>Maung Yit – Two Thousand Nine and Two Thosand Ten

>

 
နှစ်ထောင့်ကိုး နှစ်ထောင့်တဆယ် တ၀ဲလည်လည်
မောင်ရစ်
ဇန်န၀ါရီ ၂၆၊ ၂၀၁၀
၂၀၁၀ နှစ်ဆန်းမှာ အမေရိကန်ပြည်ကြီးခင်ဗျာ စီးပွားကျဆင်းမှုက ရုန်းထွက်နိုင်ပြီဟဲ့ … လို့ လက်ခမောင်းများ မခတ်နိုင်ရှာပါ။ အိုဘားမားအစိုးရ ကယ်တင်ရှင်ကြီးလုပ်လိုက်တဲ့ ဘဏ်တွေ၊ ငွေကြေးလုပ်ငန်းတွေကသာ အမြတ်တွေ တထောင်းထောင်းထလို့ စံပြအလုပ်သမားခေါင်းတွေကို ဘိုးနပ်ဆိုတဲ့ ဆုကြေး ဒေါ်လာ ဂဏန်း ၈ လုံး ( ×, 00, 000, 000 ) ပေးတော့မယ်ဆိုပြီး တဖောင်းဖောင်း လက်ခမောင်းသံ ထွက်လာပါတယ်။
ဗိုက်ဟောင်းလောင်းနဲ့ အလယ်အလတ် လူတန်းစားတွေမှာ ၂၀၁၀ ဇန်န၀ါရီအထိ အမွဲပုံကြီးထဲက မထနိုင်သော်ငြား၊ အကြွေးသံသရာဝဲသြဃထဲ တလည်လည် ဖြစ်နေသော်ငြား၊ အမေရိကန်အစိုးရကယ်တင်လိုက်တယ်ဆိုတဲ့ ဘဏ်နဲ့ ငွေကြေးလုပ်ငန်းတွေက စတော့ရှယ်ယာတွေ ထိုးတက်၊ အမြတ်တွေ ထွက်ဆိုတော့ အမေရိကန်ပြည်တွင်းမှာ အလုပ်အကိုင်တွေ တောင်ကျရေများ စီးသလို ပေါများကုန်လာပြီလား ဆိုတော့ “အင့်ဟင် …” အလုပ်အကိုင်တွေက ရှားဆဲ၊ အလုပ်လက်မဲ့နှုန်းက လူ သန်း ၃၀ ဖြစ်နေဆဲပါပဲ။
၂၀၀၉ ခုနှစ် အစပိုင်း ၆ လ မှာ လက်ဝဲဆန်တဲ့ ဒီမိုကရက်တွေက အမေရိကန်ပြည်ကြီးမှာ တိုးတက်တဲ့ လွတ်လပ်တဲ့ အတွေးအခေါ် အမူအကျင့်တွေ အားကောင်းပြီ၊ ခေတ်ဆန်းပြီ၊ လက်ယာဆန်တဲ့ ရီပတ်ဘလီကန်တွေရဲ့ ရှေးရိုးဆန်တဲ့ သမရိုးကျ အတွေးအခေါ်တွေ၊ ထုံးတမ်းအစဉ်အလာတွေ အားကုန်လာပြီလို့ ဟေးလားဝါးလား လုပ်လို့မှ အားမရနိုင်သေးခင် ၂၀၀၉ နောက်ပိုင်း ၆ လမှာတော့ လက်ယာဆန်သူ ရီပတ်ဘလီကန်ပါတီကြီးဟာ စီးပွားပျက် မွဲတေနေသူ အလုပ်သမားလူတန်းစား၊ လူလတ်တန်းစားများရဲ့ ဒေါသအိုးကို ကျောခွစီး မောင်းနှင်ပြီး အမေရိကန်နိုင်ငံရေးရဲ့ ရှေ့တန်းကို ပြန်ရောက်လာပါတော့တယ်။
အလုပ်အကိုင်တွေ ရှား၊ အလုပ်လက်မဲ့တွေ များ၊ အကြွေးဆုံး၊ အိမ်ဆုံး၊ စီးပွားပျက်နေသူ အမေရိကန်လူများစုဟာ ၂၀၀၉ မှာမှ စီးပွားပျက်ကပ်ကြီးထဲ ပူပူနွေးနွေးအာဏာရလာသူ အိုဘားမားအစိုးရကြီးတခုလုံးကို ဘိုးဘိုးအောင်တို့၊ ဘိုးမင်းခေါင်တို့၊ အမေပုပ္ပားမယ်တော်တို့လို အထင်တွေ မှားပြီး ၀ လုံးတွေကနေ ရွှေဖြစ် ငွေဖြစ်လို့ စီးပွားပျက်ကပ်ကြီးထဲကနေ ၀ုန်းဆို မည်သို့လုပ်လိုက်သည်မသိ သားရွှေအိုးထမ်းပြီးသား သုဝဏသာမလို ဖြစ်လာတော့မလို မျှော်လင့်ချက်တောင်ပို့ကြီး ထားခဲ့ကြတာကြောင့် ၂၀၀၉ နှစ်ကုန်ချိန်မှာ မဲဆန္ဒရှင်လူထုရဲ့ ဒေါသူပုန်ကို ရင်ဆိုင်ရတော့တာ ဖြစ်ပါတယ်။
သို့သော်လည်း ၂၀၀၉ ခုနှစ်မှာ ထူးခြားတာကတော့ သာမန်ပြည်သူတွေဟာ သူတို့အစိုးရယန္တယားကို မျက်လုံးဒေါက်ထောက်ကြည့်မှုနှုန်း ပိုမြင့်မားလာပါတယ်။ ပြည်နယ်နဲ့ အစိုးရကြီးရဲ့ အမတ်တွေ၊ ဆီနိတ်တာတွေ၊ ဘတ်ဂျက်တွေ၊ ပေါ်လစီတွေ၊ အပြောနဲ့ အလုပ်တွေကို ပိုမိုပြီးတော့ မေးခွန်းတွေ ထုတ်၊ ဝေဖန်စမ်းစစ်မှုတွေ လုပ်လာကြပါတယ်။ အစိုးရတွေ ချမှတ်လိုက်တဲ့ ဥပဒေတွေ၊ စည်းမျဉ်းတွေကို နည်းလမ်းမျိုးစုံနဲ့ ပြန်လည် ထောက်ပြဆွေးနွေး ဆန္ဒပြုကြ၊ ဆန္ဒပြကြတာတွေ လုပ်လာတာကြောင့် ၂၀၀၉ ခုနှစ်တခုလုံး စာနယ်ဇင်းတွေပေါ်မှာ အရပ်သတင်း၊ မိုးလေ၀သတင်းထက် တိုင်းရေးပြည်ရေး သတင်းတွေ များလာတယ်လို့ သုံးသပ်ကြပါတယ်။
အဲသည်လို မဲဆန္ဒရှင်ပြည်သူတွေရဲ့ နိုးကြားမှုတွေ တက်ကြွလာတာနဲ့ တန်းတူဆိုသလိုပဲ နိုင်ငံကြီးတခုလုံးကို ကြိုးကိုင်နေတဲ့၊ ကြိုးဆွဲနေတဲ့၊ အဆုံးအဖြတ်ပေးနေတယ်ဆိုတဲ့ လက်ဝါးကြီးအုပ် လက်ယာ အာဏာသမားများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများကလည်း မဲဆန္ဒရှင်တွေကို သူတို့ဖက်ကို ဆွဲဆောင် စည်းရုံး သိမ်းသွင်းဖို့ကို အစွမ်းကုန် ကြိုးစားဆောင်ရွက်ကြ၊ ငွေကုန်ကြေးကျတွေ ခံလာကြတာကိုလည်း တွေ့ရပါတယ်။
ဆေးဝါးကုမ္ပဏီ၊ ကျန်းမာရေးအာမခံလုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ကျန်မားရေးဆိုင်ရာ အကျိုးဆောင်များကလည်း အိုဘားမားအစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး စီမံကိန်းကို နည်းမျိုးစုံနဲ့ ဝေဖန်၊ တားမြစ်၊ အချိန်ဆွဲ၊ ပျက်ပြားသွားဖို့ နှစ်ဖက်သော လက်ဝဲ၊ လက်ယာပါတီဝင်များ၊ အမတ်များ၊ ဆီနိတ်တာများကို ပေးကမ်း စွန့်ကြဲ၊ မြို့ထဲ ရွာထဲက အသင်းအဖွဲ့များကို မြှောက်ပင့် သွေးထိုး အားပေးပြုလုပ်နဲ့ ဆောင်ရွက်ခဲ့ကြတယ်လို့ MSNBC လို လက်ဝဲဆန်တဲ့ သတင်းဌာနများက စွတ်စွဲကြသလို၊ လက်ယာဆန်တဲ့ Fox News Agency ကလည်း အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး ဆိုတာ ပြည်သူလူထုကို ဆေးထက်လေးစေတယ်လို့ အသံကုန်ဟစ်ပြီး ဆန့်ကျင်ခဲ့တာကို သာဓကအနေနဲ့ ကြည့်ရှုနိုင်ပါတယ်။ အဲသည်အတွက် အထက်ပါလုပ်ငန်းကြီးများက စာနယ်ဇင်းများပေါ်မှာ သုံးစွဲခဲ့တဲ့ ကြော်ငြာဖိုးက ဒေါ်လာသန်း ရာနဲ့ ချီပါသတဲ့။
မည်သို့ပင်ဖြစ်စေကာမူ ၂၀၁၀ မှာ အမေရိကန်ပြည်ကြီး အောင်မြင်မှု သရဖူပြန်ဆောင်းနိုင်ဖို့ကတော့ နှစ်ဖက်သော အာဏာရများ၊ အတိုက်အခံများ အားလုံးပေါ်မှာ မူတည်နေသလို၊ အရင်းမဲ့လူတန်းစားကြီးနဲ့ အရင်းရှင်လူတန်းစားလက်တဆုပ် – နှစ်ဖက်စလုံးပေါ်မှာ အားလုံး မူတည်နေတာကိုတော့ ၀န်ခံကြရပါလိမ့်မယ်။ “ဘယ်သူ့လက်ထဲ တိုင်းပြည်ပျက်ပျက် – ပျက်တဲ့တိုင်းပြည် ငါတို့အားလုံးရဲ့တိုင်းပြည် …” ဆိုတဲ့ အရေးကြီးတဲ့ ဆောင်ပုဒ်ကို အလေးဂရုပြုတဲ့ နိုင်ငံကြီးသားများဖြစ်တဲ့အညီ အိုဘားမားအစိုးရကလည်း ပညာဉာဏ် ဆင်ခြင်မှုအပြည့်နဲ့ ပြင်ဆင်စရာရှိတာ ပြင်ဆင်သလို လူနည်းစု အတိုက်အခံပါတီ ရီပတ်ဘလီကန်များကလည်း အဆိုးဆုံးထဲက အကောင်းဆုံကို ၀ိုင်းပြုပြင်ကြလိမ့်မယ်ဆိုတာကို မျှော်လင့်မိပါတယ်။
၂၀၀၉ ကနေ ၂၀၁၀ ကို အကူး အထက်ပါ တွေးမိသမျှ အာဘော်ကို တင်ပြရင်းနဲ့ ကျနော်တို့ရဲ့ ရွှေပြည်တော် – ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို အကြည့်ရွှေ့ပြောင်းလိုက်မိပြန်တော့ ပြုပြင်ကြဖို့၊ ပြောင်းလဲကြဖို့၊ ရင်ကြားစေ့ကြဖို့၊ လွှတ်တော်၊ ရုန်းတော် ဆိုပြီး ကုန်းအော်နေကြရတာက ကျနော်တို့တတွေရဲ့ ဒီမိုကရေစီဘက်တော်သား အတိုက်အခံများနဲ့ စာနယ်ဇင်းသမားတွေသာ ဖြစ်နေပြီးတော့၊ အလုံးစုံသော အာရုံကို ပိတ်၊ တုံဏိဘာဝေ၊ ဆိတ်ဆိတ်နေပြီး မောင်းတင်ထားတဲ့ သေနတ်ပြောင်းကို ပြည်သူဖက်လှည့်ထားတာကတော့ စစ်အစိုးရမင်းများနဲ့ စီးပွားဖက်၊ အာဏာဖက် အပေါင်းအပါ အသိုင်းအ၀ိုင်းများ ဖြစ်နေကြတာကို တွေ့ရတာမို့ တဆိပ်ကလေးမျှ အားရှိဖို့တောင် မဖြစ်မိကြောင်းပါ။
အနောက်ပြည်မှာကတော့ မဲဆန္ဒရှင်တွေကို ငွေနဲ့ပေါက်၊ ပညာနဲ့ပေါက်၊ အခွင့်အရေးတွေနဲ့ ပေါက်၊ သတင်းတွေနဲ့ ကြော်ငြာတွေနဲ့ ပေါက်ပြီး စည်းရုံးတယ်။ ကျနော်တို့ဆီမှာကတော့ ပေါက်စရာက တမျိုးတည်းပဲ ရှိတယ်ထင်ပါရဲ့။ မျက်ရည်ယိုဗုံးတို့၊ ကျည်ဆံတို့ …
ဘာပဲဖြစ်ဖြစ် – မင်္ဂလာနှစ်သစ် ဖြစ်ပါစေသတည်းပေါ့ …    ။         ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts