>Mar Mar Aye – 393

> “ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၃၉၃)

၁၉၇၄ နဲ့ စင်တင်ဂီတ
မာမာအေး
စက်တင်ဘာ ၁၁၊ ၂၀၁၁


photo: kyi may kaung


BBC က အသံလွှင့်ခဲ့သည့် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – အရင်တပတ်က နားထောင်မိတယ် ဆိုရင်ဖြင့် ကိုယ့်ဂီတ လောကမယ် ကိုယ့်အချင်းချင်း ယဉ်ကျေးမှု မတိမ်းစောင်း မခေါင်းပါးရအောင်လို့ ဖျောင်းဖျ ကွပ်ကွဲစေခဲ့တဲ့အတွက် ကိုယ့်လူမျိုးများအတွက် တစ်ကွက်ကောင်းကျိုး ရနိုးနိုးနဲ့ ရှေ့တိုးဆောင်ရွက်ခဲ့ကြပါသော်လဲ အမုန်းဘဲ အဖတ်တင်လာလိမ့်မယ် ဆိုတာ မှန်းဆနိုင်မယ် ထင်ပါတယ်ရှင်။ အခုလဲ ခေတ်ကြီးက ပြောင်းလွဲနေတာဘဲ ဆိုပြီး ရေးနည်းဆိုနည်း စင်ပေါ်တင်ဆက်နည်းတွေမှာ ကိုယ့်ပြည်တွင်းဖြစ် ရိုးရာ ဂီတတွေကို မတွေ့ရသလောက် ဖြစ်လာတာ မြို့ကြီးတွေဆို ပိုတောင်မှ သိသာပါသေးတယ်နော်။

အခုလို အခြေအနေမျိုး ဆိုက်လာလိမ့်မယ် ဆိုတာ မာအေးတို့ခေတ်က ဂီတသမားတွေမှ ခံစား သိမြင်ကြတာ မဟုတ်ပါဘူး၊ နန်းတွင်း တော်ဝင် ဂီတသမားကြီးတွေလဲ သိခဲ့ကြလို့ နှုတ်တိုက် အာဂုံ မြန်မာ့တေးစုံကို ထိမ်းထားကြပါ၊ သိမ်းထားကြပါ၊ ရင်ထဲမှာ ကျန်မှ တာရှည်ခံလိမ့်မယ် လို့ လက်ဆင့်ကမ်းရင်း မှာခဲ့ကြပါတယ်။ ဒီလိုနဲ့ တဆင့်ကနေ တဆင့် မပျောက်ပျက်အောင် သယ်ဆောင်လာခဲ့တာ ခေတ်တွေလဲ ဖြတ်၊ စစ်တွေလဲ ဖြတ်ခဲ့ပြီပေါ့ရှင်။ ဂီတသမားမှ မဟုတ်ပါဘူး၊ မြန်မာပြည်သူလူထုကလဲ စားဝတ်နေရေး ခုလောက် စိတ်မအေးစရာမှ မရှိဘဲ။ ဘာလေးလုပ်လိုက် လုပ်လိုက် သီချင်းကလေး တအေးအေး နေတတ်ခဲ့တဲ့သူတွေ ဖြစ်တော့ သီချင်းကြီးကြိုက်တဲ့သူကလဲ သီချင်းကြီး၊ ကာလပေါ်ကြိုက်တဲ့သူကလဲ ကာလပေါ်၊ အထူး မကျက်ရဘဲ နှုတ်တိုက်ရနေသလိုဘဲပေါ့။ အားလုံးဟာလဲ ဗမာသံ ဗမာသီချင်း ဗမာစကားလုံး ရှင်းရှင်းချည်းပါဘဲ။

အသံလွှင့်ရုံကလဲ တရုံထဲ ရှိတာ မဟုတ်လား။ တခြားက ကော်ပီဂီတ ဆိုတာ ရေဒီယိုဖြတ်ဖို့ ဝေးသေး၊ ခွင့်ကို မပြုခဲ့တာပါ။ (၁၉၆၅) ခုနှစ်အထိ နိုင်ငံခြား သီချင်းအလိုက် ဗမာစာ သွင်းထားတဲ့ သီချင်းမျိုးကို ခွင့်မပြုခဲ့တာ သေချာပါတယ်။ ဘာကြောင့် ပြောနိုင်သလဲ ဆိုရင်တော့ ကိုယ့်တွေ့ကြုံရလို့ပါ လို့ ပြောရမှာပေါ့ရှင်။ မာအေးရဲ့ ဒီသီချင်းလေး နားထောင်ကြည့်ပါဦး။ ပြီးတော့ ဆက်ပြောတာပေါ့။

လှိုင်းကလေးတွေ ဖွေးကာ ဖွေးကာ ပြာသောကောင်းကင်အောက်မှာ ချစ်စရာ ဆည်းဆာ xxx ချစ်တဲ့သူနှစ်ဦးမှာ မြူးကာ ကြည်နူးနှစ်သိမ့်လျက်ပါ ချစ်စရာ ဆည်းဆာ xxx တူမောင်မယ် အပြုံးရိပ် ယှက်ဖြာ သာသာယာ ခွန်းတုန့်စကားလွှာ၊ ကြည်ဖြူစွာ ထားဂတိဆိုကာ ပြေလည်ပြီးအချိန်မှာ xxx လှိုင်းကလေးတွေ ဖွေးကာ ဖွေးကာ ပြာသောကောင်းကင်အောက်မှာ ချစ်စရာ ဆည်းဆာ xxx တဦးမျက်နှာ တဦးကကြည့်ကာ ရွှင်မြူးအားရ ၀မ်းသာ လန်းဝေဆာ xxx ဆယ်ဆယ်ကမ္ဘာ မခွဲရက်ပါ၊ အသဲနှလုံးမှ ဆုံးဖြတ်ကာ ကြင်ကြင်နာနာ တဦးလက်ကိုတဦးက ယှဉ်တွဲ ချစ်စရာ့ဆည်းဆာ – အို ချိန်ဆည်းဆာ xxx
(ဆည်းဆာမှ)


ဆည်းဆာ သီချင်းလေးပါရှင်၊ ဇမ္ဗူရစ်ရွှေမှာ ပြန်ဆိုထားတဲ့မူပါ၊ မှတ်မိဦးမှာပါနော်။ တချို့ ပရိသဒ်တွေက ဒီသီချင်းကို ကော်ပီသီချင်းလို့ ထင်နေကြတယ် ရှင့်။ မဟုတ်ပါဘူး။ မာအေး ဆိုထားတဲ့ တရေးချစ်ခွင့် မြင်ရနိုး တို့၊ သျှောင်နောက် ဆုံထုံးပါ တို့၊ ဆယ်မိုးဆယ်နွေ မျှော်လေလေဝေး တို့၊ ချစ်သူ့နယ်မြေ တို့၊ တနေ့တော့ မောင်ပြန်လာမည် တို့နဲ့ တခြား နာမည်ကျော် ‘ထား’ တို့ ‘စန္ဒရားချစ်ဆွေ’ တို့ ‘မောင်မောင်ကြီး’တို့အတွက် သီချင်းတွေ အများကြီး ရေးစပ်သွားခဲ့တဲ့ ဂီတစာဆို ကိုလေးညွန့် ကိုယ်တိုင်ရေး သီချင်းလေးသာ ဖြစ်ပါတယ်ရှင်။ ဂီတသံစဉ် ညင်သာကူးပြောင်း တအိအိ ငြိမ့်ညောင်းလှပ အကွက်ကျတော့ နိုင်ငံတကာ တေးတပုဒ်က ရွေးထုတ်ယူရေးတယ်လို့ ထင်လိုက်မှာပေါ့လေ။ မြန်မာ့အသံကြီးကလဲ ဒီလိုဘဲ သံသယဖြစ်လို့ ပြန်တောင် စစ်ဆေးခံရတဲ့ သီချင်းပါဘဲ။ ဒါကြောင့်မို့ (၁၉၆၅) ခုနှစ်ကပါ လို့ သက်သေထူနိုင်တာပါရှင်။ မူလ အသံလွှင့်စဉ်က ရှေ့ဆုံးအတောနေရာက သံစဉ်အလိုက်ကို စာမပါ – အသံချည်းဘဲ နှုတ်ခမ်းပိတ်ဆိုတဲ့နည်းမျိုး – အဲ (ဟမ်း) လုပ်တယ်လို့ ခေါ်တဲ့ အသံမျိုးနဲ့ အဖွဲ့က လိုက်ဆိုထားတာပါ။ အဲဒါကိုတောင် ဗမာနည်းဆို ပုံမျိုး မဟုတ်တယ်ရယ်လို့ ဖြုတ်ခိုင်းတာနဲ့ တခါပြန်ပြီး အသံသွင်းပေးခဲ့ရပါတယ်။ အမှတ်တရပေါ့နော။ ကမ္ဘာကျော်အဆိုတော် ဂျိန်းမော်ဂင် ဆိုထားတဲ့ ‘စတားတတ်(စ)’ သီချင်းအစပိုင်းရဲ့ ရေးနည်းမျိုးနဲ့ ရေးခဲ့တဲ့ သီချင်းလို့ ပြောရမှာဖြစ်ပါတယ်။

ဒီလိုဘဲ တခြားနိုင်ငံက ကြိုက်တဲ့ သုံးတတ်တဲ့ ဂီတသံမျိုးတွေကို ကျေးဇူးရှင် မြ၀တီအဖိုးတို့ လက်ထက်မှာ ယူပြီး စစ်ဆိုတာမျိုး တွေ့ရပါတယ်။ ခေတ်တိုင်းမှာလဲ ရှိခဲ့တာပါဘဲ။ ကနေ့ အခြေအနေကတော့ လွန်တာပေါ့ လို့တောင် ပြောထိုက်တယ်မို့လား။ မေ့ထားလို့ကလဲ မရ ခက်ပါ့၊ ခက်ပါ့။ အရိုးကို အရွက်ဖုံးရင် ဗမာ့ဂီတ အမျိုးပြုန်းနိုင်လို့ ဂီတဖက်သား သတိထားမိသူများက ဂင်္ဂါရေအယာဉ်ကို ကျူပင်နဲ့ တားရတာမျိုးဖြစ်ဖြစ်ပေါ့ရှင်။ ယိုပေါက်လိုက်ရှာ အကြံပေး၊ ကျိုးစားကြပါသေးတယ်။ ပရိသဒ်ဆီရောက်တဲ့ တေးဝင်ပေါက်ဟာ အစက မြန်မာ့အသံတခုထဲပါ။ နောက်တော့ စာပေစိစစ်ရေးအဖွဲ့ ဆိုတာကို စာအုပ်စာပေတွေလိုဘဲ အရုပ်တွေ အသံတွေနဲ့ တွဲနေတဲ့ သီချင်း စာစစ်ဖို့ရာ တင်ပြရပါရော။ စာသားအပေါ်မှာတော့ အဆိုအမိန့်တွေနဲ့ ညှိနှိုင်းဆုံးဖြတ်လို့ ရပေမယ့် အသံဖက်ကျတော့ စစ်ပေးတဲ့အရာရှိက ဘာသိမှာလဲ။ စာသားက သူတို့နဲ့ လက်ရှိ ပေါ်လစီနဲ့ မညိစွန်းဘူး ဆိုရင် ထုတ်ဝေစေသတည်း ဖြစ်သွားတာကိုး။ အစိုးရဋ္ဌာနချင်း ဘယ်သင်းက ဘယ်လို ဆိုတာ မသိကြလို့ တပေါက်ကပိတ် တပေါက်ကဖွင့် ဖြစ်သွားတာကြောင့် ပိုပြီး လူထုထဲ ရောက်တဲ့သဘောလဲ ပါနေတာ တွေ့ရတယ်။

ပြီးတော့ (၇၄) ခုနှစ်က အခြေခံဥပဒေ ဆိုတဲ့ ကိစ္စ ရပ်ကွက်အသီးသီး မြို့ရွာအစုံစုံ စုန်ဆန်ကြော်ငြာ ဖွင့်တဲ့အခါ အနုပညာရှင်အသီးသီးလဲ ပါရတာကိုး။ ခေတ်ပေါ် စတီရီယို ဆိုတဲ့ ကလေးတွေက ဒိုးပတ်သံကို စာကပ်တဲ့ ‘မဲရုံ မဲရုံကိုလာ တပြည်လုံး မဲဆန္ဒနဲ့’ လို့ စဆိုရတဲ့ သီချင်းလေးက အချိန်ကာလအလိုက် လူတွေ ခိုက်ကြ ကြိုက်ကြပြန်တော့ သူတို့လဲ ကူကြတာဘဲ ဆိုတဲ့သဘောနဲ့ ယဉ်ကျေးမှု ပဒေသာ လေဟာပြင်ရုံကြီးမှာ ယဉ်ကျေးမှု ကဇာတ် မြန်မာ့အသံ ခေတ်ပေါ် တူရိယာအဖွဲ့နဲ့ အဆိုတော်များ၊ ဂီတကောင်စီဝင် ပြင်ပက နာမည်ကျော် အနုပညာရှင်များ၊ သဘင်ကောင်စီ၊ ရုပ်ရှင်ကောင်စီဝင်များနဲ့အတူ စင်ပေါ်မှာ ဖျော်ဖြေခွင့် ပေးခဲ့တာကတော့ ဂီတကောင်စီ နာယက တာဝန်ခံအဖြစ် ကြီးကြပ် ဆောင်ရွက်ခဲ့တဲ့ ‘မှူးသပြေ’ ခေါ် ဗိုလ်မှူးကြီး အရမ်းသန်းညွန့် လက်ထက်မှာဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts