>Aung Way – Remembrance – 6

>

တမ်းတမ်းတတ အလွမ်းများ (၆)
အောင်ဝေး
နိုဝင်ဘာ ၁၃၊ ၂၀၁၁

(ဒီတပတ်မှာ-ကဗျာဆရာတွေဖြစ်ကြတဲ့ ဆရာဒဂုန်တာရာနဲ့ မောင်ချောနွယ်တို့ရဲ့ ကဗျာတွေကနေ၊ တိုက်ပွဲအနုပညာဆိုတဲ့အကြောင်း တင်ပြထားပါတယ်)


အားလုံး မင်္ဂလာပါ။
ဒီတခါ “မာယာ“ အကြောင်းပြောပရစေ။ လောကမှာ မာယာရှိတယ်။ အနုပညာမှာ မာယာရှိတယ်။ တော်လှန်ရေးမှာ မာယာရှိတယ်။ မာယာလို့ပြောလိုက်လို့ “မာယာပရိယာယ် နှစ်သွယ်ယှက်လို့၊ ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့ပြီ“ ဆိုတဲ့ စန္ဒရားချစ်ဆွေရဲ့ “မွှေးလွန်းသည့်ပန်း“ သီချင်းလောက်ပဲ၊ ပြေးမြင် သတိရတာမျိုး မဖြစ်စေချင်ပါဘူး။

ဟိုး လွန်ခဲ့တဲ့ အနှစ်(၂၀)လောက်က ဆရာဒဂုန်တာရာက “မာယာ“ ဆိုတဲ့ ကဗျာရှည်ကြီး တပုဒ် ရေးခဲ့ဖူးပါတယ်။ အဖြူထဲမှာ အဖြူရှာရ၊ အနက်ထဲမှာ အနက်ရှာရ ဆိုပြီး၊ လောကသဘောကို ဆရာဒဂုန်တာရာ ရေးခဲ့တာပါ။

ကွယ်လွန်သူ ကဗျာဆရာ မောင်ချောနွယ်ကလည်း “လောကမှာ မိတ်ဆွေစစ်စစ်နဲ့ ရန်သူစစ်စစ်၊ ဒီနှစ်မျိုးပဲရှိတယ်“ လို့ ပြောခဲ့ဖူးပါတယ်။ မိတ်ဆွေထဲမှာ မိတ်ဆွေရှာရ၊ ရန်သူထဲမှာ ရန်သူရှာရတဲ့ လောကသဘောဟာ ဆရာဒဂုန်တာရာ ရေးဖွဲ့ခဲ့တဲ့ မာယာပါပဲ။

ဆရာဒဂုန်တာရာကလည်း ကဗျာဆရာ၊ မောင်ချောနွယ်ကလည်း ကဗျာဆရာ၊ ကဗျာဆရာတွေက အနုပညာမှော်ဝင်ပြီး၊ လောကကြီးရဲ့လျှို့ဝှက် ရှုပ်ထွေးတဲ့ ပရိယာယ်တွေကို နားလည် ခံစားနိုင်ကြတယ်။ သို့တည်းမဟုတ် ခံစားမှုနဲ့ နားလည်နိုင်ကြတယ်။

စကားကြုံလို့ ကဗျာ့သဘောသဘာဝကို နည်းနည်း ပြောရရင်၊ ကဗျာရဲ့ ပင်စည် ပင်မမှာအခက်အလက်ကြီးနှစ်ခု ရှိပါတယ်။ တခုက ကဗျာမှာအသံ လို့ ဆိုတဲ့၊ စကားသံ အလုပ် လုပ်ပုံပါ။ နောက်တခုက ကဗျာမှာမာယာ လို့ခေါ်တဲ့ ကဗျာအတတ်ပညာပါ။ တနည်းအားဖြင့် ကဗျာ့နည်းပရိယာယ်ပါ။ ကျနော်တို့က အဲဒါကို မာယာလို့ သတ်မှတ်တာပါပဲ။

မာယာလို့ ပြောလိုက်တာနဲ့ တပြိုင်နက်တည်း၊ ပျော့ပျောင်းမှုဆိုတာ ပါလာပြီ။ ဆုတ်သာတက်သာရှိတဲ့ သဘောလည်း သက်ဝင်လာပါပြီ။ မာယာရဲ့သဘောအရ ဆိုရင်၊ ဥပမာ-နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ သံခင်းတမန်ခင်း ဆိုတာ ရှိမယ်။ ဥပမာ- နိုင်ငံရေးနယ်ပယ်မှာ ဆိုရင် တွေ့ဆုံဆွေးနွေးရေးဆိုတာ ရှိမယ်။ ဥပမာ- လူမှုရေးနယ်ပယ်မှာလည်း မိတ်ဖြစ်ဆွေဖြစ်ဆိုတာ ရှိမယ်။ အဲဒီလိုရှိလေတော့ ဘယ်နယ်ပယ်မှာပဲ ဖြစ်ဖြစ်၊ မာယာလို့ဆိုလိုက်ရင်၊ အလျှော့အတင်း ဆိုတဲ့သဘောလည်း ပါဝင်လာပါပြီ။

ကျနော် အဓိကပြောချင်တဲ့မာယာက တော်လှန်ရေးရဲ့ မာယာပါ။ ကျနော်တို့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုက်ပွဲရဲ့ မာယာပါ။ ကျနော် နားလည်သလောက် ပြောကြည့်ပါမယ်။ “တိုက်ပွဲအနုပညာ“ ဆိုတာ ရှိတယ်။ အင်္ဂလိပ်လို Art of struggle လို့ ခေါ်ပါတယ်။ အဲဒါမာယာပါပဲ။ တနည်းအားဖြင့် တိုက်ပွဲရဲ့နည်းနာ၊ တိုက်ပွဲရဲ့ပရိယာယ်ကို ဆိုလိုတာပါပဲ။

ဥပမာ- စစ်တိုက်တဲ့အခါ၊ ခွာစစ်၊ ဆုတ်စစ်၊ ချီစစ် ဆိုပြီး ရှိတာမျိုး။ ပြီးတော့ ခံစစ်၊ ထိုးစစ်။ ခံစစ်မှာလည်း ခံစစ်ရှင်နဲ့ခံစစ်သေ ဆိုတာမျိုး။ နေရာယူစစ်ပွဲ ရှိသလို၊ လှည့်လည် ပြောက်ကျားစစ်ပွဲလည်း ရှိတာမျိုးပါ။ စစ်ပွဲတွေရဲ့သဘော သဘာဝမှာကိုက သေနင်္ဂဗျူဟာနဲ့ နည်းပရိယာယ်(တချို့အခေါ် မဟာဗျူဟာနဲ့ နည်းဗျူဟာ) ဆိုပြီး ရှိတာ မဟုတ်လား။

ကျနော်တို့က စစ်တိုက်နေတာတော့မဟုတ်ပါဘူး။ ကျနော်တို့ တိုက်နေတာက နိုင်ငံရေးတိုက်ပွဲပါ။ နိုင်ငံရေးတိုက်ပွဲမှာလည်း၊ စစ်ရေးတိုက်ပွဲမှာလိုပဲ သေနင်္ဂဗျူဟာနဲ့ နည်းပရိယာယ် ဆိုတာ ရှိတာပဲ မဟုတ်လား။ လွယ်အောင် ပြောရရင် တိုက်ပွဲတပွဲ ဆိုပါစို့၊ အဲဒီ တိုက်ပွဲကိုဆင်တော့မယ် ဆိုရင် တိုက်ပွဲနဲ့ပတ်သက်လို့ တိုက်ပွဲပုံသဏ္ဌာန်နဲ့ ဦးတည်ချက် ဆိုပြီး ရှိပါတယ်။

တိုက်ပွဲရဲ့ဦးတည်ချက်က သေနင်္ဂဗျူဟာဖြစ်ပြီး၊ တိုက်ပွဲရဲ့ပုံသဏ္ဌာန်ကတော့ နည်းပရိယာယ်ကို ဆိုလိုပါတယ်။ တိုက်ပွဲအနုပညာ-Art of struggle လို့ ကျနော်တို့ ရည်ညွှန်းလေ့ရှိတဲ့ စကားက၊ အဲဒီ နည်းပရိယာယ်နဲ့ ပတ်သက်တာပါပဲ။

နိုင်ငံရေးတိုက်ပွဲမှာ ဘယ်အချိန်မှာဖြစ်ဖြစ်၊ ဘယ်နေရာမှာဖြစ်ဖြစ်၊ အနေအထား(၃)မျိုး ရှိနိုင်တယ်လို့ လေ့လာ မှတ်သားခဲ့ရဖူးပါတယ်။ စစ်ရေးမှာလည်း ဒီသဘောရှိတယ်လို့ ဆိုပါတယ်။ ရန်သူနဲ့မိမိ၊ ဘက်နှစ်ဖက်ကြားမှာ ကိုယ်က အင်အားနည်းနေလို့ သေနင်္ဂဗျူဟာ ခံစစ်မှာလား။ ကိုယ်နဲ့သူနဲ့ အင်အားချင်းမကွာဘူးလို့ ဆိုနိုင်တဲ့သေနင်္ဂဗျူဟာ တန်းတူရည်တူ အဆင့်မှာလား။ ဒါမှမဟုတ် မိမိဘက်က အသာစီးရှိတဲ့ သေနင်္ဂဗျူဟာ ထိုးစစ်မှာလား။

ဒီအနေအထား(၃)မျိုးနဲ့ ချိန်ထိုးပြီး၊ ကျနော်တို့ရဲ့တိုက်ပွဲကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ရပါမယ်။ ကျနော်တို့ဟာ ဘယ်အဆင့်မှာပဲ ရှိနေရှိနေ၊ ဘယ်အနေအထားကိုပဲ ရောက်နေရောက်နေ၊ အရေးကြီးတာက ကျနော်တို့ရှိနေ ရောက်နေတဲ့ အဆင့်အနေအထားရဲ့ တိုက်ပွဲ အနုပညာကို နားလည် အသုံးချနိုင်ဖို့ပါပဲ။

မဟာရှစ်လေးလုံး လူထု အရေးတော်ပုံကြီးကနေ၊ ဒီကနေ့ ရွှေဝါရောင် တော်လှန်ရေးအလွန်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြံ့ဖွံ့အစိုးရ သမ္မတကြီး ဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးနေကြတဲ့ မျက်မှောက်ကာလ အထိ၊ ကျနော်တို့ပြည်သူတွေရဲ့ တိုက်ပွဲ ဦးတည်ချက်က စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတောင်းဆိုတဲ့ ဦးတည်ချက်၊ ယနေ့အခေါ် အမျိုးသား ပြန်လည် သင့်မြတ်ရေးပဲ မဟုတ်လား။

ဟုတ်ပါပြီ။ တိုက်ပွဲရဲ့ဦးတည်ချက်က ရှင်းလင်းပြီဆိုရင်၊ တိုက်ပွဲ ပုံသဏ္ဌာန်ကကော ဘယ်လိုပါလဲ။ တိုက်ပွဲပုံသဏ္ဌာန် ဆိုတာ ဖိနှိပ်ခံတွေဘက်က ရွေးချယ်ရတာ မဟုတ်ပါဘူး။ တိုက်ပွဲပုံသဏ္ဌာန်ကို ဖိနှိပ်အုပ်ချုပ်သူတွေဘက်ကပဲ ရွေးချယ်သွားတာပါ။ မုဆိုးစိုင်သင် ဆိုတဲ့သဘော ဖြစ်ပါတယ်။

ဒီကနေ့ အကြမ်းမဖက်တော်လှန်တဲ့နည်း၊ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းဟာ၊ ဒီနေ့ တိုက်ပွဲပုံသဏ္ဌာန်ဆိုရင်၊ ကျနော်တို့ဟာ အောင်ပွဲကို အရောက် ပို့ဆောင်ပေးနိုင်မယ့်၊ လူထုနဲ့ ခေါင်းဆောင်ကြားမှာ သဟဇာတဖြစ်နေမယ့်၊ သမိုင်း လက်တွေ့လည်း ကျတဲ့ မာယာပရိယာယ်ကို နားလည်ဖို့ လိုပါတယ်။ ဒီအချက်ကို တိုက်ပွဲ လမ်းကြောင်းပေါ်မှာ တစိုက်မတ်မတ် ချီတက်နေတဲ့သူတွေက ပိုပြီး သိမြင် သဘောပေါက်နိုင်ပါတယ်။

တိုက်ပွဲအနုပညာ ဆိုတာ ရှိတယ်။ ကျနော်တို့ မမေ့ကြဖို့ပါပဲ။

နားဆင်တဲ့အတွက် ကျေးဇူးပါ။ ။

အောင်ဝေး
အောက်တိုဘာ ၃၁-၂၀၁၁။

မူရင်း – လွတ်လပ်တဲ့အာရှအသံ http://www.rfa.org/burmese

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts