးတော့ အဲဒီပြောင်းလဲ ချိုးကွေ့လိုက်တယ်ဆိုတဲ့ကဗျာမျိုးမှာ သူ့အကြောင်းအရာနဲ့ သူ့အတတ် ပညာဟာ အံဝင်ခွင်ကျဖြစ်နေတာကို အသေအချာတွေ့လိုက်ရတဲ့အချက်ကလည်း တကယ့်ကို ထူးခြားလေးနက်တဲ့ကိစ္စပါပဲ။ တချို့ကဗျာ တွေလို အကြောင်းအရာသစ်ပေမယ့် အတတ်ပညာကဟောင်းနေပြန်တာမျိုး၊ တခါ အတတ်ပညာက သစ်ပေမယ့် အကြောင်းအရာက ဟောင်းနေတာမျိုး။ အဲသလို ‘ပန်းအိုးနဲ့ ပန်း↓ မကိုက်ညီ မလိုက်ဖက်တာမျိုးဖြစ်နေတဲ့ ကဗျာတွေနဲ့လုံးဝမတူတဲ့ ထူးခြားတဲ့လက္ခဏာတွေ လည်းရှိနေတဲ့ ဒီလိုကဗျာအမျိုးအစားမျိုးဟာ ကဗျာသမိုင်းအသစ်ကို ဆွဲဖွင့်လိုက်တဲ့ကဗျာ ဖြစ်နေတတ်ပါတယ်။

မြန်မာကဗျာသမိုင်းမှာ ကဗျာသမိုင်းအသစ်တခုကို ကဗျာတပုဒ်ထဲနဲ့ပွင့်အောင် ဖွင့်နိုင်တဲ့ ဖွင့်နိုင်စွမ်းတဲ့ကဗျာတပုဒ်ရှိပါတယ်။ အဲဒါကတော့ ဆရာ“ဇော်ဂျီ↔ ရဲ့ “ပိတောက်ပန်း ကဗျာပါပဲ။ ဒီဆောင်းပါးမှာ ပိတောက်ပန်းကဗျာရဲ့ အတတ်ပညာအသစ်နဲ့ အကြောင်းအရာအသစ်ကို လေ့လာကြည့်မှာဖြစ်ပါတယ်။

ဆရာဇော်ဂျီဟာ “ပိတောက်ပန်း↔ ကဗျာကို ၁၉၂၈ ခုနှစ်မှာ ရေးပါတယ်။ တက္ကသိုလ်က ပညာတတ်လူငယ်တချို့ အနောက်တိုင်းစာပေရဲ့ ရေးပုံဖွဲ့ ပုံ ခံစားပုံတွေကိုထိတွေ့ခံစားရင်းက မြန်မာကဗျာနဲ့အနောက်တိုင်းကဗျာကို စရနယ်ပြီး ကဗျာအသစ်စမ်းသပ်ပုံဖေါ်ဖို့လုပ်ကြရင်း က “ပိတောက်ပန်း↔ ကဗျာကို ဆရာဇော်ဂျီ ရေးဖွဲ့နိုင်လိုက်တာပဲလို့ယူဆမိပါတယ်။ စရနယ်တယ်လို့ ကျနော်ပြောခဲ့ပါတယ်။ ဒီနေရာမှာ ဆရာဇော်ဂျီက အနောက်တိုင်းကဗျာကို မြန်မာကဗျာနဲ့ရောစပ်တဲ့အခါ အတုံးလိုက်အတစ်လိုက်၊ ဒါမှမဟုတ် ပုံတူကူးချတာမျိုးမဟုတ်ပါဘူး။ ကိုယ့်အမျိုးသားဟန် ကိုယ့်အမျိုးသားယဉ်ကျေးမှုကို အနောက်တိုင်းအတတ်ပညာနဲ့တကယ့်ကို လိုက်လျောညီထွေဖြစ်အောင် ရောပြီး နယ် ပြီး စရနယ်ပြီးမှ ဒီကဗျာကို ရေးလိုက်တဲ့သဘောပါပဲ။ “အရိုးကို အရွက်မဖုံးစေတဲ့နည်း↔ကို အသုံးပြုပြီးမှ ဒီကဗျာကိုရေးလိုက်တာပါ။

ဆရာဇော်ဂျီက ပိတောက်ပန်းကဗျာကို ရေးဖွဲ့လိုက်တဲ့တချိန်ထဲမှာ ဆရာဇော်ဂျီနဲ့ခေတ်ပြိုင် အထူးသဖြင့် ဆရာဇော်ဂျီနဲ့ အတောင်တူ ငှက်များလို့ဆိုရမယ့် တက္ကသိုလ်ပညာတတ်လူငယ်တချို့ကလည်း အနောက်တိုင်းကဗျာအရေးအဖွဲ့နဲ့ အကြောင်းအရာတွေကို မြန်မာ ကဗျာနယ်ပယ်ထဲ စမ်းသပ်ကိုင်းကူးလာနေကြပါတယ်။ အထင်ရှားဆုံးကတော့ ဆရာ “မင်းသုဝဏ်↔ ပါပဲ။ ဒီလူငယ်တွေဟာ တချိန်တုန်းက မြန်မာကဗျာဆရာတွေ ဘယ်လိုမှစိတ်အာသီသမကျရောက်ခဲ့ဖူးတဲ့နယ်မြေတွေဆီ ခြေဆန့်လက်ဆန့် လုပ်ခဲ့ကြပါတယ်။ ဥပမာ အိမ်မှာမွေး တဲ့ ကြောင်၊ ဘဲ၊ အစရှိတဲ့ သတ္တဝါလေးတွေကအစ ခေါင်းပေါင်းစ၊ ရေလှိုင်း၊ လတာပြင်၊ မြက်ရိပ်သမား အစရှိတဲ့ လောကအင်္ဂါရပ်နယ်ပယ် ထဲက အရာဝတ္ထုအသီးသီးဆီကို အတွေးအမြင်ချဲ့ထွင်လာခဲ့ကြပါတယ်။ ဒါက အနောက်တိုင်းမှာ ရော်မန်တိက ကဗျာဆရာတွေဖြစ်ကြတဲ့ “ယိစ်↔တို့  “ကိစ်↔တို့ “ဘိုင်ရွန်↔တို့ရဲ့ကဗျာလမ်းကြောင်းအတိုင်း သဘာဝလောကထဲ အရင်ကထက်ပိုပြီး ဝင်ကြ နှိုက်ကြတဲ့သဘောပါပဲ။ သူတို့ဆီကနည်းကို ယူသုံးတာပါပဲ။ ဒီလို ရင်ခုန်မှုအသစ်ကို လူငယ်တွေခံစားလာနေကြတဲ့အချိန် ဆရာဇော်ဂျီက ပိတောက်ပန်းကဗျာကို ရေးတာပါ။

မြန်မာကဗျာသမိုင်းမှာ ဟိုယခင်တုန်းကတော့ “ပိတောက်ပန်း↔ကို မြန်မာကဗျာဆရာတွေက “ကံ့ကော်ပန်း↔လောက် အလေးအနက် မထားခဲ့ပါဘူး။ ခေတ်အဆက်ဆက် ရာသီနှစ်ကူး တန်ခူးလဘွဲ့ကဗျာတွေမှာ တစ်ရာသီထဲ ပွင့်တာချင်းအတူတူ မြန်မာကဗျာဆရာတွေက ပိတောက်ပန်းကိုချန်လှပ်ပြီး ကံကော်ပန်းကိုပဲ အမြဲတန်းလိုလို ထည့်ဖွဲ့သွားကြတာ တွေ့ရပါတယ်။

မြန်မာကဗျာသမိုင်းကြီးတခုလုံးလောက်နီးနီး ပိတောက်ပန်းကို မြန်မာကဗျာဆရာတွေ ရင်မခုန်နိုင်ခဲ့ကြပါဘူး။ နှစ်ပေါင်း (၆၀၀) ဝန်းကျင် လောက်အထိ မြန်မာကဗျာဆရာတွေဟာ ပိတောက်ပန်းရနံ့ကို ရှူရှိုက်က်နိုင်လောက်အောင် ဂန္ဒာရုံအား မကောင်းခဲ့ကြပါဘူး။ မြန်မာကဗျာ ထဲမှာ သော်ကပန်းကအစ အာသာဝတီ နွယ်နီနတ်ပန်းအထိ မြန်မာကဗျာဆရာတွေ ရင်ခုန်ခဲ့ကြပေမယ့် ပိတောက်ပန်းကဗျာကိုကြတော့ ဘာကြောင့်ရယ်မသိ၊ ဘယ်ကဗျာထဲမှာမှ မတွေ့ ကြရပါဘူး။ ဒါမှမဟုတ် မတွေ့ရသလောက်ပဲလို့ဆိုနိုင်ပါတယ်။ ကုန်းဘောင်ခေတ်ကြ ကာမှသာ “စုံနံသာမြိုင်ဦးကျော့↔ရဲ့ “ပိတောက်ပန်းဘွဲ့↔လေးချိုးကဗျာထဲမှာ ပိတောက်ပန်းကို ကျနော်တို့တွေ့ကြရတော့တာပါ။ ဒါပေ မယ့် အမေ့ခံပိတောက်ပန်းဟာ ဦးကျော့ရဲ့ကျေးဇူးနဲ့ အမေ့ခံရကျိုးနပ်တယ်လို့တောင် ဆိုရမလားပါပဲ။ ဦးကျော့က သူ့ကဗျာထဲမှာ ပိတောက် ပန်းကို “ပန်းတကာတို့ရဲ့ဘုရင်↔ဖြစ်တယ်လို့တောင်မှ နေရာပေးဖွဲ့ ဆိုလိုက်ပါတယ်။

စုံနံ့သာမြိုင်ဦးကျော့ရဲ့လက်ထက်မှာ ပန်းတကာတို့ရဲ့ဘုရင်အဖြစ် လူရာသူရာဝင်လာရတဲ့ ပိတောက်ပွင့်ဟာ သက်မဲ့ကနေပြီး သက်ရှိရုပ် အဖြစ် တဆင့်တက်ထူးကဲလာတာကို နောက်ပိုင်းမှာတွေ့လာရပါတယ်။ ဒီလို သက်မဲ့ကနေပြီး သက်ရှိဘဝရောက်အောင် အသက်သွင်းပေး လိုက်သူကတော့ ခေတ်ဆန်းစာဆိုကြီး ဆရာဇော်ဂျီပါပဲ။

ဆရာဇော်ဂျီက ပိတောက်ပန်းကဗျာကိုရေးဖွဲ့တဲ့အခါ ပိတောက်ပန်းရဲ့အလှနဲ့အနံ့လောက်တင်ရပ်မနေပဲ ပိတောက်ပန်းကို သက်မဲ့ကနေပြီး သက်ရှိ လောကီသားတဦးအနေနဲ့ တိုက်ရိုက်ရေးဖွဲ့လိုက်ပါတယ်။ ဒီလိုရေးဖွဲ့တဲ့အခါ ပိတောက်ပန်းကဗျာကို အကြောင်းအရာအရနဲ့ အတတ်ပညာအရ နှစ်ခုစလုံးသစ်အောင် ဖွဲ့ တာတွေ့ ရပါတယ်။ ဒီလိုနဲ့ပိတောက်ပန်းကဗျာဟာ ခေတ်ဆန်းကဗျာခေတ်တခုရဲ့ လမ်းမဟော် ကို ဖဲကြိုးဖြတ်ဖွင့်ပေးလိုက်သလို ဖြစ်သွားပါတော့တယ်။

(ခ)

မြန်မာကဗျာနယ်ပယ်မှာ နောင်အခါ “သင်ခန်းစာတန်းဝင်ကဗျာ↔တပုဒ်ဖြစ်လာစေမယ့် “ပိတောက်ပန်း↔ကဗျာကို ဆရာဇော်ဂျီရေးဖွဲ့ စဉ်က ဆရာက အသက် (၂၀) ဝန်းကျင်ပဲ ရှိပါသေးတယ်။ ၁၉၂၈ တက္ကသိုလ် ဘီအေတန်းမှာ ပညာသင်ကြားနေတုန်းဖြစ်ပါတယ်။

နှစ်ပေါင်း (၆၀၀) ကျော် မြန်မာကဗျာဆရာတွေ တကံ့ကော်ထဲကော်ပြီး ကံ့ကော်ပန်းမှ ကံ့ကော်ပန်းဖြစ်နေတဲ့အချိန်မှာ ကဗျာသစ်ကို ချဉ်ခြင်းတပ်နေတဲ့ ဆရာဇော်ဂျီက မြန်မာကဗျာဆရာတွေလက်လှမ်းမမီတဲ့ ပိတောက်ပန်းကို ပန်းဘွဲ့အသစ်စပ်ဆိုဖို့ တမင်ရွေးချယ်လိုက် တာပဲလို့ ယူဆလို့ရကောင်းရနိုင်ပါတယ်။ ကဗျာအသစ်ကို ပန်းအသစ်နဲ့ ဖေါ်ပြချင်တဲ့သဘောဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကောင်းပါပြီ။ ပန်းအသစ်ကိုတော့ ရွေးပြီးပြီ။ ယခင့်ယခင် မြန်မာကဗျာဆရာတွေ ပန်းဘွဲ့ရေးသလို ပန်းရဲ့အလှ ပန်းရဲ့ရနံ့၊ အာသာဝတီ နွယ်နီနတ်ပန်း လောက်အထိ မြင်လို့ထိတွေ့လို့ရတဲ့ အဆင်းကိုသာဖွဲ့တဲ့ ပန်းဘွဲ့ကဗျာမျိုးရေးလို့တော့ ဘယ်မှာလာပြီး ကဗျာသစ်ဖြစ်တော့မလဲ။ ဒီတော့ ဆရာဇော်ဂျီက ပန်းဘွဲ့အသစ်ဖြစ်ဖို့ဆိုရင် ရင်ခုန်သံလည်းသစ်ဖို့ လိုတယ်ဆိုတာ သိပါတယ်။ ဒီတော့ ပန်းရဲ့အဆင်းကိုဖွဲ့ တာထက် ပန်းရဲ့ အချင်းကို အဆင့်တဆင့်တိုးပြီးဖွဲ့ မှ ဖြစ်မယ်လို့တွေးမိကောင်းတွေးမိပါလိမ့်မယ်။ ဒီလိုနဲ့ပဲ အသက်မဲ့တဲ့ ပိတောက်ပန်းကို “သူလည်းလေ လောကီသားပေမို့ ↔ ဆိုတဲ့စာတကြောင်းထဲနဲ့ အဝိညာဏအနေအထားကနေပြီး ဝိညာဏအနေအထားအထိ ပိတောက်ပန်းကို တင်စားဖွဲ့ ဆိုလိုက်ပါတော့တယ်။ ပိတောက်ပန်းဟာ ဆရာဇော်ဂျီရဲ့ပိတောက်ပန်းကဗျာထဲမှာ အသက်မဲ့ရာကနေ အသက်ရှိတဲအမျိုးအစားဖြစ်လာခဲ့ပါတော့တယ်။

ဆရာဇော်ဂျီရဲ့ကျေးဇူးကြောင့် ကျနော်တို့ဟာ ပိတောက်ပန်းကဗျာကိုဖတ်တဲ့အခါ ပိတောက်ပန်းကို သနားစရာ ချစ်ခင်စရာ ဂရုဏာသက်စရာ အသက်ရှိတဲ့ပန်းကလေးအဖြစ် ရင်ခုန်မှုအသစ်နဲ့ ချဉ်းကပ်သွားမိစေပါတော့တယ်။ ပန်းကလေးကလှလိုက်တာ မွှေးလိုက်တာဆိုတာလောက် နဲ့ ရပ်မနေတောာ့ပဲ ကိုယ်နဲ့နှိုင်းယှဉ်ခံစားယူရတဲ့ သက်ရှိပန်းကလေး ဖြစ်လာပါတော့တယ်။ ဆရာဇော်ဂျီ်ရဲ့ ရင်ခုန်သံအသစ်ကို ကျနော်တို့  ကောင်းကောင်းခံစားလို့ရလိုက်ပါတယ်။ ဒါဟာဖြင့် ပိတောက်ပန်းကဗျာရဲ့အကြောင်းအရာအသစ်ကို ကျနော်ပြောတာပါ။

နောက်တခု ထူးခြားတဲ့အချက်ရှိပါသေးတယ်။ ပိတောက်ပန်းကဗျာရဲ့ အတတ်ပညာအသစ်၊ တနည်းအားဖြင့် ပုံသဏ္ဍာန်အသစ်ကိစ္စဖြစ်ပါ တယ်။

ကဗျာတပုဒ်ကို လူတွေ ယခင်ကထက်ပိုပြီး ခံစားနားလည်နိုင်ဖို့ဆိုရင် လူတွေနဲ့လက်တွေ့ကျကျ ထိကပ်နီးစပ်တဲ့ “ဟန်နဲ့သဏ္ဍာန်↔ရှိဖို့ လိုအပ်ပါတယ်။ သည်တော့ကာ ဆရာဇော်ဂျီက သူရှေ့ကလျောက်လာနေတဲ့ အနုပညာရှင် ရုပ်သေးဆရာ “မောင်းထောင်ဦးကျော်လှ↔ကို သတိထားမိဟန်တူပါတယ်။ လူတွေနဲ့အကျွမ်းတဝင်ရှိလာနေတဲ့ သံချိုဆရာ မောင်းထောင်ဦးကျော်လှရဲ့ သံချိုကဗျာတွေကို သတိထားမိဟန် တူတယ်။ ရုပ်သေးဆရာ မောင်းထောင်ဦးကျော်လှက ရုပ်သေးဆရာအဖြစ်နဲ့ လူထုထဲဆင်းတဲ့အခါ လူတွေရဲ့နားထဲ အလွယ်တကူနဲ့အဆင် ပြေပြေ နားဝင်စေတဲ့ ချိုလည်းချို မြလည်းမြတယ်လို့ဆိုနိုင်တဲ့ သံချိုစပ်ကဗျာတွေကို ဆရာဇော်ဂျီက သတိပြုမိဟန်တူပါတယ်။ သည်လိုနဲ့ပဲ ပိတောက်ပန်းကို လူတွေ စာနာစိတ်ဖြစ်လာအောင် သံချိုစပ်နည်းကိုသုံးပြီး ပိတောက်ပန်းဘွဲ့ သံချိုစပ်ကဗျာကို ရေးပါတော့တယ်။ တခါ ဒီလောက်နဲ့တော့ ပိတောက်ပန်းကဗျာဟာ ကဗျာပုံသဏ္ဍာန်သစ်ဘယ်ဖြစ်နိုင်ဦးမှာလဲ။ သံချိုစပ်ကဗျာဆိုတာ ဟိုတုန်းက ကဗျာဆရာတွေ သူလိုငါလို ရေးနိုင်တဲ့အနေအထားမှာရှိတာပဲ။ ဒီတော့ ဆရာက ပိတောက်ပန်းဘွဲ့ကဗျာကို ခြေတွေလက်တွေတပ်တဲ့အခါ လူတွေနဲ့လည်း ပိုပြီးနီးစပ်စေမယ်၊ ကဗျာ့မိုးကုတ်စက်ဝိုင်းကိုလည်း ပိုပြီးချဲ့ထွင်လိုက်ရာရောက်စေဖို့ လူတွေနေ့ စဉ်ပြောဆိုနေတဲ့ “စကားပြော စာဟန်↔ကို ပိတောက်ပန်းကဗျာရဲ့ ခြေတွေလက်တွေအဖြစ် အသုံးပြုပါတော့တယ်။ လူတွေနေ့စဉ်ပြောဆိုနေတဲ့ လူထုသုံးစကားပြောလေသံကို ယူသုံး လိုက်ပါတယ်။ ဒါဟာဖြင့် မြန်မာကဗျာနယ်ပယ်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းပြီးရင် ဆရာဇော်ဂျီပဲဆိုတဲ့ပြောစမှတ်ပြုရလောက်အောင်ဖြစ်စေတဲ့ ကဗျာအတတ်ပညာတီထွင်မှုကို ဆရာက အောင်မြင်စွာဆောင်ရွက်လိုက်တဲ့သဘောပါပဲ။ ပိတောက်ပန်းကဗျာရဲ့ အဖွင့်နိဒါန်းပါဒ ဖြစ်တဲ့ “မခူချင်စမ်းပါနဲ့↔ ဆိုတဲ့ ပါဒတခုထဲနဲ့ ခေတ်ပြိုင်မြန်မာကဗျာနယ်ပယ်တခုလုံးကို ဂယက်လှိုင်းတွေ တဝုန်းဝုန်းရိုက်ခတ်လိုက်သလို ဖြစ်စေခဲ့ပါတယ်။ နောက်တော့လည်း မြန်မာကဗျာအများစုကြီးဟာ ပိတောက်ပန်းကဗျာက ခင်းပေးဖေါက်ပေးတဲ့လမ်းအတိုင်း ဆက်လက် လျောက်လှမ်းလာလိုက်တာ “ခေတ်စမ်းကဗျာခေတ်↔ဆိုတဲ့ ကဗျာခေတ်တခု ထူထောင်နိုင်တဲ့အထိ တိုးတက်ဖြစ်ထွန်းလာခဲ့ပါတယ်။ ဒီလိုနဲ့ ပိတောက်ပန်းကဗျာဟာ ခေတ်စမ်းကဗျာခေတ်ရဲ့တံခါးကို ဆွဲဖွင့်မိသလို ဖြစ်ခဲ့ပါတော့တယ်။

ဆရာဇော်ဂျီရဲ့ကျေးဇူးကြောင့် ကျနော်တို့ဟာ ရင်ခုန်သံအသစ်နဲ့ ပိတောက်ပွင့်သစ်ကို ခူးယူနိုင်ခွင့်ရ ခဲ့ကြပါတယ်။ မြန်မာကဗျာသမိုင်းမှာ လည်း ဆရာဇော်ဂျီရဲ့ ပိတောက်ပန်းဘွဲ့ကဗျာတပုဒ်ထဲနဲ့ ခေတ်စမ်းခေတ်တခုလုံး ပိတောက်ပွင့်သစ်ရနံ့တွေ မွှေးမြနိုင်ခဲ့တယ်လို့ ယူဆနိုင်ပါ တယ်။ ။

ကိုးကား။ ။
(၁) မြန်မာစာပေညွန့် ပေါင်းကျမ်း (ပ+ဒု)
(၂) ဇော်ဂျီ ကဗျာပေါင်းချုပ်
(၃) မြန်မာစာ မိတ်ဖွဲ့ (တိုက်စိုး၊ မင်းယုဝေ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts