>Kamar Pale – Articles

>

အရေးတော်ပုံကြီး …. လူများ၊ အဖြစ်အပျက်များ (၂)
ကမာပုလဲ
ဒီဇင်ဘာ ၁၁၊ ၂၀၁၁

၁၉ ဇူလိုင် လူထုတိုက်ပွဲတပ်ဦးကျိုးအပြီးမှာ စစ်အာဏာရှင် န၀တရဲ့ လူဖမ်းပွဲတွေ ခြိမ့်သဲကျင်းပပါတော့တယ်။ သမိုင်းအရ အစဉ်အလာ လည်းရှိ၊ စစ်အုပ်စုကို သမိုင်းအရရော တိုက်ပွဲအရပါ အန္တရာယ်ပေးနိုင်မယ့် နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေကို အဓမ္မဖျက်သိမ်းတာ၊ ဖမ်းဆီးတာတွေ လုပ်ပါတော့တယ်။ တချိန်တည်းမှာလို ပါတီစုံရွေးကောက်ပွဲကျင်းပဖို့အတွက် ပြင်ဆင်လာခဲ့ပါတယ်။

စစ်အုပ်စုဟာ စစ်အာဏာရှင်စနစ်ကိုသာ စွဲစွဲမြဲမြဲ ကျင့်သုံးတယ်။ ပဲခူးတိုင်း ဝေါနယ်မှာ လယ်သမားတွေကို ရိုက်နှက်ဖမ်းဆီးကာ တာဝန်ကျေ စပါးကို အတင်းအကျပ်ရောင်းခိုင်း ၀ယ်ယူနေတယ်။ ဒါကို ကျောင်းသားပါတီ ဥက္ကဋ္ဌက ကန့်ကွက်စာကို ကိုယ်တိုင်လက်မှတ်ရေးထိုး ထုတ် ဝေပါတယ်။ အနယ်နယ် အရပ်ရပ်မှာ ဖွင့်လှစ်ထားတဲ့ ပါတီရုံးခွဲတွေကိုလည်း ကန့်ကွက်စာကိုကော်ပီကူးပြီး လူထုထံဖြန့်ဝေဖို့ ဌာနချုပ်မှ ညွှန်ကြားလာပါတယ်။ ညွှန်ကြားချက်အတိုင်းဆောင်ရွက်ခဲ့လို့ ဇာတိနယ်မြို့ကလေးရဲ့ မြို့နယ်စည်းရုံးရေးကော်မတီဝင် ၁၀ ဦးရှိရာမှာ မြို့နယ်ဥက္ကဋ္ဌအပါအ၀င် ၇ ဦး ဖမ်းဆီးထောင်ချခံရပါတယ်။ ပုဒ်မတွေကတော့ ပုံနှိပ်ဥပဒေ ပုဒ်မ ၂၀ နဲ့ ၅၀၅ (ခ) ပါ။ ထိုအချိန်က မြို့ကလေး မှာ စစ်ခုံရုံးဖွင့်မထားပါဘူး။ စစ်တပ်တပ်ရင်းအခြေစိုက်ရာမြို့မဟုတ်လို့ ဖြစ်ပါလိမ့်မယ်။

ဗဟိုညွှန်ကြားချက်နဲ့ပတ်သက်လို့ မြို့နယ်က လိုက်နာဆောင်ရွက်ရာမှာ မြို့နယ်ပါတီ စည်းရုံးရေးကော်မတီအတွင်း အတွေးအခေါ် လှုပ်ရှား မှုလုပ်ခဲ့ပါတယ်။ တကယ်လို့ ရန်သူကဖမ်းဆီးခဲ့ရင် ဘယ်လိုလုပ်ကြမလဲဆိုတာပါပဲ။ ဗဟိုညွှန်ကြားချက်က သဘောထားဘယ်လို ရှိပါသ လဲပေါ့။ ဒီအခါမှာ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးလုပ်သူက ဖမ်းတာက ရန်သူ့အလုပ်၊ ကန့်ကွက်စာဖြန့်ဝေရမှာက မြို့နယ်ပါတီရုံးတွေရဲ့အလုပ်လို့ ဆိုပါတယ်။ ဒါဟာ မြေပေါ်နိုင်ငံရေးရဲ့ကျင့်ဝတ် ဖြစ်ပါလိမ့်မယ်။ စည်းရုံးရေးကော်မတီဝင် အားလုံးသဘောတူကြတယ်။ ပထမ ဥက္ကဋ္ဌ အပါ အ၀င် ရဲဘော်လေးဦး ဖမ်းဆီးခံရတယ်။ (ဥက္ကဋ္ဌ ရဲဘော်အံ့ဇော်၊ ရဲဘော် ကျော်ကျော်မွှေး၊ ရဲဘော်ကျော်တင့်မောင်နဲ့ ရဲဘော်တင်နိုင်ထွန်း ( လွတ်မြောက်နယ်မြေ ကျဆုံး) တို့ဖြစ်ပါတယ်။ ပုံနှိပ်ပုဒ်မ ၂၀ နဲ့ပါ။ နောက်တသုတ်က မိမိကိုယ်တိုင်ဖြစ်ပြီး မြို့နယ်မှာရှိတဲ့ မဟာမိတ် ပါတီတွေဖြစ်တဲ့ ပြည်သူ့တိုးတက်ရေးပါတီမှ အတွင်းရေးမှူး ရဲဘော်အေးသန်းရယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စည်းရုံးရေးမှူး ရဲဘော် ကျူရှင်ဆရာ ဦးထွန်းမြင့်အောင်ရယ် စုစုပေါင်း သုံးဦးအမှုတွဲဖြစ်ပါတယ်။ ပုဒ်မ ၅၀၅ (ခ) ဖြစ်ပါတယ်။ နောက် တတိယအသုတ်ကျတော့ အထွေထွေအတွင်းရေးမှူး ရဲဘော်ကျော်တင့်ဦး အဖမ်းခံရပါတယ်။ သူကတော့ ပြည်သူ့တိုးတက်ရေးပါတီ တွဲဘက်အတွင်းရေးမှူး ရဲဘော် ဇော်ဖေနှင့် အမှုတွဲဖြစ်ပါတယ်။ ပုဒ်မ ၂၀ ဖြစ်ပါတယ်။ နောက်ဆုံးအသုတ်ကျတော့ မြို့နယ်စည်းရုံးရေးကော်မတီဝင် ရဲဘော်ဂျပန်ကြီး (ခေါ်) ကျော်မျိုးသန့်နဲ့ ပြည်သူ့တိုးတက်ရေးပါတီက မြို့နယ်စည်းရုံးရေးမှူး ရဲဘော်ကျော်ဇံလှတို့ ဖြစ်ပါတယ်။ ရဲဘော်ဂျပန်ကြီးခေါ် ကျော် မျိုးသန့်ဟာ မအူပင်အကျဉ်းထောင်ထဲမှာပဲ အသည်းထဲ ၀မ်းကိုက်ပိုးဝင်ရောဂါနဲ့ ကျဆုံးခဲ့သူဖြစ်ပါတယ်။

ဒီနေရာမှာ ပြောချင်တာက အတွေးအခေါ်ကိစ္စဖြစ်ပါတယ်။ ကျောင်းသားပါတီရဲ့ နယ်မြို့ကလေးက စည်းရုံးရေးမှူးတွေ အခုလို လယ်သမား တွေဖက်က ရပ်တည် စာဖြန့်ဝေလို့ ဆက်တိုက်ဖမ်းဆီးခံနေရတာကို အချို့က ဒီလုပ်ရပ်နဲ့တိုက်ပွဲပုံသဏ္ဌာန်ဟာ မှားတယ်လို့ဆိုပါတယ်။ ထောင်ထဲရောက်ရင် ဘာမှလုပ်နိုင်တော့မှာမဟုတ်ဘူး။ အပြင်မှာ အများကြီးလုပ်လို့ရတယ်လို့ ဆိုပါတယ်။ ကျနော်တို့ကလည်း ဒါဟာ မြေပေါ်ပါတီတရပ်ရဲ့ ပါတီဝင်တွေဟာ ဒီမိုကရေစီ ဗဟိုဦးစီးစနစ်ကိုနာခံပြီး အပြင်မှာလုပ်ရမယ့်၊ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးအလုပ်ကို လုပ်တာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။ အဓိကအချက်ကတော့ ကိုယ့်ပါတီ၊ ကိုယ့်တာဝန်၊ ကိုယ့်လုပ်ဟန်အပေါ်မှာ အတွေးရှင်း၊ အမြင်ရှင်း ရပ်တည်ချက် ရှင်းနေဖို့လိုတယ်လို့ အားလုံးကခံယူကြပါတယ်။ ကျန်သုံးယောက်က သူတို့လည်း စာဆက်ဖြန့်မယ်။ သူတို့လည်း ဖမ်းရင်ခံ မယ်ဆိုလို့ တားရပါသေးတယ်။

အချုပ်ဝင်စာလာတွေ့သူတွေနဲ့ အကျိုးအကြောင်းရှင်းပြရတယ်။ ဒါလောက်ဆို ဒို့မြို့နယ်က ဗဟိုညွှန်ကြားချက်အပေါ်မှာ တာဝန်ကျေပြီ။ ကျန်သုံးယောက်က ပါတီကို ဆက်သယ်ဆောင်ပါပေါ့။ သူတို့က အများဆုံးဖြတ်ချက်မို့သာ လိုက်နာကြတယ်။ စိတ်ထဲကတော့ သိပ်မကျေ နပ်ချင်ကြပါဘူး။ ဒါဟာ သိပ်ချစ်ဖို့ကောင်း၊ တန်ဖိုးထားစရာကောင်းတဲ့ တိုက်ပွဲဝင်ကျောင်းသား စိတ်ဓာတ်လို့ပြောရပါလိမ့်မယ်။ စီရင်ချက် ချပြီး ထောင်ဒဏ်ချမှတ်လိုက်တော့ မအူပင်အကျဉ်းထောင်မှသည် တွံတေး ရွှေသူဌေး ရဲဘက်စခန်း၊ ယင်းမှသည် အင်းစိန်ထောင်သို့ ရောက်ရှိခဲ့ပါတယ်။

ထောင်ထဲစတင်ရောက်ရောက်ချင်း မိတ်ဆက်ခံရတာက အကျဉ်းသားမှတ်ပုံတင်ရာမှာ အမှုအမည်ကို အမေးခံရတာပါပဲ။ ဘာမှုလဲလို့ မေး တော့ နိုင်ငံရေးမှုလို့ဖြေတယ်။ တကယ်လည်း နိုင်ငံရေးလုပ်လို့ ထောင်ချခံရတာကိုး။ ဒါကို ဟေ့ ဒီမှာ နိုင်ငံရေးမှုမရှိဘူးကွ၊ နိုင်ငံရေးလုပ် တဲ့သူတွေကို မဖမ်းဘူး။ အပြစ်ရှိတဲ့သူတွေကိုသာဖမ်းတာတဲ့။ ဒါ့ကြောင့် ခု ဗိုလ်သိန်းစိန်ပြောနေတဲ့ နိုင်ငံရေးမှုနဲ့ဖမ်းတာမရှိဘူးဆိုတာ သိပ်တော့ဆန်းလှတယ် မဟုတ်ပါဘူး။ စစ်အာဏာရှင်ဆိုတာမျိုးက ဗြောင်လိမ်ရမှာကို မရှက် မကြောက် လုပ်ဝံ့ကြသူတွေပဲ။ ဟစ်တလာမှ ဒီကနေ့ စစ်အာဏာရှင်တွေအထိပါပဲ။

စိတ်မကောင်းစရာဖြစ်ခဲ့ရတာက မိမိရဲ့ကျောင်းသားပါတီကိစ္စပါ။ ထောင်ထဲမ၀င်ရခင်မှာ ပါတီနှစ်ခြမ်းကွဲဖို့ ဖြစ်လာခဲ့ပါတယ်။ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေကြား (ရဲဘော် မိုးသီးဇွန်နဲ့ ရဲဘော်မိုးဟိန်း၊ ရဲနိုင်အောင်တို့အကြား) ဖြစ်တဲ့ပြဿနာမီးပွားကလေးတွေက စတယ်လို့ သဲ့သဲ့ကြားနေခဲ့ပါတယ်။ ဗဟိုကနေ ဥရောပက မီလိုဗန်ဂျီးလာစ်ရဲ့ လူတန်းစားသစ် (new class) ကို အခြေခံမှီငြမ်းထားတဲ့စာနယ်တွေကို ဖြန့်ဝေလိုက်ကတည်းက တခုခုတော့ဖြစ်တော့မယ်ဆိုတာ စိတ်ထဲကထင်မြင်နေမိပါတယ်။ နောက်တော့ `ကြိုးမဲ့ လေတံခွန်´ စာတမ်း ထွက်လာပါတယ်။ ဥက္ကဋ္ဌလုပ်သူမှာ ထောက်လှမ်းရေးကလိုက်ဖမ်းနေတဲ့အတွက် တောခိုသွားကြာင်းသိရတယ်။

၁၉၉၀ မေလမှာ ရွေးကောက်ပွဲလုပ်ပါတယ်။ အင်နယ်ဒီ အပြတ်အသတ်နိုင်ပါတယ်။ မှော်ဘီ၊ ကိုကိုးကျွန်း၊ မင်္ဂလာဒုံ တို့လို စစ်တပ်အခြေစိုက် နယ်များမှာပါ ဒီမိုကရေစီက ပြတ်ပြတ်သားသား နိုင်ခဲ့တာပါ။ အင်းစိန်ထောင်ထဲက ထောင်ဝန်ထမ်းတွေရဲ့ တီးတိုးပေး သတင်းစကားတွေ အရကို ဒီမိုကရေစီအောင်ပွဲသတင်းတွေ ကြားနေရတာဖြစ်ပါတယ်။ သူတို့ကလည်း ခမောက်ကိုမဲထည့်ခဲ့သတဲ့။ သူတို့လည်း ဒီမိုကရေစီ ငတ်မွတ်နေတဲ့ ပြည်သူတွေထဲက ပြည်သူတွေပါပဲ။ ညနေပိုင်းမှာတော့ စစ်အုပ်စုရဲ့ ဘီလူးဗီဇကို ကပြအသုံးတော်ခံပါတော့တယ်။ နိုင်ငံရေး အကျဉ်းသား အတော်များများကို အဆောင်၊ အကျဉ်းတိုက်တွေကနေ ခေါ်ထုတ်လာပါတယ်။ ခြေကျင်း ရိုက်တယ်။ ညပိုင်းမှာ သီးသန့် ဆောင်ကို ပို့တယ်။ မနက် မိုးမသောက်မီ မြို့၊ နယ် အကျဉ်းထောင်အသီးသီးဆီ ခွဲပြီးပို့လိုက်ကြပါတယ်။ ဟိုတုန်းကလို ကိုကိုးကျွန်း အကျဉ်းစခန်းသာရှိနေခဲ့ရင် ကမ်းမမြင် လမ်းမမြင် ကိုကိုးကျွန်းကိုပို့မှာ သေချာပါတယ်။

ရွေးကောက်ပွဲမတိုင်မီ န၀တစစ်ခေါင်းဆောင် ဗိုလ်စောမောင်ရဲ့ ကမ္ဘာသိ ကတိစကားတွေဟာ ရွေးကောက်ပွဲအပြီးမှာတင် ယုံတမ်းပုံပြင်ဖြစ် သွားခဲ့ပါတယ်။ ခုခေတ်စကားနဲ့ပြောရရင် `အရူးသိုင်း ကတယ်´ လို့ ပြောရမှာပါပဲ။ မည်သို့ဖြစ်စေ ၁၉၉၀ ရွေးကောက်ပွဲဟာ ၈၈၈၈ အရေး တော်ပုံကြီးရဲ့အဆက် လူထုရဲ့ ဒီမိုကရေစီတိုက်ပွဲဖြစ်တယ်။ တပ်ဦးပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်တယ်။ အဖွဲ့ချုပ်ရဲ့ အထွေ ထွေ အတွင်းရေးမှူးဖြစ်သူဟာ နေအိမ်မှာ အကျယ်ချုပ် ချုပ်ခံထားရတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဟာ လူထုကြီးရဲ့တိုက်ပွဲဝင် အောင် သီးအောင်ပွင့်ဖြစ်တယ်။ ၁၉၉၀ အောင်ပွဲရလဒ်ကို မြဲမြဲခိုင်ခိုင်ကိုင်စွဲရင်း ဒီမိုကရေစီပန်းတိုင်ကို မရောက်ရောက်အောင် တိုက်ပွဲဝင် ချီတက် ဖို့ပဲ ဖြစ်ပါတယ်။

ထောင်ထဲမှာ ရွေးကောက်ပွဲရဲ့အောင်ပွဲရလဒ်ကနေ ဒီမိုကရေစီကို အိပ်မက်မက်ခဲ့တယ်။ ရွေးကောက်ပွဲရလဒ်ကိုကိုင်စွဲပြီး အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ်နဲ့ လွတ်တော်ကိုယ်စားလည်များဟာ လူထုအတွက် ဒီမိုကရေစီအရေးကို ဘယ်သို့ ဘယ်ပုံ တိုက်ပွဲဝင်ကြမလဲပေါ့။ ၁၉၉၀ ခုနှစ် ဇူလိုင်လ ဂန္ဒီခမ်းမမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြီး ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလည်တွေ အစည်း အဝေးခေါ်ထားပါတယ်။ အဲဒီ ဂန္ဒီခမ်းမ အစည်းအဝေးကနေ လူထုအတွက် လူထုတင်မြောက်လိုက်တဲ့ လွတ်တော်ကိုယ်စားလှယ်တွေဟာ လုပ်သင့်လုပ်ထိုက်တဲ့ ဒီမိုကရေစီ အစိုးရကို ဖွဲ့စည်းလေမလား ။ န၀တရဲ့ကတိစကားကို တရားမျှတတဲ့ ဒီမိုကရေစီ အစိုးရဖွဲ့စည်းခြင်းဖြင့် လူထုကို ဒီမိုကရေစီ ဘက်ကမ်းသို့ ဦးဆောင်ကာ ပို့လေမလား … ။ လူထုကလည်း ၈၈၈၈ အရေးတော်ပုံကြီးတုန်းကလို ဒီမိုကရေစီ အစိုး ရသစ်ကို ၀ိုင်းရံဖို့အသင့်၊ လိုအပ်ရင် လူထုတိုက်ပွဲတွေ ကျင်းပတိုက်ပွဲဝင်ဖို့ အဆင်သင့်ပါ။ ရင်ခုန်ရလွန်းတဲ့ အချိန်ကာလများ ….။

ဂန္ဓီအစည်းအဝေးဟာ လူထုရဲ့ ဒီမိုကရေစီအတွက် တိကျတဲ့ အဖြေထွက်မလာပဲ ပြီးဆုံး သွားပါတယ်။ အာဏာရ စစ်အစိုးရကို ကတိအတိုင်း လွတ်တော်ခေါ်ပေးဖို့ … အချိန်သတ်မှတ်ချက်ပေးဖို့ အသံမျှသာ …။ စစ်အုပ်စုကလည်း ၁/၉၀ အမိန့်ကြေညာချက်နဲ့ ပါတီတွေကို အကြပ် ကိုင် လက်မှတ်ထိုးခိုင်းစေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်လို့ ပါတီများ လက်မှတ်ထိုးခဲ့ကြပါတယ်။ ဒီမိုကရေစီအစိုးရသစ် အိပ်မက်သည်ကား ရွှေပြည်တော် မျှော်တိုင်းဝေးခဲ့ပြီလား …။ လွမ်းပါတယ် ထိုအချိန်က ရန်ကုန်ညများဆီ …။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts