>Mar Mar Aye – 364

>

“ပြောစရာတွေလည်း တပုံကြီး ရှိသေးတယ်”အမှတ် (၃၆၄)

သဘင် ပညာရှင်များ

မာမာအေး

ဇန်န၀ါရီ ၂၄၊ ၂၀၁၁

မူရင်း ဘီဘီစီ အသံလွှင့်ချက် နားဆင်ရန် http://www.bbc.co.uk/burmese



သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့ သောတရှင်တွေ ဂီတ၀ါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ အရင်တပါတ်က မာအေးရဲ့ ဆိုဖော်ဆိုဖက် သူငယ်ချင်းနဲ့ ဆက်နွယ်လာတော့ လျော့လိုက်ရတဲ့ နှလုံး သားကို မဟာကဂုဏာရှင်တော် မြတ်စွာဘုရားသခင်ပင့်ရင်း အားပြန်သွင်းခဲ့တာပေါ့ရှင်၊ အဲဒါဟာ “မုံရွာဦးလေးခန့်”လို့ ခေါ်ကြတဲ့ အညာကစာဆို စီစဉ်တဲ့ “အစိန္တေယျ” သီချင်းလို့ မှတ်ထားပေးပါဦး။ မာအေးနဲ့ ခင်တော့ ခင်ကြတာပေါ့နော်၊ အသက်လည်းကွာ အနေလည်း ဝေးတာကိုး၊ ဆွေမျိုးတမျှ ရင်းလှပါတယ်လို့ မဆိုနိုင်ပေမဲ့ ပညာရှင် ၀ါသနာတူသူချင်းမို့ လေးစားရပါတယ်ရှင်၊ ဦးလေးခန့်ဟာ ဇာတ်သဘင်လောက မြန်မာ့ဂီတ သံဆန်းဓလေ့တွေနဲ့ မွေ့ပျော်တတ်တဲ့သူဖြစ်လို့ပါဘဲ။ အညာက ဆင်းလာပြီး အလင်္ကာ ကျော်စွာ ဇာတ်သဘင်လောကထိပ်ခေါင် ရွှေမန်းတင်မောင်ရဲ့ ရွှေမန်းသဘင်မဟာ အတွက် ပြဇာတ်တွေရေး ဇာတ်ဝင်စာတွေ သီချင်းတွေ ရေးသား တင်ဆက်နေချိန်မှာ မာအေးနဲ့ တွေ့ကြတာပါ။

မာအေးရဲ့ပင်တိုင်ဓါတ်ပြား ကုမ္ပဏီ စီးပွားဖက်များဟာ ဦးလေးရွှေမန်းတင်မောင်နဲ့ ခမီးခမက်တွေဖြစ်တဲ့အပြင် ရွှေမန်း ပန်တျာကြည်လင်တို့ ပန်တျာတင်မြင့်တို့ကို မိဘသဖွယ် မြေတောင်မြှောက် စင်ပေါ်အရောက် ပို့ခဲ့ကြသူတွေမို့ပါ၊ ဦးလေးခန့်က ပန်တျာကြည်လင်နဲ့ ပန်တျာတင်မြင့်တို့ ဆိုကြကကြ ဓါတ်ပြား သွင်းနိုင်ကြတဲ့ မြိုင်ထ လာရေးပေးပါတယ်။ သူဟာ မြန်မာ့သံရိုး သံစဉ်တွေနဲ့ ကွဲပြား တမူပွားပြီး “ခွန်နှစ်သံချီမြိုင်ထ” တီထွင်တယ်၊ စစ်ကိုင်းမိုးဇာဗျော ဒိုးချက်တွေ ပရိတ်သတ်ဆီ အရောက်ပို့တဲ့ “မိုးဇာဗျော” ဆရာကြီးလည်း ဖြစ်တယ်၊ မြန်မာ့အသံမှာတော့ သူဆိုတဲ့သီချင်းတပုဒ် ရှိပါတယ် “တောလုံမလေး” ပါတဲ့ရှင်၊ သာသနာရေးပူဇော်ပွဲ တချို့မှာလဲ ဓမ္မလင်္ကာများ လျှောက်ကြားတာ ကြုံဖူးနေလို့ မာအေးက ဦးလေးခန့်ကို ပညာရှင်စာရင်း သွင်းထိုက်တယ် ထင်တာပါ၊ ခေတ်မီတို့ နှစ်နှစ်ဆယ်တို့မှာတော့ သူ့လက်ရာကို မတွေ့မိပါဘူး၊ ကက်ဆက်ခေတ်မှာ ပြဇာတ်တွေ ခေတ်စားတော့ စစ်သည်စောင်းသံသာအေးချိုအတွက် ရှေးက စာဆိုတော်ကြီး ဦးကြင်ဥရဲ့လက်ရာ “ဒေ၀ကုမ္ဘာန်”ဇတ်တော်ကြီး ကို ဇာတ်ညွှန်းရေးဖွဲ့ပေးတဲ့အခါ မာအေးက “ဒေ၀ကုမ္ဘာန်” မင်းသားလေးကို စားမယ်လို့ခိုးယူတဲ့ ဘီလူးမ ဝင်္ကိယအဖြစ် ပြောခဲ့ ဆိုခဲ့ သရုပ်ဆောင်ခဲ့တာလေးတော့ ရှိပါတယ်၊ ဇာတ်ကြီးဂီတပုံစံမျိုး ဆိုင်းဆင့်တွေ ဘာတွေလည်းပါ ရှေးက ကလေးကဗျာ “ဖားကောက်ခဲ့ပါ” ကိုလည်း ဆင့်ပွားသလို ဆိုခဲ့ရပါသေးတယ်။

သနားစဖွယ်မင်းငယ်ငယ် ယုယပိုက်ထွေး နို့ချိုကြွေးမယ်x ဧယာဉ် မှေးစက်ပျော်အောင် အိပ်စက်ကွယ် မျက်ရှုကြေးမုံ၊ သက်လုံးပုံလို့ ချစ်ပါ့မယ်x လူကလေးတဲ့ချော့စရာ သော့မကြာ ဟောဒီမှာ စိတ်မကြည်စရာ မိတ္ထီလာ ကန်တော်အောက်က သနားသလောက် သားတယောက်ကယ်ကြောင့် (ဖားကောက်ခဲ့ပါ)၂xx သားကလေး ကစားရအောင် ဖားကောက်ခဲ့ပါဟေ့ — ဖားပါရင် တကောင်ပေးပါ့ ဖားကြီးတွေ ပါလို့ရှိရင် တကောင်လောက် ပေးခဲ့ပါဦးလို့ စက်ဦးကွယ့် မောင်မရှောင် ၊ မောင်မရှောင် မျက်လုံးရယ်က ကြောင်တောင်တောင် သားမောင် ကစားရအောင် မနှေး ဖားကောင်ကသေးxx

*(ဖားကောက်ခဲ့ပါ)



ကြားခဲ့ရတဲ့ သားချော့တေးဟာ တရံရောအခါက “ဇေယျာဘုမ္မိ” အမည် ရှိတဲ့ တိုင်းပြည့်အရှင် ဘုရင် အသမ္မိန္နနဲ့ လက်ျာစံ မဟေသီမိဘုရား “သုမနဒေ၀ီ”တို့မှာ “မဟာယောဇနဲ့သားငယ်သံယောဇ”လို့ ခေါ်တဲ့ သားတော်နှစ်ပါး ရှိကြပါတယ်၊ သားတော် အကြီး မဟာယောဇရဲ့ ဇာတာဆန်းလဂ် တွက်ချက်စေတဲ့အခါမှာတော့ ခွန်နှစ်ရက်အတွင်း သားစားကြူးတဲ့ ဘီလူးတို့ပြည် ပါလိမ့်မယ်ရယ်လို့ ဗေဒက၀ိန် သုခမိန်က ဟောခဲ့တာကြောင့် တိုင်းပြည်နန်းတွင်း အစောင့်တင်းကြပ် စေ့စပ်နိုးကြား စီမံထားတာ ကိုး၊ ဘုရင့်သွေးသား ခိုးစားဖို့ရာ အလာကြီးလာခဲ့တဲ့ ဘီလူးမင်းနှမ မာယာပေါတဲ့ “ဝင်္ကိယ”ဟာ လူ၏အယောင် ကြံဖန်ဆောင်ပြီး မင်းကြီးရဲ့ သားတော် စက်မပျော် ငိုကျွေး ထိမ်းပေးမယ်အလုပ် တေးတပုဒ်ကို သီဆိုချော့ရတဲ့အခါ သုံးခဲ့တာပေါ့ရှင်။

ရှာရင်းဖွေရင်း စပ်စုနားထောင်ရင်းနဲ့ တချိန်က နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ အငြိမ့်မင်းသမီးကြီး ကောလိပ်မြိုင်ရဲ့ အသံနဲ့အပြောပါ ကြားရပါတယ်၊ အမကြီးကောလိပ်မြိုင်က “ဒေ၀ကုမ္ဘာန်ဇတ်”မှာ မယ်တော်အရင်း သုမနဒေ၀ီ သရုပ်ဆောင်တာလေ၊ တခြား သဘင်ပညာရှင်တွေလည်း ပါသပေါ့၊ အမကြီးနဲ့တော့ မာအေးဖခင် အငြိမ့်ထဲ နှဲဆရာအဖြစ် လိုက်ခဲ့စဉ်ကတည်းက ခင်မင်ခဲ့ရပါတယ်၊ သူတို့အငြိမ့်တွေရဲ့ ရွှေခေတ်မှာ အဆိုပိုင်ပိုင် အက နိုင်နိုင်နင်းနင်း မဟာဂီတသီချင်းကြီးများလဲ ထိန်းသိမ်း ဆက်သွင်းတတ်တဲ့ စိတ်ရင်းကောင်းသူမို့လဲ ရင်ထဲက လွမ်းမိပါတယ်၊ ခေတ်ပေါ် ဆိုတာတွေမပါ ဗမာဂီတနဲ့သာ နေ၀င်ချိန်အထိ သတိနဲ့နေခဲ့တဲ့ အမတော် ဒေါ်ကောလိပ်ရဲ့ ပရိတ်သတ်တွေအတွက် အမှတ်တရပေါ့။

အို —မေမေ့ရင်သွေးလူကလေး မိခင်ဖခင်ငယ်ကျွမ်းဝင်တဲ့xနန်းနှင့်လွဲကာ ဂုမ္ဘာန် ယက္ခသားစားဘီလူးတို့ လက်တွင်းကိုလဲပါရမယ်x လူကလေးရွှေသွေးငယ်၊ အိုသားရယ် သားရယ် သားရယ်၊ မေမေ့ ရင်သွေး ဖြေလဲ မပြေတယ်xx (စကားပြော) တိတ်ပါသားရယ် တိတ်ပါ—ကြာယဉ်—ခလေးမငိုကြစေနဲ့ သားတော်လဲ စက်တော် မူပြီ မြပုခက်ရွှေကြိုး မပြတ်လွှဲကြပေတော့ (မှန်လှပါဘုရား)

*(သားချော့ –ကောလိပ်မြိုင်)



ချစ်ဆွေတို့ကို မာအေး အသံမလွှင့်ဖြစ်လိုက်တဲ့ “ချစ်သူပြောသံ”ကိစ္စ ပြောရင်း ဌေးဌေးမြင့်ကလေးရဲ့အသံ သတိ ပြန်ရအောင် “အစိန္တေယျ” နဲ့ ပြခဲ့တယ်၊ ဒါကြောင့် သီချင်းရေးတဲ့ မုံရွာဦးလေးခန့် အကြောင်း ပြောဖြစ်တာပါ၊ တခါ တွေ့လာပြန်တဲ့ အမကောလိပ်မြိုင် အသံလည်း ပြောလိုက်ပြီနော်၊ မာအေးရဲ့ ချစ်တဲ့ သောတရှင်တွေဟာ ကံကောင်းတယ်လို့ ပြောဖူးတယ်မို့လား ပြောမယ့်ကြံရင် သီချင်းမှန်တွေ ရောက်လာတတ်ပါတယ် ဆိုတာ တကယ်ပါ။

စာစီစာရိုက် – မဲဆောက်မှ မိုးမခ မိတ်ဆွေများ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts